………
Double Trouble ဆိုတဲ့စကားလုံးက အနုပညာလောကမှာလူသိများတယ်၊ ဒီနာမည်နဲ့ရုပ်ရှင်တွေသီးချင်းတွေစာပေအနုပညာတွေ များစွာရှိတယ်။ ကိုယ့်အတွက်တော့ နာမည်ကျော်ဘလူးစ်အဆိုတော် စတီဗီရေဗောန်းနဲ့မှ စကြားဖူးတာ။ လောကမှာ ဘယ်အတွေ့ကြုံတွေမှ တစ်စုံတစ်ခုတည်းမလာတတ်ဘူး၊ ၂ ထပ်ရှိမှမှတ်မိဆိုတာမျိုး...ဆိုလိုချက်က နှစ်ဆင့်ထပ်လာတဲ့ထိုးနှက်ချက်တွေဟာ သာမာန်ထက်ပြင်းထန်တတ်တဲ့ သဘာဝပေါ့။
တစ်နေ့က မစန္ဒာခိုင်ရဲ့ စာဖတ်သူများဆိုတဲ့ ပန်းချီပြပွဲကိုရောက်တယ်၊ ခပ်၀၀အမျိုးသမီးပုံတွေ ပုံစံအမျိုးမျိုးနဲ့ သတင်းစာဖတ်နေကြတာ၊ ထူးတာက ကိုယ်လုံးတီးတွေနဲ့...၊ လွတ်လွတ်လပ်လပ်ပဲ..အရောင်ပြင်နောက်ခံတွေထဲ လွင့်လို့..။
မြန်မာပန်းချီသမိုင်းမှာ လူဝကြီးဆိုတဲ့ ဂန္ထ၀င်ပန်းချီလက်ရာတစ်ခုရှိတယ်၊ ဆရာကြီးဦးဘဥာဏ်ရဲ့လက်ရာ။ ဒီပန်းချီကားမှာ လွတ်လွတ်လပ်လပ် စိတ်ပျော်ပျော်နေတတ်ပုံရတဲ့ အလွန်၀တဲ့လူကြီးတစ်ဦးရဲ့အေးအေးဆေးဆေးထိုင်နေတဲ့သရုပ်ကိုဖေါ်ထားတယ်၊ ကမ္ဘာကျော်ဂန္ထ၀င် ပုံတူပန်းချီတွေရဲ့ထုံစံအတိုင်းပဲ ဘယ်သူလဲ၊ ဘာလုပ်နေလဲ၊ ဘယ်လိုအခြေနေလဲဆိုတဲ့ နောက်ခံအကြောင်းအရာတွေပါရှိတဲ့လက်ရာပေါ့။ အခြားတွေ့ရများတဲ့ပုံတူပန်းချီတွေနဲ့ကွဲပြားချက်က အဲဒီနောက်ခံတွေပဲ၊ ပုံတူဆိုတာလှပြီးတူနေရုံနဲ့မထူးဘူး၊ ရွှေငွေရတနာတွေဆင်မြန်းထားရုံနဲ့လဲတန်ဖိုးတက်မလာတတ်ဖူး...။ လူဝကြီးပန်းချီမှာ နောက်ထပ်ပေးတဲ့ရသက အဲဒီအလွန်ဝနေတဲ့ခန္ဓာကိုယ်ပဲ၊ သာမာန်ပုံတူထက်နောက်တစ်ဆင့်ထူးခြားစေတဲ့အလွှာတစ်ခု၊ ကြည့်သူကို ဂရုဏာမုဓိတာအကြင်နာစိတ်တခုခုပွားစေမယ်၊ သို့မဟုတ် လူသားတစ်ဦးရဲ့ပုံပန်းကို တစုံတရာသတိပြုမိဖို့....ရသတစ်ခုထပ်ဖြည့်လိုက်တဲ့အလွှာပေါ့။
ပန်းချီရေးတဲ့မစန္ဒာခိုင်နဲ့ ၉၀ ကျော်နှစ်တွေထဲကခင်မင်သိကျွမ်းတာကြာပြီ..၊ ခပ်ပြုံးပြုံးဖေါ်ဖေါ်ရွေရွေဆက်ဆံတတ်ပြီး အမြဲအေးဆေးတည်ငြိမ်နေတတ်တယ်။ အရင်က ရန်ကုန်မြို့ပြတိုက်ခေါင်မိုးတွေရေးတယ်၊ ပုဂံသဲပန်းချီတွေရေးတယ်၊ ရှုခင်းတွေ လူပုံတူတွေရေးခဲ့တယ်..အခုပြတဲ့ လူဝကြီးတွေစီရီးကိုတော့ သူလုပ်နေတာကြာပြီ၊ တစိုက်မတ်မတ်..ဇွဲနဲ့ကိုလုပ်နေတာပါပဲ။ စတွေ့ဖူးတုန်းက ကင်မရာနဲ့ဓာတ်ပုံရိုက်နေကြတဲ့ မမ၀၀ တွေ၊ကြည့်သူကိုကင်မရာကနေပြန်ကြည့်တဲ့ပုံမျိုး၊ Somebody is watching you ဆိုတဲ့ အိုင်တီခေတ်ဦးစ နိုင်ငံရေးမလုံခြုံမှုသဘောမျိုး၊ ပရိသတ်ကို မလုံမခြုံစိတ်ဖြစ်စေမလားပဲ၊ သူ့ပန်းချီတွေက Don’t look at me, i am shooting you လို့သတိပေးချက်ပေးနေသလိုပဲ။
ဒါက လူတွေရဲ့မိမိခန္ဓာကိုယ်ကမိမိအပေါ်လွှမ်းမိုးချက်(သို့မဟုတ်)ပြင်ပ၀န်းကျင်အပေါ်တုန့်ပြန်ချက်ပဲ၊ လုံခြုံမှုလား၊ ယုံကြည်မှုလား တစ်ခုခုလွန်ကဲခံစားမိတတ်တဲ့ လူ့စိတ်ကိုပေါ်လွင်တယ်။ အခု ပြပွဲကသတင်းစာဖတ်သူ မမတွေလည်းထို့အတူပဲ You watch me or not, I don’t care လို့ပြောနေသလိုပဲ။ ဒါက အနုပညာရှင်ရဲ့၀န်းကျင်အပေါ်ထားတဲ့စိတ်ကိုမြင်ရတယ်၊ မိမိကိုယ်ကိုယ်ယုံကြည်ချက်ထူးထူးကဲကဲပိုမြှင့်လိုက်တဲ့ အီမိုးရှင်းကိုလည်းပြတယ်လို့မြင်တယ်၊ ဒါမှမဟုတ်ရင်တော့ ခေတ်ကာလရဲ့ရိုက်ခတ်မှုအမျိုးမျိုးကို အရွဲ့တိုက်သရော်ထားတာမျိုးပဲ။ သတင်းတွေအဖြစ်ပျက်တွေပြောင်းလဲနေတယ်၊ လူသားဘဝတွေလဲပြောင်းနေတယ်...ကဲဘာတွေဆက်ဖြစ်ဦးမလဲ လာခဲ့ ဆိုတဲ့... လောကကိုခါးစောင်းတင်ချင်တဲ့ ခပ်မာမာစိတ်မျိုး....။
သူ့လက်ရာတွေမှာ ကြည့်သူကိုနှစ်ဆင့်ပေးထားတဲ့ ရိုက်ခတ်မှုတွေ့ရမယ်၊ တစ်ခုက အ၀တ်မဲ့ခန္ဓာကိုယ်။ ပန်းချီလောကမှာ လုံးတီးပုံရေးတဲ့ပန်းချီဆရာဆိုတာသိပ်ရှိလှတာမဟုတ်၊ ရှိပြန်လည်း အလှပန်းချီ(သို့မဟုတ်)ခန္ဓာဗေဒလေ့လာမှုပန်းချီပဲ။ ပန်းချီဆိုတာလှပရှုချင်ဖွယ်ရသပဲလို့ တသက်လုံးစွဲမြဲလာတဲ့ပရိသတ်ကိုလုံးတီးပုံနဲ့ရှော့ရိုက်လိုက်သလိုပဲ။ ဒါက ၀စ်လစ်စလစ်ပန်းချီတွေမှာတွေ့ရတဲ့သဘောပေါ့။ ဒီခေတ်မှာတော့(လုံးတီးပုံပန်းချီက)တွေ့ရများနေပါပြီ။ အခု...
မစန္ဓာခိုင်ကတော့ သာမာန် လုံးတီးမော်ဒယ်ပန်းချီဆိုတဲ့(တပ်မက်စွဲငြိဖွယ်)ရသကို ထိုးဖေါက်ထွက်ထားတယ်။ ကြည့်သူတွေအတွက် နောက်ထပ်ရှော့ခ်တစ်ခုဖြည့်လိုက်တာ၊ လုံးတီး(မော်ဒယ်)ပုံတိုင်းစွဲငြိဖွယ်လှပနေမှာလား..ဆိုတာ တန်ပြန်မေးခွန်းထုတ်လိုက်တာ။
ဒါဟာအမျိုးသမီးနဲ့ဆိုင်တဲ့အစ်ရှုးတခုမဖြစ်နိုင်ဘူးလားလို့မေးရင်...၊ ကိုယ့်အတွက်တော့ အခြားဒဲ့ဒိုးဆန်တဲ့အကြမ်းစားတွေထက် ပိုကြိုက်တဲ့ (ဖီမနစ်)အနုပညာပဲ၊ တကယ်တော့ (ဖီမနစ်)ထက် လူသား(ဟိုမို)နဲ့ပိုသက်ဆိုင်တဲ့သဘောရှိပါတယ်၊ အားလုံးဟာလူသားတွေပဲ။ ခံစားမိတဲ့အတိုင်းဆိုရင် ဟာသဖက်ကိုမရောက်ပဲ ဝေဒနာဖက်ကိုပိုရောက်ပါတယ်။ ပန်းချီသမိုင်းမှာ တိုးတက်လာသမျှအားလုံးဟာ အနုပညာသမားတွေကပဲ အနုပညာကိုတန်ပြန်ဆန့်ကျင်ပြောင်းလဲခဲ့ကြလိုပါပဲ Anti-Art ဆိုတာပဲ။ မည်သူမှဆန့်ကျင်ပြောင်းလဲမလုပ်ခဲ့ရင်ဘယ်အနုပညာလောကမှ မတိုးတက်နိုင်ပါဘူး။
အခု မစန္ဒာခိုင်ရဲ့လုံးတီးမိန်းမတွေက ကြည်သူအပေါ်ရိုက်ခတ်နေတာမပြီးသေးပါဘူး၊ အခြားခံစားမှုတစ်ခုရှိသေးတာက..ကြည့်တဲ့သူတွေအဖို့ အလွန်မွန်းကြပ်စေခြင်းပါပဲ။ အခုပြပွဲရဲ့အခန်းအနေထားကလည်း ပိုပြီးအဲဒီရသကိုပံ့ပိုးပေးနေသလိုပါပဲ..။ ခံစားမိတာဆိုရင် ပုဂံက မနုဟာဘုရားကိုဖူးရင် ဒေသနာထက်ဝေဒနာကိုခံစားရသလိုပါပဲ (နှိုင်းယှဉ်တာတော့မဟုတ်ပါ)။သူ့ပန်းချီတစ်ကားချင်းဟာ ခပ်ရှင်းရှင်းဘွင်းဘွင်း အိုးပင်းဗျူး.. အမျိုးသမီးတစ်ဦး စာထိုင်ဖတ်နေတာပဲ၊ ရီရယ်လစ်ဇင်ပန်းချီလိုနောက်ခံ၀န်းကျင်ရှုခင်းတွေဘာတွေမပါဘူး၊ အရောင်ပလိမ်းပေါ်မှာ အမဲရောင်မျဉ်းရေးချက်တွေနဲ့ မော်ဒန်ခေတ်ဦးပန်းချီကျော် မားတီးစ်တို့ရေးချက်မျိုး Wild beast အထာမျိုးပါပဲ။ သူ့မော်ဒယ်တွေဟာ ”ဒါပဲ” ဆိုပြီး ကျကျနနပြည့်ပြည့်၀၀ပန်းချီကားထဲမှာလွတ်မြောက်နေသလောက် ဒီကားကြီးတွေအပြည့်ချိတ်ထားတဲ့အခန်းထဲကျတော့ ပရိသတ်အားလုံးဟာသေးငယ်သွားသလို မွန်းကြပ်သွားသလိုဖြစ်မှာပါပဲ။ (တိုက်ဆိုင်ချက်က ပြပွဲကိုရောက်ချိန် ကိုယ့်မှာလည်း အပြင်ထွက်တိုင်းချွေးထွက်များတဲ့အကျင့်ကြောင့် မွန်းကြပ်နေတာလည်းဖြစ်နိုင်ပါတယ်)၊ အခြားသူတွေအတွက်ရွှင်လန်းဖွယ်ဖြစ်ချင်လဲဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်... ပြပွဲတစ်ခုနဲ့တစ်ခုဟာ ပေးတဲ့ ရသတွေ မတူတတ်ပါဘူး၊ အဲဒီရသကလည်း ပြထားတဲ့လက်ရာတွေကချည်းပဲပေးတာမဟုတ်ပါဘူး...။
...........................................................
လူသားနဲ့ေ၀ဒနာ။
တစ်ခါက အိုဆာကာခေတ်ပြိုင်အနုပညာပြတိုက်ကြီးမှာ လူသားကိုရှုမြင်ခြင်း ဆိုတဲ့ပြပွဲကြီးတစ်ခုနဲ့ကြုံတယ်၊ ပြပွဲအမည်က Ecce Homo တဲ့၊ခေတ်ပြိုင်အနုပညာတွေထဲက လူသားပုံများလို့ ခေါင်းစဉ်ခွဲပေးထားတယ်၊ ဒီပွဲရဲ့လက်ရာတွေက အများအားဖြင့် ဝေဒနာတွေပဲ၊ လူဆိုတာ ဝေဒနာရဲ့တဏှာယှဉ်ပြီးရပ်တည်ကြတာ၊ တဏှာဟာလူ့ဘ၀ သံသရာလည်ဖို့အဓိကအချက်လို့ ဘာသာရေးမှာဆိုသလိုပဲ၊ လူဟာတစ်စုံတစ်ရာကိုစွဲလမ်းတပ်မက်ပြီးရှင်သန်တယ်၊အလွန်လှတဲ့ခန္ဓာကိုယ်ဆိုရင် သူ့ကိုယ်သူစွဲလမ်းဖို့ပိုများမလားမသိ၊ ပြပွဲရဲ့လက်ရာတွေဟာ မထင်မှတ်စရာနက်ရှိုင်းလှတယ်၊ မိမိမျက်နှာကို မိုနာလီဇာလို၊ အခြားနာမည်ကျော်မျက်နှာတွေလို အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်တဲ့ ပြင်သစ်ပါဖောမင့်အနုပညာရှင်ORLANDရဲ့ ဒေါ်ကူမင်ထရီလဲပါတယ်။ အခုစာရေးနေတုန်း ဒီပွဲထဲက အဖြူမဲဓာတ်ပုံတစ်ခုကို သတိရမိလို့၊ ကြည့်ဖြစ်တယ်(ပုံမှာကြည့်ပါ)၊ Women En Lerge ဆိုတဲ့ဓာတ်ပုံစီရီးတွေရိုက်တဲ့ Toby Edison ဆိုတဲ့ဓာတ်ပုံဆရာရဲ့လက်ရာပါပဲ။ လုံးတီးရုပ်ပုံဆိုတာ လူရဲ့ အသားစိုင်ကို အကာရံမရှိမြင်ရတဲ့အရသာပဲ၊ လူရဲ့အသားဆိုတာ ပြောင်းလဲနေတယ်၊ ချောမွေ့မယ် ရွတ်တွမယ်၊ အဲဒီရသဟာ ဒြပ်မဲ့ပန်းချီတွေက ဆေးရောင်တွေစုတ်ချက်တွေလို မျက်နှာပြင်ထဲဆွဲခေါ်သွားတဲ့ရသပါပဲ။ တစ်နည်း..လူရဲ့စွဲလမ်းမှုတဏှာနဲ့မုန်းတီးစက်ဆုပ်မှုကြားက အလွှာကိုဖြတ်သန်းခိုင်းတာ၊ ပြီးတော့ကြည့်သူရဲ့ သမာဓိကိုစိန်ခေါ်တာမျိုး၊ အပေါ်ယံရုပ်မှာတင်စွဲလမ်းနေဆဲလား ပေါ့..။
မြန်မာပြည်မှာ လူဝကြီးပုံရေးသူတွေရှိပါသေးတယ်၊ ကျနော်တို့မိတ်ဆွေထဲမှာ ကိုမြင့်အောင်ရဲ့ အမျိုးသမီးလူဝကြီးလက်ရာတွေလည်းအပါ၀င်ပါပဲ၊ ထို့အတူ ကိုယ်လုံးတီးပုံပန်းချီဆရာတွေလဲရှိနေဆဲပါ ကိုမြင့်နိုင်၊ ကိုကိုနိုင်၊ ဟိန်းသစ် တို့ရဲ့ လုံးတီးပန်းချီတွေက တစ်မျိုးစီရသပေးပါတယ်၊ပြည်တွင်းမှာပြဖို့အရင်ကခက်ခဲခဲ့မှာပါ။(ရှေးက ၀ထ္ထုသရုပ်ဖေါ်တွေကတော့ချွင်းချက်ပေါ့..)။ ပြပွဲပန်းချီအနေနဲ့ လုံးတီးအမျိုးသမီး(အမျိုးသားပုံတော့ရှားတယ်) ပုံတွေဟာတစ်ကယ်တော့ ပန်းချီအခြေခံဘာသာရပ်မှာ ခန္ဓာဗေဒလေ့ကျင့်မှုနဲ့ဖြတ်သန်းကြဖူးတယ်၊ ဒါပေမယ့် Nude Art ရဲ့သဘောကခန္ဓာဗေဒနဲ့ဘာမှမဆိုင်ဘူး၊ ရှုခင်းတွေကို ရသတစ်ခုပေးဖို့့ရေးသလိုပဲ လူပုံတွေကိုလည်းရသတစ်ခုကိုအခြေခံပြီးဆွဲကြတာပဲ။ ကျောင်းမှာသင်သလို အချိုးစားကျရဲ့လားလို့ဘယ်သူမှတိုင်းမနေပါဘူး။
ဒီထဲမှာ အ၀တ်စားမပါတဲ့အနေထားက အခြားရသတစ်ခုတိုးလာစေတယ်...လူ့စိတ်ရဲ့အတွင်းကျကျသိချင်တဲ့ဥာဉ်ပေါ့။လူဆိုတာ အတွင်းကျကျ ရှင်းရှင်းလင်းလင်းမြင်ချင်တယ်၊ လှို့ဝှက်ထားတာကိုပိုကြည့်ချင်တယ်၊ (မိန်းမပုံမှမဟုတ်) ရှားပါးတဲ့အရာဆိုရင်တွေ့ဖူးချင်တယ်၊နောက်တစ်ခုက လူတွေဟာယဉ်ကျေးမှုကြောင့် အ၀တ်စားတွေ၀တ်ကြရတယ်၊ လူ့သဘာ၀ရဲ့ပိုင်းခြားသိမြင်မှုအရ အ၀တ်စားဟာလိုအပ်တယ်၊ဒါကနီတိတစ်ခုပဲ။ ဒါပေမယ့်အနုပညာရှင်တွေက အဲဒီအတားဆီးကို ချိုးဖေါက်လိုက်တယ်၊ဆန့်ကျင်ပြလိုက်တယ်..အဲဒီမှာ တော်လှန်ခြင်းပါလာပြီ။
တစ်ခုတော့ရှိတယ်...ခန္ဓာဗေဒလေ့ကျင့်ခန်းဆန်တဲ့ မော်ဒယ်အလှပန်းချီတွေ ကမ္ဘာမှာအမြားအပြားရှိတယ်...တစ်ချို့ဆိုအလွန်အထင်ကြီးခုံမင်ကြတယ်..အနုပညာမြောက်လှချည့်ဆိုပြီးအံသြချီးကျူးမကုန်ပဲ၊ (၁၈ ရာစု ရုရှပန်းချီတွေလိုပေါ့) အလွန်လှတယ်၊ ပြင်သစ်ပန်းချီဆရာရေနွားရဲ့ မိန်းမပျိုလေးတွေဆိုအဲဒီရသမျိုးပဲ။ တစ်ချို့ပန်းချီအကယ်ဒမီကျောင်းတွေ ခုထိဒီလိုသင်နေဆဲရှိမယ်၊ သူတို့ကအလှပကိုဦးစားပေတဲ့အတွက် သာမာန်အလှကြည့် ဝါသနာရှင်ပန်းချီအနေနဲ့တော့ ရှိနေဦးမှာပါပဲ၊အခုထိ တူအောင်ရေးနိုင်တာလောက်ကိုအနုပညာမှတ်နေသူတွေအများကြီးလေ။ ပန်းချီသမိုင်းမှာ မိုဒီလျာနီတို့ အီဂွန်ရှီးလ် တို့ဟာဒီလိုအစွဲလမ်းဟောင်းတွေကနေ ခွဲထွက်ဆန့်ကျင်ပြီးလုံးတီးမော်ဒယ်ပန်းချီကနေ အနုပညာအဆင့်ကိုမှတ်တိုင်ထူခဲ့ကြတာအထင်ရှားပါပဲ။ လုံးတီးပုံပန်းချီဆရာသီးသန့်မဟုတ်ပေမယ့် ပီကာဆိုကလည်း လုံးတီးမိန်းမတွေများစွာရေးခဲ့သူပဲ။ ပီကာဆိုရဲ့လုံးတီးပန်းချီကလည်း သူ့ကိုယ်ပိုင်ကွဲပြားတဲ့အကြောင်းရာရှိပြန်တယ်၊ ပီကာဆိုဟာသရုပ်မှန်ပန်းချီကို ဂန္ထ၀င်လက်ရာတွေမီအောင်ရေးနိုင်ပေမယ့် လုံးတီးမိန်းမပုံကို သရုပ်မှန်နဲ့လှသထက်လှအောင်ရေးခဲ့တာမဟုတ်ဘူး၊ သူ့ရဲ့ကုဗဟန်စမ်းသပ်မှုတွေအတွက်ပဲ ကျူဗစ်နဲ့သဘာ၀ချင်းလုံး၀ဆန့်ကျင်နေတဲ့ မိန်းမရဲ့ပျော့နွဲ့နေတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုရွေးခဲ့တာပါ၊ သူ့နည်းသူ့ဟန်ပေါ့၊ မိန်းမရဲ့အားသာချက်ဟာ ပျော့နွဲ့နုညံ့မှုပဲလေ..။
ကိုယ်လုံးတီးပန်းချီနဲ့ပတ်သက်လို့ လူ့အသိုင်းဝိုင်းရဲ့ ထင်မြင်ချက်တုန့်ပြန်ချက်တွေကလည်းအရေးကြီးပြန်တယ်၊ ကိုယ်လုံးတီးပန်းချီဆိုတာခန္ဓာကိုယ်ကောက်ကြောင်းကိုတပ်မက်ပြီးအရသာခံဖို့မဟုတ် အဲဒီခန္ဓာကိုယ်ကနေကျနော်တို့ ဘာတွေထပ်သင်ယူနိုင်မလဲဆိုတာကိုရှာဖွေတာဖြစ်ပါတယ်။ ရှာတွေ့ချင်လဲတွေ့မယ်...သံသရာဝဲဂယက်ဝဲ စွဲလမ်း..မြောချင်လဲမြောနေမယ်ပေါ့....၊ တဏှာကြည့်ကမကျော်နိုင်ရင်တော့ သညာသိကိုရမည်မဟုတ်၊ အနုပညာရှင်တွေအတွက်ဝဲသြဂဆိုတာနှင်တံလို ချွန်းလိုမျိုးပဲ နာကျင်စွာခိုင်းစေတယ်၊ အဲဒီကနေ ရလဒ်တစ်ခုကျန်ရစ်ခဲ့တယ်။ ဒီလို ရမ္မက်ဇောတွေကိုယ်စီနဲ့ အာရှ၊ တရုတ်ဂျပန်နိုင်ငံေတွမှာလည်း မော်ဒန်စဦးခေတ်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကိုယ်လုံးတီးပန်းချီတွေများစွာဖန်တီးခဲ့ကြခဲ့တယ်၊ ခုထိလည်း တနည်းတဖုံဖန်တီးနေကြဆဲ။
ပန်းချီဆရာတွေဟာ လူ့အသိုင်းဝိုင်းရဲ့လက်ခံမှုနဲ့ တားမြစ်ချက်တွေကိုဆန့်ကျင်ချင်တဲ့စိတ်နှစ်ခုကြား ကြိုးတန်းလျှောက်ကြသူမျိုးတွေပါပဲ။ (ဘာလို့ ကျနော်တို့ကအများလက်ခံသလောက်ပဲလုပ်နေရမှာလဲ..)ဒါဟာ အနုပညာရှင်တွေကို ခေတ်တိုင်းမှာမေးနေတဲ့မေးခွန်းပါပဲ။ တားမြစ်ထားတဲ့သစ်သီးဟာအဆိပ်ဖြစ်ချင်ဖြစ်မယ်... တစ်ကိုက်တော့ကိုက်မှာပဲ။ ဒီလိုစမ်းသပ်ချင်တဲ့ဥာဉ်မရှိပဲနဲ့ ဘယ်လောက်ရဲရင့်ပါတယ်ဆိုဆို အနုပညာအတွက်တော့မထူးလှပါဘူး။ အပေါ်ယံပျော်ရွှင်သာယာစရာ အနုပညာတွေထဲမှာနေရစ်ပါ။ ချမှတ်ထားတဲ့စည်းမျဉ်းအောက်ကသွား၊ အများညီတဲ့အယူအဆတွေနောက်လိုက်၊ ပြားပြား၀ပ်အနုပညာရှင်မျိုးအတွက်တော့ ဒီလိုအဆိပ်သီးမျိုးကို ရဲရဲမော်ကြည့်ရဲမည်မဟုတ်ပါ၊ ကိုခင်၀မ်းပြောဖူးသလို စောင်းတီးလုံမပျိုနဲ့ပဲ ပြီးသွားမှာပါ။ တစ်ကယ့်ခေတ်ပြောင်းတော်လှန်ရေးမှာအစွန်းရောက်နေတဲ့ Cutting Edge တွေသာထင်ရှားကျန်ခဲ့ပြီး သူတို့ကြောင့်ပဲနောက်တစ်ခေတ်ကိုကူးနိုင်ကြတာပါ။
“Naked Came I” ဆိုတဲ့ပန်းပုဆရာ ရိုဒင့်ဇာတ်လမ်းကိုနားလည်ခံစားနိုင်ရင် ကိုယ်လုံးတီးဆိုတာဘာလဲဆိုတာမြင်နိုင်ပါပြီ။ အနုပညာပြပွဲတွေဟာတိုင်းပြည်ရဲ့ဥာဏ်ရည်ကိုခန့်မှန်းနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်၊ မြန်မာပြည်ဟာ တကယ့်အပြောင်းလဲတွေကိုရဲရဲရင်ဆိုင်ခဲ့ဖူးပြီလား...မသေချာလှပါ၊ အနုပညာအသိမှာ နောက်ထပ်နှစ်(၁၀၀) နောက်ကျမကျန်ခဲ့စေလိုတော့ပါ..ခင်ဗျား...။
(ဒီဆောင်းပါးအတွက် ပန်းချီမစန္ဒာခိုင်ကိုအထူးကျေးဇူးတင်ရှိပါတယ်)။
လေးစားလျှက်.....
အောင်မြတ်ဌေး။
No comments:
Post a Comment