ထင်ပေါ်ကျော်ကြားမှုကိုသိပ်ကြိုက်လွန်းရင် ဘာမှအခြေခံမသိခင်performanceတွေထုတ်ပြဖို့ကြိုးစားမိတတ်ပါတယ်။
ကျနော်တို့ပါတ်ဝန်းကျင်ကလည်း အဲ့လိုလုပ်ဖို့ အမြဲတွန်းအားပေးနေတယ်။ ခုနစ်နှစ်သား ကလပ်စစ်ကယ်ဂစ်တာသမားလေး၊ ဆယ်နှစ်သားPiano ဆရာ၊ ဆယ်နှစ်သားပန်းချီဆရာလေး၊ ဆယ်နှစ်သားဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်လေး စသဖြင့် သတင်းတွေက အမြဲပြနေတယ်။
အဲ့ဒါတွေမြင်မိတဲ့မိဘတွေက သူတို့ကလေးတွေလည်း အဲ့လိုလုပ်လို့ရမယ်လို့ထင်ကုန်ကြတယ်။
ဒီတော့ဖြတ်လမ်းတွေနောက်ပြေးလိုက်ကြတယ်။ How to တွေသင်ပေးမယ့် ဆရာတွေနောက်ပြေးလိုက်ကြတော့တာပဲ။
မိဘအထောက်အပံ့မရှိလို့ Self Study လုပ်မယ့်လူကလည်း ပညာသင်ရာမှာ အခြေခံကို ကျော်သွားတယ်။
အောင်မြင်နေတယ်လို့ ထင်ရတဲ့ လူတွေရဲ့ How to တွေနောက်ပြေးလိုက်ကြပြန်ရော။
အဲ့ဒီမှာ တီထွင်ဖန်တီးမှုမရှိတဲ့ လူ့အဖွဲ့စည်းကြီး အစပြိုးတာပဲ။
ဥပမာပေါ့ဗျာ၊ ရေဆေးပန်းချီဆရာဖြစ်ချင်တဲ့လူတစ်ယောက်က အခြေခံTheory ကိုမသင်တော့ဘူး။
You Tubeမှာ How to paint the sky with watercolor ဆိုပြီးရိုက်ရှာ ၊ တိမ်တွေကိုရေးကြည့်တော့တာပဲ။
တကယ်တော့ How to တွေက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်၊ Tutorial ဆိုတာက ပညာသင်ကြားမှုရဲ့အဆင့်2ပါ၊
သင်မယ့်သူက အဆင့်ကျော်သွားတာ။
Tutorial ကရေးပြပြီ။
ဆိုကြပါစို့၊ တိမ်တွေရေးပြပြီ။
အရင်ဆုံး Graduated Wash ရေးမယ်၊ ပြီးရင် Wiping နဲ့ပြန်နှုတ်၊ ပြီးရင် Streak Washနဲ့ တိမ်ထုတွေရေးလို့ပြောပြီဆိုပါစို့။
Graduated wash, Wiping Out, Streak Wash မသိတဲ့ကောင်က ရွာလည်ပြီပေါ့ဗျာ။
Color Theory မသိတော့ပိုဆိုးပေါ့။
Guitar Tutorial , Piano Tutorial တွေလည်းအဲ့ဒီအတိုင်းပါပဲ၊ ဒီသီချင်းမှာ First Inversionနဲ့ Second Inversion Chord တွေကို ဒီလိုသုံးတီးရတယ်၊ Mood က ဘာ၊ Scaleကဘယ်လိုပြနေပေမယ့် အဲ့ဒါတွေမသိတဲ့ကောင်ကတိုင်ပတ်ပြီပေါ့ဗျာ။
ပြဿနာက မိဘတွေက အဲ့ဒါကိုနားမလည်တာပဲ။
သူများကလေးသီချင်းတီးတယ်၊ သူ့ကလေးကိုလည်းဒီသီချင်းသင်ပေးပါ တောင်းဆိုတော့တာပဲ။
သင်လို့မရဘူးလားဆိုတော့ ရတာပေါ့။
ဆရာက ရှေ့ကနေ ဘာခလုတ်လေးတီးဆိုပြီးပြ ကလေးကနောက်ကလိုက်တီး၊
တစ်လလောက်နေတော့ တစ်ပုဒ်တီးတတ်သွား ၊
လူရှေ့ထွက်တီးပြ၊ ဖေ့စ်ဘုတ်ခ်ပေါ်တက်တီးပြ၊ လူတွေက လက်ခုပ်တီး။
ကလေးခဗျာ ဆရာသင်သလောက်နဲ့ အညွန့်ကျိုးသွားတာ ဘယ်သူမှမသိလိုက်ကြဘူး။
ဆရာတစ်ပုဒ်သင်တော့ တစ်ပုဒ်ပဲတတ်တယ်။
နှစ်ပုဒ်သင် နှစ်ပုဒ်ပဲတတ်တယ်။
သူ့ဘာသူ ရှာမတီးတတ်တော့ဘူး၊ ဒီသီချင်းကို ဘာတွေနဲ့ဖွဲ့စည်းထားလဲသူမသိတော့ဘူး။
သူ့ဘာသူ တီထွင်ဖန်တီးပြီး တေးသွားတွေရေးဖို့ဆိုတာ အဝေးကြီးဖြစ်သွားပြီပေါ့။
ဆရာ မရှိတာနဲ့ သူ့ပညာရေးကလည်း ရပ်သွားတော့တာပဲ။
အခြေခံတွေကျော်ပြီး Performer ဘဝဆီတွန်းပို့ခံရတာကိုး။
အရေးကြီးဆုံး Foundation က အခြေခံ Theory ပါ၊
အဲ့ဒီအဆင့်ကစာတွေ့ အရင်သင်ရပါတယ်၊ အဲ့ဒါတွေနားလည်ပြီဆိုမှ Theory Lesson တွေလေ့ကျင့်ရပါတယ်။
အဲ့ဒါတွေပြီးမှ သီချင်းတွေကိုစတီးသင့်ပါတယ်။
တစ်ခြားလူတွေရဲ့ Art တွေကို လိုက်မတီးရဘူးလား၊ အတုမယူရဘူးလာဆိုတော့ ယူရမှာပေါ့။
ဒါပေမယ့် Theory နဲ့ ခွဲခြမ်းစိတ်ဖြာအတုယူနိုင်မှ လိုက်လို့မီမှာပေါ့၊ အဲ့ဒီကတစ်ဆင့်တက် ကိုယ့်ဘာကိုယ်တီထွင်ဖန်တီးတဲ့ အဆင့်ရောက်မှာပေါ့။
တစ်ချို့ကပြောကြပါတယ်၊ ဘီတယ်တွေက Noteမတတ်ဘူး ဖန်တီးနိုင်တာပဲပေါ့။
လူတွေမသိတဲ့အချက်က ဘီတယ်တွေက Theory ကောင်းကောင်းတတ်ပါတယ်။
Theory ကို စာနဲ့သင်တဲ့နည်းမဟုတ်ဘဲ Solfegeတွေနဲ့ ခေါင်းထဲကို ထည့်ထားကြတာပါ။
သူတို့က ဖန်တီးမှုကိုဦးစားပေးချင်လွန်းလို့ Noteရေးပြီးမှတ်တမ်းတင်တဲ့အဆင့်ကိုကျော်ပလိုက်တာပါ။
Note သင်ရင်လည်း တတ်ကြမယ့်လူတွေပါပဲ။
သူတို့ရဲ့အခြေခံပညာရေးမှာလည်း Music Theory တွေ အများကြီးသင်ခဲ့ရပါတယ်။
Chord တည်ဆောက်ပုံတွေ၊ scaleတွေ၊ Family Chord တွေ၊ Chord progression တွေ၊ Moodတွေ မသိဘဲ ဘယ်လိုသီချင်းရေးမလဲဗျာ၊ စဉ်းစားကြည့်ပါအုံး။
ဆရာဆောင်က ပါရမီရှိတယ် ၊ရေဆေးကို မသင်ဘဲတတ်တယ်ပြောကြတယ်။
သူလေ့ကျင့်ကိုးကားခဲ့တဲ့စာအုပ်တွေမှာ Theory လေ့ကျင့်ခန်းတွေပါတာပါပဲ။
ဆရာဆောင်အဲ့ဒါတွေကို အသေအလဲ Self Studyလုပ်ခဲ့တာပါ ။
အဲ့ဒါတွေမတတ်ဘဲ သဘာဝထဲထွက်ရေးရင် တိုင်ပတ်နေမှာပေါ့။
Fbမှာ YouTubeမှာ How to တွေအများကြီးရှိပါတယ်။
တစ်နေ့တစ်နေ့ အဲ့ဒါတွေ လိုက်ကြည့်လေ့ကျင့်ပြီးတိုင်ပတ်နေတဲ့လူတွေတစ်ပုံကြီးပါ၊ Theory မှမသိတာ ၊
လေ့သာလေ့ကျင့်ေနရတယ် မည့်ကဲ့သို့ မည်ကဲ့သို့ ဖြစ်သွားသည်မသိဆိုသလိုဖြစ်နေတာပေါ့။
ဒီတော့ ဟိုသီချင်း Tutorial လေးတင်ပေးပါအုံး၊ ဟိုNoteလေးပေးပါအုံးနဲ့တောင်းရတဲ့ ဘဝရောက်ရော။
အဲ့ဒီလူတွေသေသွားကြရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်ဘာကိုယ် Noteတွေမရေးချင်ဘူးလား၊
ကိုယ့်ရေးချင်တဲ့အကြောင်း သီချင်းမရေးတတ်ချင်တော့ဘူးလား။
အဆင့်ေလးဆင့်ရှိပါတယ်။
1 Theory စာတွေ့
2 Theory ကို တူရိယာတစ်ခုခုနဲ့ Apply လုပ်တဲ့ လက်တွေ့
3 ကိုယ့်ထက်အတွေ့ကြုံရှိပြီးသားဆရာတွေ တီးပြ၊ရေးပြတဲ့ Tutorial
4 ကိုယ်တိုင်တီထွင်ဖန်တီးတဲ့အဆင့်(အဲ့ဒီအဆင့်ရောက်ရင်တော့ Theory ကိုချိုးဖောက်ချင်လည်း ချိုးဖောက်လို့ရပါပြီ ၊မသိလို့ချိုးဖောက်တာနဲ့ သိပြီးရိုက်ချိုးတာနဲ့ ရလဒ်မတူပါဘူး၊
ပီကာဆိုတို့ ဗန်ဂိုးတို့က သိပြီးရိုက်ချိုးတာပါ)
ပညာသင်ကြားမှုရဲ့အဆင့်လေးဆင့်ပါ။
ပညာရပ်တော်တော်များများနဲ့ အကြုံးဝင်ပါတယ်။
အဆင့်ကျော်သွားရင်တော့ တိုင်ပတ်ပြီ မှတ်ပေတော့ပဲ။
ကိုယ်ဘယ်လို အချက်နဲ့ သင်နေမိလဲ ၊ကိုယ့်ဘာကိုယ်ပြန်သုံးသပ်ကြည့်ဖို့ပါပဲ။
အဲ့ဒီအမှားတွေကို ကိုယ့်ကလေးတွေကို မလုပ်မိဖို့ပါပဲ။
No comments:
Post a Comment