.
ပန်းချီကားလေးက ခပ်သေးသေးပါ…ရှိလှမှ ပိုစတာဆိုဒ်လေး။
ကြပ်ထားတဲ့ဘောင်အနားစွန်းကလေးတွေတောင် ရွှေအိုရောင်ကနုတ်ဘောင်ကြီးနဲ့ ကြားမှာခပ်ဟဟ လွတ်နေသလိုလို ။
ညဟာ..မီးရှုးပန်းတွေ ဝဲဂယက်လိုထန်နေတဲ့ ကြယ်ပန်းတွေပွင့်နေကြတယ်ထင်မိတယ်။ (ပုံအနေနဲ့က စာအုပ်စုံနေရာစုံမှာမြင်ဖူးနေတာပါပဲ)။
ဒါပေမယ့်…မြင်ဖူးနေကျခံစားမှုနဲ့ ကြည့်မလား…
တခါမှမမြင်ဖူးသေးတဲ့တစ်ခုကို ခုမှတွေ့ဖူးသလိုမြင်နိုင်မလား..
မလွယ်ပါဘူး…လူ့မှတ်ဥာဏ်က မြင်ဖူးနေကျဟာနဲ့ သိနေပီးသားသူ့အကြောင်းက လွှမ်းမိုးနေတာပါပဲ။ သူကသိပ်ပေါ်ပြူလာဖြစ်သကိုး။ လူတွေဆိုတာ အဲဒီပန်းချီကားလေးနား ဝိုင်းအုံနေစမြဲ...။
ဗန်ဂိုးဟာ…သူ့ပတ်၀န်းကျင်ကမြင်ကွင်းတွေကိုသာ အမြဲရေးလေ့ရှိပြီး…ရေးတိုင်းလဲမြင်ရတဲ့အတိုင်းမရေးပဲ စိတ်ကူးထဲခံစားမှတ်မိသလိုပဲရေးတယ်။ သူကိုယ်တိုင်ပြောခဲ့တာရှိတယ်…“ညတွေဟာ နေ့ထက်ပိုပြီး အရောင်စုံတယ်..ပိုပြီးလည်းအသက်၀င်တယ်”…တဲ့။ ပန်းချီကားကိုကြည့်သူဟာ..မြင်မြင်ချင်း…စူရဲတောက်ပမှုကို အရောင်ရင့်အပြာရောင်ပြင်ထဲမှာ တွေ့ရမယ်။ စိတ်လှုပ်ရှားစေမယ်…နိူးကြားထိတ်လန့်မှုပါရလာမယ်။ ကြယ်ပွင့်တွေဟာ…ရီဝေနေတဲ့မျက်လုံးမှာမြင်ရသလို…အနားဘေးဖက်မှာ အလင်းလှိုင်းတွေကွပ်ပြီး အရိပ်ရိပ်လှုပ်နေမယ်။ ဒီလိုအလင်း ဂယက်တွေရစ်ဝဲနေတာကို အပြာရောင်မျိုးစုံသုံးပြီးဆွဲခဲ့တော့…အပြင်မှာ မြင်နေကျ ညနဲ့တော့ အတော်မတူတဲ့ညကောင်းကင်ဖြစ်နေတော့တယ်။
ကောင်ကင်အောက်မှာမြင်ရတဲ့ ရွာရှုခင်းပုံတွေက ပြင်သစ်တောင်ပိုင်းက စိန့်ဟေမီဆိုတဲ့ရွာလေးဖြစ်ပြီး ဗန်ဂိုး တစ်နှစ်တာ ဆေးကုသခံယူရတဲ့ စိတ်ကျမ်းမာရေးဆေးရုံရှိတဲ့နေရာပေါ့။ အဲဒီဆေးရုံတက်ရင်း ဆေးရုံ၀င်းထဲနဲ့ အနီးနားရှုခင်းတွေကို ပန်းချီကား (၁၅၀) ကျော်ရေးခဲ့သတဲ့။
အခု ဒီလက်ရာရေးခဲ့တဲ့ ၁၈၈၉ ကနွေညတစ်ညကို ပန်းချီဆရာတဦးအနေနဲ့ ရီရယ်လစ်ဇင်ပြန်ကူးရေးခြင်းမျိုးထက်…သူ့ရဲ့ စိတ်ကူးယဉ်မသိစိတ်စေ့ဆော်မှုကို ညကောင်းကင်ထဲ ဆလိုက်အရုပ်လှမ်းထိုးကြည့်မြင်ရသလို ပုံစံပါတဲ့။ သာမာန် အိတ်စပရက်ရှင်ပုံစံနဲ့ကွဲပြားတဲ့လက်ရာတဲ့။ .... ၂၉လက်မနဲ့၃၆လက်မ ရှိတဲ့ ဒီဆီဆေးလက်ရာလေးရဲ့ အနားမှာ တဦးတည်းရပ်ကြည့်ဖို့ အခွင့်ရေးဘယ်တော့မှမရနိုင်အောင် လူအမြဲဝိုင်းနေမယ့် အနုပညာသမိုင်းရဲ့ ရတနာတပါးပါတဲ့။
ဒီလက်ရာနဲ့ပတ်သက်တဲ့ဗန်ဂိုးရဲ့ စာထဲမှာ…
”အဲဒီနေ့မနက်အစောကြီး နေမထွက်ခင်အတော်ကြာသေးတဲ့အမှေင်ထဲကို ငါ့အခန်းပြတင်းကနေကြည့်မိတယ်။ အတော်ကြီးမားလှတယ်ထင်ရတဲ့…နံနက်ခင်းကြယ်ကြီးကလွဲလို့ ဘာမှထူးထူးခြားခြားမတွေ့ရဘူး”…လို့ ပြင်သစ်ကနေ သူ့ညီသီအိုဆီရေးလိုက်တဲ့စာမှာပြောထားပါတယ်။
ဒီလက်ရာဟာ…သဘာ၀အမြင်ကို ပန်းချီဆရာခံစားမှုကနေဖြတ်သန်းတုန့်ပြန်တဲ့ရေးချက်ဖြစ်ပါတယ်။ ထူထဲပြီး အရှိန်ပါတဲ့ဆေးရေးချက်တွေမှာ ဆိုက်ပရပ်ပင်ကို တောက်လောင်နေတဲ့မီးညွှန့်ကြီးလို အထက်တိုးထွက်လှုပ်နေအောင်ရေးထားပြီး…အောက်ခြေရွာကလေးကတော့…ငြိမ်သက်တိတ်ဆိတ်လှတယ်….ရွာရှုခင်းထဲ သူ့ဇာတိ နယ်သာလန်ဘုရားကျောင်းခေါင်းမိုးလေးကိုထည့်ဆွဲထားပါသေးတယ်။
ပြတိုက်က ကောက်နုတ်ဖေါ်ပြချက်ကတော့…ဗန်ဂိုးရဲ့ ဒီလက်ရာဟာ…စွမ်းအင်တွေလိမ့်လူးစီးဆင်းနေတယ်..ကြယ်တွေလှိုင်းလိုဝေ့၀ဲနေလို့ ရွာကလေးဟာ ငြိမ်လွန်းသွားတယ်။ ဆိုက်ပရပ် မီးလျှံလိုသစ်ပင်ဟာ…ဥရောပဓလေ့တွေမှာ..သချိုင်းတွေမှာ ယှဉ်တွဲတွေ့ရတက်တာမို့ ကြေကွဲလွန်းဆွေးမှုကိုခြောက်ခြားခြားပေးပြန်တယ်။ သှူုအတွက်တော့ သေဆုံးမှုဆိုတာမကောင်းတဲ့အဓိပါယ်နဲ့ဖေါ်ပြချက်မဟုတ်ဘူး။
ဒီလက်ရာနဲ့ပတ်သက်လို့ ”... ကြယ်တွေက ငါ့အတွက်အမြဲအိမ်မက်မက်စေတယ်... ငါ့ကိုယ်ငါပြောမိသလိုပဲကောင်းကင်ထဲက အလင်းစက်ကလေးက ဘာလို့ဖမ်းဆုပ်ရခက်သလဲ...ပြင်သစ်မြေပုံပေါ်ကို အမဲစက်ကလေးချလိုက်တာမျိုးထက်ပေါ့၊…ငါတို့ ရိုအင် ကိုရထားစီးသွားခဲ့တုန်းကလိုပဲ... ခုလဲသေဆုံးခြင်းကိုစီးလို့ကြယ်ကြီးဆီ ခရီးသွားကြတာပေါ့…” လို့ စာထဲမှာရေးခဲ့ပါတယ်။ အဲဒီနံနက်ခင်းကြယ်ကြီးဟာ ဗီးနပ်စ်လဲဖြစ်ချင်ဖြစ်နိုင်ပါသတဲ့..။
No comments:
Post a Comment