Pages

လူသားဝေဒနာနဲ့ အနိဌာရုံအနုပညာ

 


ပို့စ်မတင်ဖြစ်တာကြာပါပြီ။ မကြာသေးခင်က နော်ဝေးမှာအသစ်ဖွင့်လှစ်လိုက်တဲ့ ပန်းချီကျော် အက်ဒွပ်မွန့်ချ်ကိုဂုဏ်ပြုတည်ဆောက်ထားတဲ့ ပြတိုက်သတင်းလေးကို #သငယူလေ့လာပန်းချီအနုပညာ ပေ့ချ်ကနေရှဲပြီးတဲ့နောက် အသစ်မတင်ဖြစ်ခဲ့တာ။ ဒီလိုနဲ့ မွန့်ချ်အကြောင်း ပြန်စိတ်ဝင်စားမိတယ်၊ (အရင်ကသူ့အကြောင်းစာလေးအနည်းငယ်သာရေးဖူးပါတယ်)။ လက်ရှိကျတော်တို့ လူထုရင်ဆိုင်လာရတဲ့ကပ်ဘေးတွေ၊ မငြိမ်းချမ်းမှုတွေ၊ ဒုက္ခ ပရိဒေဝမီးတွေဟာ ဘဝတွေအားလုံးကို ရပ်တန့်စေသလို အနုပညာတွေကိုပါ ရပ်တန့်သွားစေမလားတွေးမိတယ်၊ တစ်ချို့ကတော့ အနုပညာသေဆုံးပြီတဲ့..။ တကယ်တော့ အနုပညာဆိုတာ ဘဝနဲ့ထပ်တူဖြစ်ပါတယ်။ အများစုသောလူတွေဟာ ဘဝရဲ့တကယ့်ဒုက္ခအစစ်တွေကို တစ်နည်းနည်းနဲ့ဖုန်းကွယ်မေ့ဖျောက်ပြီး သာယာပျော်ရွှင်နေသယောင် ရှင်သန်နေထိုင်ကြပါတယ်၊ တကယ့်သာယာပျော်ရွှင်မှုအစစ်တော့ဟုတ်ချင်မှဟုတ်မယ်ပေါ့။ အနုပညာဟာ လက်ရှိဘဝကို ခဏတာမေ့လျော့စေပြီး စိတ်ကိုအေးချမ်းစေတယ်လို့ ယူဆလုပ်ကိုင်ကြသူတွေလည်း မနည်းပါဘူး။ အဲဒီနားလည်မှုမျိုး ကျတော်တို့လည်းယခင်က ရှိခဲ့ဖူးပါတယ်၊ သက်တောင့်သက်သာလည်းရှိတာကိုး။ ဒါပေမယ့် အမှန်တကယ် ဘဝနဲ့ထပ်တူကျတဲ့ အနုပညာဟာ အဲဒါနဲ့ပြောင်းပြန်ဖြစ်တယ်ဆိုတာ တဖြည်းဖြည်းသိလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်တောင့်သက်သာအနုပညာတို့ရဲ့ ထုံးစံမှာ အခြေနေ၊အဖြစ်ပျက်တွေကိုဆန်းဆစ်သုံးသပ်လေ့မရှိသလို ခေတ်တစ်ခုရဲ့အကောင်းအဆိုးအမျိုးမျိုးအပေါ် အတွေးအယူဆ၊ဆိုလိုချက်တွေဖေါ်ထုတ်တာလည်း မရှိလို့ဖြစ်ပါတယ်။ အဲဒါကလွဲလို့သာမာန်အခြေနေအားဖြင့်တော့ အနုပညာအားလုံးဟာခပ်သိမ်းကလျာရှုဖွယ်သာချည်းပါ။
အက်ဒွပ်မွန့်ချ်အကြောင်းဆက်ချင်ပါတယ်၊ မွန့်ချ်ဆိုတာ ကမ္ဘာကျော် အော်သံပန်းချီကိုရေးသွားတဲ့ နော်ဝေးပန်းချီဆရာတစ်ဦးဆိုတာသိကြမှာပါ၊ ၁၈၆၃ မှာမွေးပြီး ၁၉၄၄ မှာကွယ်လွန်ခဲ့တယ်။ သူ့အဖေဟာ ခရစ်ယန်ဘုန်းတော်ကြီးတစ်ယောက်ရဲ့သား ဆရာဝန် ဆေးပညာရှင်တစ်ဦး၊ အသက်ထက်ဝက်ငယ်တဲ့ အမျိုးသမီးကိုလက်ထပ်ခဲ့သူ၊ သူ့အဖေအကြောင်းသူပြောတာက“ သူ့အဖေဟာ စိတ်ကြီးတယ် ဘာသာရေးအယူသီးပြီး အစွဲလမ်းကြီးတယ် အာရုံကြောဆိုင်ရာ စိတ်ရောဂါသည်တစ်ယောက်ပဲ”..တဲ့။ သူငယ်စဉ်မှာ သူ့အမေဟာ သွေးကင်ဆာနဲ့ဆုံးတယ်၊ သူချစ်တဲ့ သူ့နှမလေးဟာလည်း ဒီရောဂါနဲ့ပဲကွယ်လွန်ခဲ့ရှာတယ်။ မွန့်ချ်ဟာ ငယ်စဉ်ကထဲက ကြွေကွဲဝမ်းနည်းစရာတွေ၊ နာမကျမ်းမှုတွေ သေဆုံးခြင်းတွေနဲ့ သောကပရိဒေဝတွေနဲ့ ရှင်သန်ခဲ့ရသလို ဘာသာရေးဆိုင်ရာအယူသီးမှုမျိုးစုံနဲ့ တစ္ဆေသရဲ နာနာဘာဝ ဇာတ်လမ်းအဖြစ်ပျက်တွေကြား သင်ယူ ကြီးပျင်းလာသူ၊ ဒီလိုနဲ့ စိတ်ရောဂါအခံနဲ့ လောကကိုရှုမြင်တတ်လာ၊ အရွယ်ရောက်လို့ အနုပညာကျောင်းကိုတက်ရောက်သင်ယူပြီးနောက် ဘာသာရေးယုံကြည်မှုတွေကိုစွန့်လွတ်၊ ဘိုဟီးမီးယမ်းတစ်ယောက်လိုနေထိုင်ခဲ့ပြီး ပါရီရောက်တော့ ဥရောပတစ်ခွင်ထင်ရှားလာတဲ့ ပေါလ်ဂေါ်ဂင်၊ ဗင်းဆင့်ဗန်ဂိုးတို့ဆီကနေ အိတ်စပရက်ရှင်နစ်ဇင်ကို လေ့လာသင်ယူရင်း သူ့နဂိုအခံစိတ်နဲ့ သူ့ဝန်းကျင်က လူတွေ အိမ်တွေ ရှုခင်းနဲ့အဖြစ်ပျက်တွေကို နာမ်ပိုင်းဆိုင်ရာအမြင်လက်ရာတွေဖေါ်ထုတ်ခဲ့သူ ဆိုပါတော့။ သူဟာ ပို့စ်အင်ပရက်ရှင်နစ်ဇင်ခေတ် သို့မဟုတ် ဥရောပရဲ့ အိတ်စ်ပရက်ရှင်နစ်ဇင်ကို တည်ဆောက်ခဲ့သူတွေထဲက ထင်ရှားသူတစ်ဦးပါပဲ။
မွန့်ချ်ရဲ့လက်ရာတွေကိုကြည့်ရင် အများအားဖြင့် လူပုံတွေ၊ ဒါပေမယ့် ပြင်ပကလူတွေနဲ့မတူတဲ့ ၀ိဉာဉ်သဏ္ဍာန်မျိုး နာနာဘာဝတွေလိုပဲ၊ သူ့လူပုံတွေဟာ သူ့ပတ်ဝန်းကျင်က သူ့မိသားစု၊ သူဆွေမျိုး မိတ်ဆွေတွေနဲ့ အခြားလူမျိုးစုံ၊ လူတွေအားလုံးဟာ တစ်ဦးမှ ပျော်ရွှင်နေတဲ့ပုံမရှိ၊ ကြေကွဲ ဝမ်းနည်း ပူဆွေးမှုတွေ သောကဗျာပါဒသရုပ်တွေဆောင်နေကြတယ်။ အရောင်တွေဟာ ယခင်က အက်ဒွပ်မာနေးရဲ့ အရောင်သုံးပုံမျိုးညိမ်သက်နေတဲ့ထဲမှာ ဂေါ်ဂင်ရဲ့ သဘာဝလွန်စူးရဲတောက်ပမှုမျိုးကို ရောစွက်ထားတဲ့ ပေါင်းစပ်မှုမျိုးပါပဲ။ သုသာန်တစ်စပြင်လိုညိမ်ဆိတ်အေးစက်နေတဲ့ဝန်းကျင်ထဲမှာ ခပ်ပြင်းပြင်းတောက်လောင်နေတဲ့ ရင်ထဲကအပူဟာ (ဘယ်သူမှမမြင်နိုင်ပေမယ့်) လောင်ကျွမ်းနေတဲ့သဘောမျိုးပါ။ ဒါဟာ ဥရောပဆန်တဲ့ အေးစက်ခြောက်ခြားဖွယ်ရာအမှောင်ခေတ်ကို မြင်ယောင်စေတယ်လို့လည်း ဆိုကြတယ်။ မွန့်ချ်ရဲ့ အနုပညာတွေဟာ သူရှိစဉ်ကထဲက အောင်မြင်မှုရခဲ့ပါတယ်၊ သူ့အနုပညာအယူအဆကို သူကိုယ်တိုင်ပြောပြတာက "My art is really a voluntary confession and an attempt to explain to myself my relationship with life—it is, therefore, actually a sort of egoism, but I am constantly hoping that through this I can help others achieve clarity. တဲ့၊ သူ့ဘဝကိုအခြေခံတာဖြစ်လို့ သူ့လက်ရာတွေဟာ အတ္တလွန်ကဲပါတယ်တဲ့.. ဒါပေမယ့်လည်း အဲဒီပုံတွေပေါ်ကနေ အခြားသူတွေကိုရှင်လင်းသိသာစေလိုတာကတော့ သူ့မျှော်လင့်ချက်ပါတဲ့...။ သို့ပေမယ့်လည်း သူ့လက်ရာတွေကို နာဇီခေတ်မှာ အနုပညာပျက်တွေဆိုပြီး အခြားမော်ဒန်အတ်တွေနဲ့အတူ ပြတိုက်တွေကနေ ဖယ်ရှားခံခဲ့ရပါတယ်၊ အခုကျန်ခဲ့သမျှဟာ စုဆောင်းသူတွေနဲ့ သိုဝှက်ထားခဲ့သူတွေကျေးဇူးပေါ့။ ၁၉၆၃ မှာဖွင့်လှစ်ခဲ့တဲ့ အော်စလိုမြို့က မွန့်ချ်ပြတိုက်မှာ စုဆောင်းပန်းချီကား ၁၁၀၀၊ ကောက်ကြောင်းပုံ ၄၅၀၀၊ ပုံနှိပ်ပန်းချီက ၁၈၀၀၀ တောင်ကျန်ခဲ့ပါသတဲ့၊ ဘဝကိုအနုတ်သဘောဆောင်ခံစားရပ်တည်ခဲ့သူဟာ အလုပ်တော့ အသကုန်လုပ်ခဲ့တယ်ဆိုတာ ငြင်းဖွယ်မရှိပါဗျာ။ သူနောက်ဆုံးပြောခဲ့တဲ့စကားတစ်ခုက “လူတစ်ယောက်ရဲ့နှလုံးသားကပြင်းပြတဲ့ဆန္ဒမပါပဲနဲ့ လုပ်ထားတဲ့အနုပညာမျိုးတွေကိုတော့ ကျုပ်လုံးဝမယုံကြည်ပါဘူး..” တဲ့။ စကားမစပ် လက်ရှိ နော်ဝေးအစိုးရနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ မွန့်ချ်ပြတိုက်ကြီးကတော့ သူ့ပန်းချီဟန် လှိုင်းအထပ်ထပ်ပုံစံနဲ့ ခေါင်းစိုက်နေပုံ အံ့မခန်းဗိသုကာအဆောက်ဦးကြီးပါပဲ။
………..
မွန့်ချ်အကြောင်းကနေ ဆက်ပြီးစဉ်းစားမိတာက အခြားသော ဝေဒနာဗဟိုပြုဖွင့်ထုတ်ဖန်တီးသူအနုပညာရှင်တွေပါပဲ၊ ဒီထဲမှာ ဗီယင်နာအားတစ် ဟာမန်း နစ်ချ် ဆိုသူကြီးကလည်း တစ်ဦးအပါအဝင်ပါ။ လူကောင်ကခပ်ကြီးကြီး တကယ့်သားသတ်သမားအာဏာပါးကွက်သားကြီးလို အနုပညာရှင်တစ်ဦးဆိုပါတော့။ သူက ဒြပ်မဲ့ဖွင့်ထုတ်မှုဝါဒခေတ်ကာလကနေ ယနေ့ခေတ်ပြိုင်အထိ ထူးခြားတဲ့လက်ရာတွေဖန်တီးနေဆဲ ခေတ်ပြိုင် မာစတာကြီးတစ်ဦးပေါ့။ သူ့ပန်းချီကို “လောင်းချခြင်း” ပန်းချီလို့ ကနဦးကင်ပွန်းတပ်ကြတယ်။ လန်ဒန်တိတ်မော်ဒန်ပြတိုက်ကြီးမှာ တစ်ခုသောစုဆောင်းလက်ရာတစ်ခုပေါ့။ ကင်းဗတ်ပေါ် တရိစ္ဆာန်သွေးတွေ လောင်းချထားတာ။ သူ့လက်ရာတွေက ခပ်သေးသေးရှားတယ်... ကြီးမားတဲ့ခန်းလုံးပြည့်ကင်းဗတ်ကြီးတွေပဲ။ သူ့ပန်းချီကိုဘယ်လိုရေးသလဲဆိုတော့ သွေးတွေထဲကိုကြပွတ်နှစ်ပြီး ကင်းဗတ်ကိုအကြိမ်များစွာ ရိုက်တာပဲ။ သူလက်ရာတွေက ပါဖောမင့်ပြုလုပ်ပြီး ဖန်တီးတာပါ။ သူ့ပန်းချီကားကြီးတွေဟာ တကယ့်သွေးပျက်ဖွယ် ထိတ်လန့်ခြောက်ခြားစရာကောင်းလှတယ်၊ လက်တွေ့သာကြည့်ရရင် နှလုံးခုန်မြန်လာမယ် သွေးဆူလာမယ့်မြင်ကွင်းမျိုးတွေပါ။ သူက သြစတီးယားနိုင်ငံဗီယင်နာမြို့က ”ဗီယင်နာလှုပ်ရှားသူများ” ဆိုတဲ့ပါဖောမင့်ဂရုဖ်မှာပါဝင်တည်ထောင်သူတစ်ဦး၊ သူတို့လုပ်တာက လူဘဝရဲ့ရင်ဆိုင်တုန့်ပြန်မှုတွေကို လက်တွေ့ပါဖောင်းလုပ်ကြတာ။ မကြာသေးမီကအထိ သူ့ရဲ့ အုပ်စုလိုက်ပါဖောမင့်ကို မိုမာလို ပြတိုက်ကြီးတွေက ကြီးမှုးကျင်းပခဲ့တယ်၊ လူတွေအများကြီး သွေးတွေအလိမ်းလမ်းနဲ့ပဲ။ သူက ဒုတိယကမ္ဘာစစ်လွန်ကာလတွေထဲက သူ့အနုပညာတွေထဲ သွေးတွေ၊ လုံးတီးအဖေါ်အချွတ်တွေ၊အထိတ်တလန့်အဖြစ်ပျက်တွေလုပ်နေခဲ့တာ၊ တားမြစ်ထားတဲ့ ဘာသာရေး တာဘူးတွေကို မျိုးစုံချိုးဖေါက်လို့ တရားစွဲခံရတာအကြိမ်ကြိမ်၊ ထောင်လဲ (၃) နှစ်လောက်ကျခဲ့တယ်။ တကယ့် ငြင်းခုန်စရာအနုပညာရှင်တစ်ဦးဆိုပါတော့။ သို့ပေမယ့် သူ့အနုပညာအတွေးခေါ်အယူဆနဲ့ လက်ရာဖန်တီးမှုတွေဟာ ခေသူမဟုတ်တာကိုသိနိုင်ပါတယ်၊ တကယ့်ထင်ရှားတဲ့အနုပညာပွဲတော်တွေမှာ ပါဝင်ပြသခဲ့တာတွေကြည့်ပါ၊ ဒေါ်ကူမင်တာ တို့ ဗင်းနစ်ဗီယင်နာလေ တို့မှာ ဂုဏ်ယူစွာပြသခံရတဲ့လက်ရာတွေပေါ့။ ၁၉၆၆ လန်ဒန်မှာကျင်းပတဲ့ “Destruction in Art Symposium (DIAS)” မှာ ယိုကိုအိုနို၊ ဂူစတပ်မဇ်ဂါ တို့လို ထင်ရှားသူ အနုပညာနဲ့ နိုင်ငံရေးတက်ကြွသူတွေနဲ့အတူ ပါဝင်ခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီကွန်ဖရင့်ကြီးဟာ အနုပညာမှာဖြိုချဖျက်စီးခြင်းတွေဟာ လူမှုအသိုင်းဝိုင်းက ပဋိပက္ခအပြောင်းလဲအဖြစ်ပျက်တွေနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်တယ် ဆိုတာအဓိကဖိုးကပ်စ် လုပ်ခဲ့ကြတာပါ။ ၁၉၆၆ က အဲဒီအကြောင်းရာဟာ ကျတော်တို့ တတိယနိုင်ငံတွေအဖို့ ဒီကနေ့ထိရင်ဆိုင်ဖြေရှင်းရမယ့် ဆွေးနွေးအဖြေရှာစရာတစ်ခုဖြစ်နေတာပါပဲ။
စာလဲ ရှည်နေပါပြီ။ ရေးနေရင်းနဲ့ ဆုံးသွားပြီဖြစ်တဲ့ ကျတော်တို့မိတ်ဆွေကြီး အန်စီအက်ရဲ့ မွန့်ချ်အော်သံ(အင်စပိုင်းယား) ဘုန်းကြီးလေးရဲ့အော်သံ(စတန်ဆဲလ်)လက်ရာလေးကိုသတိရမိတယ်။ တစ်ဆက်တည်း တကယ့်လက်တွေ့ကြုံခဲ့ရတဲ့ ဝေဒနာကိုသရုပ်ဖေါ်နိုင်ခဲ့တဲ့ မြန်မာပန်းချီဆရာတွေ (ယနေ့ထိ) ရှိနေဆဲဆိုတာလည်း အမှတ်ရမိပါတယ်။ ပြီးတော့ ကျတော်တစ်ခါရေးဖူးတဲ့ ဝေဒနာနဲ့အနုပညာဆိုတဲ့ဆောင်းပါးက … Philosophical စေ့ဆော်မှု၊ Moral message နဲ့ Ideal human အကြောင်းရာတွေလို.. ကြည့်သူကို မိမိရဲ့အစစ်မှန်ဘဝကို သတိပြုနိုးဆွပေးနိုင်မယ့်၊ မှတ်မှတ်ရရရှိနေတဲ့ လက်ရာမျိုးတွေပေါ့..၊ မက်ကွင်းရဲ့ Beauty and the Beast အေးခဲတိရိစ္ဆာန်သွေးတွေနဲ့ထုထားတဲ့မိန်းခလေးထိုင်နေပုံပန်းပုလေးရယ်၊ ဂန္ထဝင်ပန်းချီကားတွေထဲက မယ်တော်မာရီမျက်နှာမျိုးရဖို့ ကိုယ့်မျက်နှာကိုယ်အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်ခဲ့တဲ့ ပြင်သစ်ပါဖောမင့်အားတစ် Orlan ရယ်၊ လူပုံမပါတဲ့ ဂါဝန်အကျီလေးသီးသန့်ပြထားတဲ့ Portrait without human ဆိုတဲ့ လက်ရာ။ အခန်းတခုထဲ ခြေတုလက်တုတွေနဲ့ လှုပ်ရှားနေတဲ့ တစ္ဆေတစ်ကောင်လိုလူသားတစ်ဦးရဲ့အ‌‌ခြေနေ။ တရိစ္ဆာန်အသေကောင်တွေနဲ့ ဖရန်ဆစ်ဗေကွန်ရဲ့ ပန်းချီတွေ၊ ပလက်ဖောင်းတစ်ခုပေါ် ၀ိဉာဉ်တွေလို လက်တွဲလျှောက်နေတဲ့အဖိုးနဲ့အဖွားစုံတွဲပုံ ပန်းပုရုပ်တစ်ခု။ မောင်းပြန်ရိုင်ဖယ်ပြောင်းဝကို ပါးစပ်မှာငုံထားပြီး ခလုတ်ကိုခြေမနဲ့ဖိနေတဲ့ ဂျပန်စစ်သား ကောက်ကြောင်းပန်းချီကလေး....။ ကျတော့်အတွေးထဲ တစ်ခုချင်းပေါ်လာတဲ့ရုပ်ပုံတွေ...။
ဆိုတော့ ဒီပို့စ်ကို ဘာကြောင့်ရေးရသလဲဆိုရင် အခုကာလကြီးရဲ့ တိုက်ဆိုင်တာလေးတွေကြောင့်ပဲ ဆိုပါတော့၊ ဒုက္ခ ပရိဒေဝ ကပ်ဘေးတွေနဲ့ အနိဌာရုံတွေက ဒီခေတ်ရဲ့လူတိုင်းရင်ထဲစွဲကျန်နေပါလိမ့်မယ်။ ဒါတွေက အလွယ်တကူ မေ့ေမေ့ပျောက်ပျောက်ဖြစ်သွားနိုင်တာတွေလည်း မဟုတ်။ အခုလောလောဆယ်တော့ ကျတော်တို့ မြန်မာအနုပညာမြင်ကွင်းသစ်ကို ဘယ်လိုပုံစံခန့်မှန်းကြည့်နိုင်မလဲဆိုရင် သိပ်ကြည်လင်ပြတ်သားဦးမယ် မထင်ပါဘူး၊ အနုပညာဟာ နိုင်ငံရေးဖိနှိပ်မှုတွေကနေ ကျွတ်လွတ်ကင်းပနေတဲ့ အခြားသောကမ္ဘာတစ်ခုဖြစ်နေသလား၊ သို့မဟုတ် နိုင်ငံရေးဖိနှိပ်မှုတွေကို ရင်ဆိုင်တိုးပြီး၊ ဖြိုချဖျက်စီးပစ်စရာတွေကို ထောက်ပြဝေဖန်နိုင်တဲ့ အဆင့်အတန်းနေရာတစ်ခုက ရပ်တည်မလား၊ သောကကင်းဝေနေနိုင်ရေး အခြေပြုတဲ့ အနုပညာဧကစာရီကျင့်သူတွေများလာမယ့် မြေအောက်ကမ္ဘာကိုပဲရောက်မလားဆိုတာ ဝေခွဲနိုင်ကြဦးမယ်မထင်ပါဘူး။ ဒီလိုမဝေခွဲနိုင်ခြင်းဟာ ဝန်းကျင်လောကအခြေနေကြောင့်ချည်းပဲတော့မဟုတ်၊ မွန့်ချ်ကြီးပြောခဲ့သလိုပါပဲ “ကျွန်ုပ်တို့ရဲ့နှလုံးသားကပြင်းပြတဲ့ဆန္ဒမပါပဲနဲ့ လုပ်ထားတဲ့အနုပညာမျိုးတွေဟုတ်မဟုတ်...အချိန်ကာလက ရွေးထုတ်ပေးသွားမှာပါပဲ...။
ခင်မင်လျှက်
အောင်မြတ်ဌေး
13 Dec 2021

 

No comments:

Post a Comment