Pages

တိုးတက်ပြောင်းလဲခဲ့သောပန်းချီသမိုင်း၊ ရိုဒင်ရဲ့ အနမ်း ကောက်ကြောင်း။


ဒီနေ့တော့ ကမ္ဘာမှာထင်ရှားတဲ့ အင်ပရက်ရှင်ခေတ်က ပန်းပုအကေျာ်မော် ရိုဒင်ရဲ့ မာစတာကောက်ကြောင်းတစ်ချို့ကို လေ့လာကြည့်ရအောင်ပါ။
သူဟာ ”အနမ်း”၊ “တွေးသူ” စတဲ့ လူသားရဲ့သဘာ၀ပေါ်လွင်တဲ့ ရုပ်ထုတွေနဲ့ ကမ္ဘာကျော်ခဲ့သူပါ၊ သူ့အနုပညာနဲ့အတူ သူ့ဘဝဖြတ်သန်းမှုဟာ အလွန်အမှော်ဆန်လှတာမို့လည်း ပိုမိုကျော်ကြားထင်ရှားပါတယ်။ သူ့ရဲ့ ကောင်းကင်ဘုံတံခါး၊ အာလေမြို့သားများ စတဲ့ လူသားနဲ့၀ေဒနာ ခံစားချက်တွေကို အပြည့်အဝဖမ်းဆုပ်နိုင်တဲ့ မှော်ဆန်တဲ့ လက်ရာတွေဟာ သမိုင်းအမွေနှစ်တွေပဲဖြစ်ပါတယ်။ အခု အဲဒီလက်ရာတွေဖြစ်ပေါ်လာတဲ့ အခြေခံမူလဇာစ်မြစ်ဖြစ်တဲ့ ကနဦးစမ်းသပ်ကောက်ကြောင်းတွေကို လေ့လာကြည့်ပါ။ (ကောက်ကြောင်းတွေဆိုတာ မသိသူအတွက်တော့ ကြည့်လို့နားလည်နိုင်စရာမဟုတ်ပေမယ့် ပညာရပ်လေ့လာဖို့အတွက်တော့အရေးကြီးပါတယ်။ တကယ့်လက်ရာရဲ့ ပုံကြမ်းလည်းဖြစ်သလို ဖန်တီးသူရဲ့ စိတ်ဝိဉာဉ်ကိန်းဝပ်ရာ အမြူတေ ခြေရာလက်ရာတွေပဲဖြစ်ပါတယ်)။
......
ပန်းပု အကျော်မော်တစ်ဦးဖြစ်တဲ့ ရိုဒင်ဟာ အင်ပရက်ရှင်ပန်းချီဆရာတွေရဲ့ လှုပ်ရှားမှုကာလတွေနဲ့ ခေတ်ပြိုင်လှုပ်ရှားရှင်သန်ခဲ့သူဖြစ်သလို အနုပညာရှင်တစ်ဦးဘဝကို အလွန် အနုပညာဆန်စွာ နေထိုင်ခဲ့ပြီးသူရဲ့ လူသား
စိတ်ခံစားမှု ပန်းပုရုပ်ထုတွေဟာ ယခင်ခေတ်အဆက်ဆက်က မင်းကြိုက်စိုးကြိုက်မော်ကြွားဖွယ် အထိမ်းမှတ် ရုပ်လုံးပန်းပုတွေနဲ့ကွဲလွဲစွာ မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ တွေးသူရုပ်ထုနဲ့ အနမ်းရုပ်ထုဟာ အနုပညာချစ်သူတိုင်း အလွန်နှစ်ခြိုက်ကြသလို ယခုထိလည်း စိတ်လှုပ်ရှားစရာ သစ်လွင် နေဆဲပါ။
သူရေးဆွဲခဲ့တဲ့ ယခုကောက်ကြောင်းလက်ရာဟာ သူရဲ့ပန်းပုရုပ်လုံးတွေကို များစွာသတိတရ ရှိလာစေတယ်။ လူသားရဲ့ ပကတိအလှအပနဲ့ လှုပ်ရှားနေတဲ့အပေါ်မြင်ရတဲ့ ခန္ဒာကိုယ်ကောက်ကြောင်း အသားဆိုင်အဖု အထစ် တို့ဟာ လှိုင်းတွေလူးလှိမ့်နေသလို အသက်ဝင်ရှင်သန်ပါတယ်။ ယခုပြထားတဲ့ပွေ့ဖက်ခြင်းဆိုတဲ့ ကောက် ကြောင်း ပန်းချိဟာအဝတ်မဲ့ အမျိုးသမီးနှစ်ဦးရဲ့ ပွေ့ဖက်နေချိန် အရွေ့အစောင်း လှိုင်းသဏ္ဌာန် မျက်နှာပြင်လိုင်း တွေကို တစ်ကြောင်းဆွဲမျဉ်းလိုင်းနဲ့ ထိထိမိမိပုံဖေါ်ထားချက်ပါပဲ။ စွဲမက်စရာ ရှင်သန် နေတဲ့ မျဉ်း ကြောင်းလိုင်း လေးတွေကို ရေးဆွဲထားတာ လေ့လာဖို့အလွန်ကောင်းပါတယ်။
ရိုဒင်ဟာ ရီနေးဆန်းခေတ်တွေက ကျော်ကြားတဲ့ မီးခေးလ်လန်ဂျလို တို့လိုပန်းပုအကျော်မော် ကျောက်ဆစ် ပညာရှင်တွေရဲ့ အလွန်သပ်ယပ်လှပတဲ့ စံပြုစရာလူသား အလှရုပ်ထုတွေမျိုးကို မထုလုပ်ခဲ့ပဲ၊ လူသားရဲ့ ပကတိခံစားမှု အပေါ် ဖြစ်ပျက်သွားတဲ့ ကိုယ်ခန္ဒာရဲ့ အဖြစ်ပျက်တို့ကိုပဲ အနုပညာဖွဲ့ ထုလုပ်တယ်၊ တစ်နည်း ဆိုရရင် ယခင်အနုပညာရှင်တွေ မလုပ်ဖြစ်ခဲ့တဲ့၊ မသိရှိခဲ့တဲ့ အတွေးသစ် အယူဆသစ်ကို သူတတ်ကျွမ်းတဲ့ပန်းပုနည်း ပညာနဲ့ ပေါင်းစပ် ဖွဲ့စည်းပြခဲ့ခြင်းဖြစ်တယ်။ လူသားရဲ့ အတွင်းစိတ်ကိုသာ အာရုံစိုက်ပြီး အပြင်ပန်းမြင်ရတဲ့ ပုံသဏ္ဌာန်တွေဟာ လှပရုံသက်သက်မဟုတ်ပဲ အတွင်းစိတ်ကြောင့်ဖြစ်ပျက် နေမှုသဘောကိုပဲ သူ့အနုပညာ မှာထည့်သွင်း ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ ပန်းပုရုပ်တွေ အများစုဟာ သာမန်မျက်စိနဲ့ကြည့်ရင် သာမန်လူသားပုံထက် ပိုမိုကြမ်းတမ်းသလိုလို မတူသလိုလို ရှိနေတတ်တယ်။ နောက်ထပ်သတိထားမိတာက ပန်းပုရုပ် တွေထုံးစံအတိုင်း ချောမွတ်ပြောင်လက်နေအောင် မလုပ်ခဲ့ပဲ တကယ့်လူသားလို သဘာဝကျကျနဲ့ ညို မဲမဲတွေ သာဖြစ်နေပါတယ်။
သူရှင်သန်ချိန်ခေတ်ကာလရဲ့ အာရုံမြင်နဲ့အစစ်အမှန်လူ့သဘာဝ အနုပညာ လှုပ်ရှားမှုဂယက်အရ လက်တွေ့လောကအမြင်တွေအပေါ် အာရုံစူးစိုက်ဖန်တီးလာကြချိန်မှာ ပန်းပုဆရာ တစ်ဦးအနေနဲ့ လိုက်ပါပြောင်းလဲနိုင်တဲ့အပြင် ခေတ်မီတဲ့တီထွင်ကွန့်မြူးမှု အတွေးအခေါ်နဲ့ အနုပညာရှင် ရဲ့ အခန်းကဏကို ပိုမိုမြင့်တင်နိုင်ခဲ့သူဖြစ်တယ်။ ထို့အပြင် ရုပ်သေအလှပတွေကိုသာ စုပြုံနှစ်ခြိုက်နေတဲ့ ခေတ်ကို တော်လှန်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
...
ပုံများ- ရိုဒင် ဩဂတ်စတီ၊ ပွေ့ဖက်ခြင်း၊ ခဲကောက်ကြောင်းနှင့် ရေဆေးအညိုရောင်၊ ၁၂ _၉ လက၊ အက်ရှ်မိုလမ် အနုပညာပြတိုက်၊ အောက်စဖို့ဒ်။
...
ရိုဒင်ဟာ ဒီကောက်ကြောင်းဆေးရေးပုံကြမ်းလေးကို ရူ ဒီ ဗဲရင် မှာရှိတဲ့သူ့စတူဒီယိုမှာရေးခဲ့တာဖြစ်တယ်။ လူသားရဲ့ ကိုယ်လက်လှုပ်ရှားမှုအရွေ့အပြောင်းတွေကို အမျိုးမျိုးပြောင်းလဲမြင်ဖို့ လေ့လာရေးဆွဲမှုဖြစ်တယ်။
ဒီလိုပွေ့ဖက်မှုအကြောင်းရာတူကို ပန်းပုရုပ်ထုလုပ်ဖို့ပုံကြမ်းရေးခြင်းလည်းဖြစ်ပါတယ်။
Credit: အောင်မြတ်ဌေးရေးသားသည့် ”ပန်းချီ၀ိဥာဥ်” စာအုပ်မှ ပြန်လည်ဖေါ်ပြသည်။

 

No comments:

Post a Comment