Pages

အနုပညာတွင် စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုများ။ ဗက်စလီ ကန်ဒင်းစကီးရေးသည်။

 


(၁) အထွေထွေ ရသ ခံစားမှု။
အနုပညာလက်ရာတွေဆိုတာ မိခင်နဲ့တူတဲ့ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကနေ မွေးဖွားလိုက်တဲ့ ကလေးငယ်တွေ သာဖြစ်ပါတယ်။ ယဉ်ကျေးမှုခေတ်တွေအလိုက် ပေါ်ထွက်လာတဲ့အနုပညာတွေဟာ နောက်ထပ်ထပ်တူဖြစ် ပေါ်လာနိုင်စရာမရှိတဲ့လက်ရာတွေမျိုးဖြစ်ပါတယ်။ အနုပညာဖန်တီးဖို့ နည်းလမ်းစနစ်တွေ ဆက်လက်ဖြစ်တည်နေတဲ့ထဲမှာ၊ ပြင်ပမြင်တွေ့နိုင်တဲ့ အခြေနေအကြောင်းရာတွေနောက်က အရင်းခံအတွင်းစိတ်ကလာတဲ့ ဂရုဏာတရားတွေကို မြင်နိုင်ဖို့လိုပါတယ်။
ရှေးရှေးက စိတ်ပိုင်းဆိုင်ရာယုံကြည်မှုတွေနဲ့ ဒီကနေ့လက်ခံနား လည်မှုတွေကို ဆက်သွယ်ပေါင်းကူးကြည့်ဖို့လည်းလိုလာပါတယ်။ သို့သော်လည်း အမြင်ဆိုင်ရာအနုပညာ များမှာ မျက်မြင်ရလဒ် (ပြင်ပကိစ္စများ) အပေါ်လိုက်ပါရင်း ပင်မအတွေးနဲ့စိတ်ကူးတို့ပျောက်ဆုံးရတတ်တဲ့ သာဓကတွေများစွာရှိနေဆဲပါ။ အမှန်စင်စစ် စိတ်အတွင်းခံစားမှုများကို ဖေါ်ပြဖို့ ပြင်ပအမြင်တွေနဲ့ခိုင်းနှိုင်းတင်စားခဲ့ကြတာ ယခင်ရှေးကထဲပါ။
သို့ပေမယ့် အနုပညာတစ်ခုရဲ့ အတွင်းအနှစ်သာရနဲ့ ပြင်ပရုပ်အမြင်တို့ဆက်သွယ်ချက်ဟာ အနုပညာကိုသတ်မှတ်လက်ခံမှုတွေအပေါ်လိုက်ပြီး ဝေးကွာလာခဲ့တယ်။ ဒီအတွက် ဒီလိုဝေးကွာမှု စပ်ဆက်ပတ်သတ်မှုတွေကိုပြန်လည်ပေါင်းစည်းစေဖို့ ပြင်ပအကာရံ ပသာဒတစ်ချို့ကို ကျွန်တော်တို့ ပြောင်းလဲလိုက်ပါပြီ။ ကျနု်ပ်တို့ကိုယ်တိုင်ခံယူလုပ်ကိုင်လာသလို ပြင်ပအပြင်ဆင်ကိုပိုမိုလျောချရင်း အနုပညာ ရဲ့ မူရင်းအနှစ်သာရ ပင်မခံစားမှုတွေကို သူ့အတိုင်းသီးသန့် မည်သည့်အကာရံအလှပမှဖုံးကွယ်မှု မပါတော့ပဲ ရေးထုတ်လိုက်ခြင်းပါပဲ။ ဒီလို အတွင်းသဏန်ကိုသာ အလေးပေးဖေါ်ထုတ်ရေးဆွဲတာဟာ ပြင် ပအမြင်ဆိုင်ရာရလဒ်အသစ်တွေနဲ့ အခြားရသ အသစ်တွေပေါ်ထွက်လာပြီး အထွေထွေ ရသခံစားမှုဆီကို ရှေ့ရှု လာနိုင်ဖို့ဖြစ် ပါတယ်။
ဒါဟာ အလွန်အရေးကြီးတဲ့ အလင်းစက်အသစ်ဖြစ်သလို ဒီလိုအလင်းပွင့်လိုက်တဲ့အတွက် ကျွန်တော်တို့ကိုယ် စီရဲ့ ရိုးရှင်းမှုပဓာန အတွင်းစိတ် ဝိညာဉ်အပေါ်လုံးလုံးမှီခိုထားတဲ့အယူဆဟာ အထွေထွေရသသစ် ဖေါ်ထုတ်မှု
ဆီကို မီးမောင်းထိုးနိုင်ခဲ့သလို ယခင်ရှေးအဆက်ဆက်က သုံးခဲ့တဲ့ ရုပ်ပစ္စည်းအခြေခံတဲ့ စနစ်အပေါ်လုံး လုံးမှီခိုပြီး စိတ်ကူးဉာဏ်နဲ့ခံစားမှုရသကင်းမဲ့လာခဲ့ခြင်း ကပ်ရောဂါတွေကနေ ကင်းလွတ်နိုင်ခဲ့ခြင်းဖြစ်တယ်။ တစ်နည်း အသုံးမကျတဲ့ရည်ရွယ်ရာမဲ့ ဂိမ်းကစားနည်းတွေလို ရုပ်ပစ္စည်းလွှမ်းမိုးသော အိမ်မက်ဆိုး ခေတ်ကာလ၊ စကြာဝဠာတစ်ခွင်ကိုနတ်ဆိုးလွှမ်းမိုးခဲ့တဲ့အချိန်ခါတွေ လွန်မြောက်ခဲ့ခြင်းလို့ဆိုနိုင်ပါတယ်။
ကျွန်တော်တို့တွေ့ရှိလိုက်တဲ့ လမ်းဟာ အတွေးသစ်တစ်စကိုလှမ်းဆုပ်နိုင်ဖို့ မှောင်မိုက်တဲ့ကောင်ကင်မှာလမ်းပျောက်နေစဉ် ကြယ်အလင်းတစ်ပွင့်လင်းလက်သာသလို အဖိုးတန်လှတယ်။ ဖျော့တော့ဆဲ အလင်းပွင့် ကလေးဖြစ်ပေမယ့် ကြီးမားတဲ့ လင်းပွင့်မှုတွေအားလုံးအတွက် မြဲမြဲဆုပ်ကိုင်ထားသင့်တဲ့အရာပဲဖြစ်တယ်။ သို့သော် ဒီလိုအားပျော့သော အလင်းတစ်စဟာ မှိန်ပျောက်ဖုန်းကွယ်သွားနိုင်တဲ့ ဖိနှိပ်မှုတွေ သံသယတွေ စတဲ့ စိတ်မရင့်ကျက်မှုတွေကြောင့် လက်လွတ်သွားနိုင်ခြေရှိနေနိုင်တာ သတိပြုစရာပါ။ နောက်ပီး ပိုမိုအားကောင်းချယ်လှယ်လာမယ့်ရုပ်ပစ္စည်းဝါဒရဲ့ လှိုင်းလုံးတွေကြောင့်လဲ မှိန်ဖျော့ပျောက်ကွယ်နိုင် ပါ သေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝိညာဉ်တွေက ဒီအလင်းတစ်စမီးပန်းငယ်လေးကို လွယ်လင့်တကူ မပျောက ်ပျက်အောင်စိတ်ခွန်အား သမာဓိခိုင်မာဖို့ အရေးကြီးပါတယ်။
(ဆက်ရန်....)
Photo: Wassily Kandinsky — Composition X, 1939
အောင်မြတ်ဌေး၏ ပန်းချီဝိဉာဉ် စာအုပ်မှ ကူးယူဖေါ်ပြသည်။

 

No comments:

Post a Comment