Pages

ဦးဝင်းဖေနှင့် ပေါ်သိမ်း တွေ့ဆုံခြင်း။

 


တစ်နေ့ကျတော့ ပေါ်သိမ်းအခန်းသို့
ဦးဝင်းဖေရောက်လာသည်။
ထိုအချိန်က ဦးဝင်းဖေသည်
မန္တလေးပန်းချီပန်းပုကျောင်းတွင်
ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။
သူ့ ထံ ဦးဝင်းဖေရောက်လာပုံကို
ဦးပေါ်သိမ်းက စာရေးသူထံ ပေးပို့ခဲ့သည့်
စာထဲတွင် ဖော်ပြထားပုံမှာ
" တစ်နေ့ ဦးဝင်းဖေသည် မော်ဒန်ပန်းချီအပေါ် ကျွန်တော်၏ ရူးသွပ်မှုကို ကြားသိရပြီး၊ ကျွန်တော့်အဆောင် အခန်းတံခါးရှေ့သို့ သူ့ကိုယ်သူ မိတ်ဆက်ကာ ရောက်လာခဲ့သည့် ထိုနေ့ကို ကျွန်တော် မှတ်မိနေပါသေးသည် " ဟု ရေးသားထားသည်။
ထို့ပြင် ဦးဝင်ဖေသည် သူ၏ ဗြိတိသျှထုတ် အော်စတင်ဆီဒင်ကားလေးကို ဗန်ဒါပင်လေးအောက်တွင်ထိုးထားပြီး၊ ကျွန်တော်တို့ ကျွန်တော်တို့ စကားစမြည်ပြောခဲ့ကြသည်ကိုလည်း ဖော်ပြထားသည်။
ဆရာ ဦးဝင်းဖေနှင့် ပေါ်သိမ်းသည်
အလွန်ရင်းနှီးသောဆက်ဆံရေးရှိသူများ ဖြစ်သည်။
ပေါ်သိမ်း၏ စာများအရလည်း သူသည် ဆရာကြီးဦးဝင်းဖေကို အလွန်တရာမှ လေးစားချစ်ခင်မှုရှိသည်ကို တွေ့ရသလို၊ ဦးဝင်းဖေ၏ ပန်းချီလက်ရာများအပေါ် တန်ဖိုးထားမှု၊ ပုဂ္ဂိုလ်ရေး သံယောဇဥ် ကြီးမားမှုများရှိသည်ကို တွေ့ရသည်။
ပြောရလျှင် ပေါ်သိမ်း၏ ပန်းချီဆရာ ဘဝသည်
ဆရာကြီးဦးဝင်းဖေ၏ ပံ့ပိုးပေးမှုဖြင့်
လမ်းကြောင်းတစ်ခု ပေါ် ရောက်ရှိသွားစေသည့် ' စမှတ် ' တစ်ခု ဖြစ်ခဲ့သည်ကိုတွေ့ရသည်။
" ကျွန်တော်က မန္တလေးအနုပညာပန်တျာနဲ့ အကကျောင်းမှာ ကျောင်းအုပ်လုပ်နေတဲ့ အချိန်။
အဲဒါက ၁၉၆၆ ခုနှစ်မှာ လုပ်တယ်။
လုပ်ပြီးတော့ ၁၉၆၇(သို့မဟုတ်) ၆၈လောက်ပဲ နေလိမ့်မယ်။ မန္တလေးတက္ကသိုလ်ကို သွားတယ်။
ဒါ ကျွန်တော့ ကျောင်း။
ကျွန်တော်က မန္တလေး တက္ကသိုလ်က ထွက်တာ။
သွားတဲ့အခါကျတော့ မန္တလေးတက္ကသိုလ်က နံရံကပ်စာစောင်တစ်ခုကို တွေ့တော့ ကျွန်တော်ခဏလေး ဝင်ငေးတယ်။
ဒါမျိုးတွေက ကျွန်တော်တို့ရှိတုန်းကလည်း
ကျွန်တော်တို့ လုပ်ခဲ့တယ်။
ဝင်ငေးတော့ ပန်းချီလက်ရာတစ်ခုကို ကျွန်တော်ကြိုက်တယ်။ ကြိုက်တော့ ဖြတ်သွားဖြတ်လာ ကျောင်းသားတစ်ယောက်ကို မေးတယ်။
ဒီလူကို ခင်ဗျားသိလား။
ဒီလူ ပေါ်သိမ်းလို့ လက်မှတ်ထိုးထားတယ်။
ဟာ... သိပါတယ်တဲ့။
သူက ကျောင်းအိပ်ကျောင်းစားနေတာလား။ အပြင်ကလားဆိုတော့၊ ကျောင်းအိပ်ကျောင်းစားပါ၊
အောင်မဂ်လာကပါလို့ပြောတယ်။
အောင်မဂ်လာမှာ
ဘယ်သူမှ မကြိုက်တဲ့ထောင့်ခန်းရှိတယ်။
အဲဒီထောင့်ခန်း ကျွန်တော်လည်းသိပါတယ်။
အဲဒီထောင့်ခန်းမှာ သူနေတယ်တဲ့။
ကျွန်တော်လည်းအားနေတာနဲ့ ကားနဲ့ အောင်အဂ်လာကိုသွား၊ သွားပြီး သူ့ထောင့်ခန်းကို တံခါးခေါက်တော့ရှိနေတယ်။
သူ ကျောင်းမတက်ဘူးတဲ့။
ခင်ဗျား ဒီလို နံရံကပ် စာစောင်မှာ ရေးတာ
ခင်ဗျားရေးသလား။
ဟုတ်ပါတယ်၊ ကျွန်တော်ပါတဲ့။
ခင်ဗျား ဆီဆေးရေးဖူးသလား၊
ကျွန်တော် မရေးဖူးပါဘူးတဲ့။
ဆီဆေးလည်း ကျွန်တော့်မှာ မရှိဘူးတဲ့။
ဒါဖြင့် ခင်ဗျားရေးမလား၊ ရေးချင်တယ်တဲ့။
ဒါပေမဲ့ ကျွန်တော်မတတ်နိုင်ဘူးတဲ့ ၊
ကျွန်တော်က ကျောင်းသားဆိုတော့တဲ့။
အဲဒါဆိုလို့ရှိရင် ကျွန်တော်က အနုပညာပန်တျာကျောင်းအုပ်ကြီးပဲ ။
ကျွန်တော့ ကျောင်းကိုလာခဲ့။
လာခဲ့ရင် ခင်ဗျားရေးလို့ရမယ်။
ကျွန်တော် ဘယ်လောက်ကုန်ကျမလဲဆိုတော့ ၊ ဟာ အဲ့ဒါတွေ မလိုပါဘူး။
ရေးချင်ရင် ရေးရရင် ပြီးတာပဲ မဟုတ်လားဆိုပြီးခေါ်သွားတယ်။
ခေါ်သွားတော့ ချက်ချင်းလိုက်လာတာ မဟုတ်ပါဘူး။
ဒါပေမယ့် မကြာဘူး။
တစ်ရက်နှစ်ရက် အတောအတွင်းသူရောက်လာတယ်။ ရောက်လာတော့ ကျွန်တော် သူ့ကိုဆီဆေးရေးခွင့်ပေးတယ်။ သူရေးတဲ့ လက်ရာကိုကြည့်တော့ ကျွန်တော်က သူဆီဆေးရေးရင်ကောင်းမယ့်လူဆိုပြီးတော့ ကျွန်တော်ကလည်း အဲဒီလိုသိတယ်။
ခံစားရတယ်။
အဲ့ဒါနဲ့ ကျွန်တော်က သူဆီဆေးရေးဖို့ လုပ်ပေးတယ်။ တစ်ချိန်တည်း သူ့ကို ကျွန်တော်တို့ဆရာ ၊ ဆရာဦးခင်မောင်၊ ဘဏ် မန်နေဂျာဆီကို ကျွန်တော်အပ်တယ်။ အပ်တော့ ကျွန်တော်ကိုယ်တိုင်လိုက်ပို့သလား။ စာရေးပေးလိုက်သလား မပြောတတ်ဘူး။ အပ်တယ်။ အဲဒီတော့ ကျွန်တော်ဆရာအရင်းဆီကို ကျွန်တော်တို့ကဲ့သို့ပဲ။ ကျွန်တော်တို့ကဲ့သို့ပဲ ကျွန်တော်နဲ့ ပေါ်ဦးသက်ကဲ့သို့ပဲ သူက ဆရာရင်း တပည့်ရင်းတွေ ဖြစ်သွားတယ်။ အတူတူတော့ ကျွန်တော်တို့ မသွားဖူးဘူး။
ကျွန်တော်က ဒီဖက်အလုပ်ရှုပ်နေလို့။
အဲ့ဒီတော့ ကျွန်တော့်ဆရာက ကြုံတဲ့အခါပြောတယ်။
ဝင်းဖေ မင်းလွှတ်လိုက်တဲ့အကောင်တော်တယ်ကွ၊ ဘာညာ။ အဲဒါ သူနဲ့ ကျွန်တော် တွေ့ပုံတွေ့နည်းလေး " ဟု ဆရာကြီး ဦးဝင်းဖေက ပြောပြခဲ့သည်။
လှိုင်ဘွား ၏ ပန်းချီပေါ်သိမ်း စာအုပ်မှ
 

The AVA Art Gallery facebook page မှ ကူးယူ




No comments:

Post a Comment