…………........
ပြင်သစ်ပန်းချီဆရာမိုးနေး(၁၈၄၀-၁၉၂၆) အကြောင်း…ကျနော်စာတစ်အုပ်ရေးဖူးတယ်…ရုပ်ပုံအက်ဆေးနဲ့ခေတ်ကာလတွေယှဉ်ပြပုံမျိုးပါ။ မိုးနေးကို သူ့ပန်းချီကားတွေမြင်ဖူးယုံ
ကာလကထဲကကြိုက်ခဲ့သလို..သူ့အကြောင်းသေချာသိရတော့လဲလေးစားနှစ်သက်တာပါပဲ။ အခု ပန်းချီကားတစ်ကားကို ပညာရပ်ပိုင်းရောခံစားသုံးသပ်မှုပိုင်းပါ ဘယ်လိုလေ့လာမလဲဆိုတာ ပြောပြလိုက်ပါတယ်။ အခု ..နယူးယော့ခ်က မိုမာမှာပြထားတဲ့ ကလောဒ် မိုနေးအခန်းထဲက ကြာကန်နံရံအပြည့် ပန်းချီကားကြီးရှေ့ ရောက်ခဲ့ပြီ။ ဆေးချက်စုတ်ချက်အရောင်ခတ်ထားတဲ့ တဖျပ်ဖျပ်အလင်းစက်တွေထဲ တပ်အပ်မြင်ရပြီ။ ပန်းချီဆရာရဲ့စိတ်အာရုံမှာဖျက်ခနဲမြင်ရပုံမျိုး (သို့မဟုတ်) သဘာဝအမြင်ထက် ပန်းချီဆရာကပိုပြီးချယ်မှုန်းလို့ လေဟာပြင်ထဲကမြုမှုန် အလင်းစက် ရောင်ပြန်တွေရောယှက်နေတဲ့ စိတ်သိသဘာဝသဘောတရားကို ရေးပြခဲ့တဲ့ ပန်းချီမြင်နိဗာန်ဟန်တစ်ခု လို့သာဆိုချင်တာပါပဲ။
ဒီ အခန်းအပြည့်လောက်နီးပါး နံရံပန်းချီကားချပ်ကြီးဟာ မိုနေးရဲ့ဘဝနောက်ဆုံးဆယ်စုနှစ် ပိုင်းကာလတွေမှာရေးခဲ့တဲ့လက်ရာတွေထဲကတစ်ခုပါ။ Grand Decoration လို့ သူသုံးနှုန်းတဲ့ ခန်းနားတဲ့တန်ဆာဆင်ဟန်ဆီကို သူ့အနုပညာနှစ်မြဲပ်လိုက်ဖို့ဆုံးဖြတ်ပြီးချိန်ပေါ့။ ဘဲဥပုံခန်းမရှည်တွေထဲ ၇ပေနီးပါးမြင့်ပြီး ၁၄ ပေလောက်ရှည်တဲ့ နံရံပြည့်ကင်းဗတ်ဘောင်တွေ ကိုတစ်ဆက်ထဲ ရေးခဲ့တာဖြစ်ပါတယ်။ ဘာလိုအကွေးပုံရေးသလဲဆိုတော့…သူ့ရေကန်ထဲက မြင်ကွင်းကိုရေးတာမှာ ရေကန်ဟာသဘာဝအတိုင်းအဝိုင်းပုံဖြစ်ပီး ပန်းချီပြခန်းကိုလည်း ထောင့်ချိုးတွေမရှိပဲ ရေကန်အတိုင်းဖြစ်ဖို့လို့ဆိုတယ်။ နောက်ပီး…ရေကန်မြင်ကွင်းမှာ မြင်နေကျမိုးကုတ်စက်ဝိုင်းထိမယူပဲ ရေပြင်အပြည့်ယူပြီး…ကောင်းကင်ရောင်ပြန်အရိပ်တွေ ကိုရေတာဟာ…ကောင်းကင်မှာအနားသတ်ထောင့်တွေမရှိတာကြောင့်လို့ ဆိုတယ်။သဘာဝကိုတုပတဲ့နေရာမှာ အရုပ်အမြင်တူအောင်ထက် အခြေနေနဲ့လက်တွေ့ ဖြစ်ရှိတည်နေတဲ့ သဘောသဘာဝကိုပါ အရယူပြထားတာ လေ့လာဖွယ် နမူနာကောင်းပါ။
သဘာဝကိုတုပတဲ့ အင်ပရက်ရှင်ပန်းချီဟန်ခေတ်မှာ…သဘာဝကိုဘယ်လိုထပ်ဖန်တီးနိုင်ဦး မလဲဆိုတာ ရှာဖွေခဲ့ခြင်းမျိုးဖြစ်ပြီး…ပုံမှန်ထောက်တိုင်ပေါ်မှာမြင်နေကျကားချပ်အဖြစ်ကနေ သင်ကိုယ်တိုင်ပိုမိုကြီးကျယ်သွားတဲ့….ကန်ရေပြင်ရှေ့ အဆုံးမဲ့မိုးကောင်ကင် ထဲရောက်အောင်ခေါ်ပြခဲ့တာဖြစ်ပါတယ်။ (ကျနော်တို့က အရင်က ပန်းချီလက်ရာအပေါ်မှာသာ ရေးချက်ကဘယ်လိုအရောင်ကဘယ်လိုစသဖြင့်ကြည့်မိကြတာ..ဒီသဘောကိုအခုပြတိုက်ကရှင်းလင်းချက်မှာမှ သိမြင်ရတော့တယ်။ ဒါဟာ သာမာန်ပန်းချီလောကလုပ်ရိုးအစဉ်လာ ပုံကားချပ်ဖန်တီးမှု အလုပ်ပုံစံကို တွန်းလှန်ကျော်ဖြတ်ပြသွားတာပါပဲ)။ (သိပ်စောတဲ့ခေတ်ပြိုင်အတွေးတစ်ခုပါ)။
၁၉၁၄-၂၆ အတွင်းရေးခဲ့တဲ့ဒီလက်ရာတွေဟာ..ဆီးဆေးပန်းချီတွေပါ။ ပန်နယ်(ဘောင်)၃ချပ်ရှိပြီး…တခုကို ၆ပေမြင့် ၁၄ပေရှည်တယ်။ တစ်ခုစီခွဲကြည့်လို့မရ၊ ပေါင်းစပ်ကြည့်မှရမယ်။ ရေပြင်အပြည့်ရေးထားတာဖြစ်ပြီး…မြင်ကွင်းကိုကန့်သတ်တဲ့ ဘယ်လိုလိုင်းမျိုး အကာရံမျိုးမှမထည့်ထားဘူး၊ ရေပြင်မှာ အပေါ်က သစ်ပင် တိမ် နေရာင် တွေအပြင် ရေပြင်က မှော်ပင်ကြာပင် ပန်းတွေ ဒေါင်းမြှီးစိမ်း..တွေဟာ ကင်းဗတ်မှာကြည့်ရင် ရှုပ်ထွေးနေတဲ့ ရောင်စုံစုတ်ချက်တွေထောင်သောင်းချီရောယှက်နေတာပါပဲ။ မိုးနေးရဲ့ ဘဝအနှစ်သာရပျော်ရွှင်မှုတွေကို ဆင်ယင်ထားတာပါပဲ။ ရလဒ်ကတော့ ပန်းချီထဲမှာတရားရှာရင်း…သူ့ရဲ့ကန်ရေပြင်ဥယျဉ်ကြီးကို ထင်ဟပ်မှတ်မိပုံပါ။
မျက်စီအမြင်ချို့ယွင်းနေတဲ့ အဖိုးအိုတယောက်ဒီလက်ရာကြီးတွေကိုဖန်တီးခဲ့ တာဆိုတဲ့စိတ်နဲ့ကြည့်တော့…စိတ်ထဲနွေးသလိုအေးသလိုဟာသွားမိမှာပဲ။ သူကခပ်ဝါးဝါးမြင်ရတဲ့မျက်လုံးနဲ့ရေးခဲ့တာဟာ…မျက်စိကောင်းတဲ့နောက်လူတွေအဖို့ ဘဝသစ်ထဲရောက်စေခဲ့တာပါပဲ။ ဒါ့အပြင်.. ၁၉၅၀ အစောပိုင်းတွေမှာ အိတ်စပရက်ရှင်နစ်ဇင်ကို အနဲငယ်သာစိတ်ဝင်စားရာကနေဒီကြာကန်တွေပေါ်လာပြီးနောက်မှာ သိသိသာသာ စိတ်ဝင်စားမှုတိုးလာကြတာတယ်…ဒါကြောင့် ဖော်ထုတ်မှုဝါဒပန်းချီရှေးပြေးတွေထဲမှာ မိုးနေးရဲ့ကြာကန်ဟာ ထင်ရှားတဲ့တခုဖြစ်ခဲ့တယ်။ အခုတွေ့ရတဲ့ ကြာကန်တွေဟာ…သူကွယ်လွန်ပြီးနှစ် ၂၀ ကျော်ထိ ဂီဗာနီက သူ့စတူဒီယိုထဲမှာ သိမ်းထားခဲ့တဲ့လက်ရာတွေဖြစ်ပြီး..၁၉ ၅၅ ခုနှစ်မှ မိုမာကဝယ်ယူစုဆောင်းခဲ့လို့ ထင်ရှားလာတာဖြစ်ပါတယ်။ ၁၉၅၆ မှာ ပြတိုက်မီးလန့်ခဲ့ပေမယ့် လက်ရာတွေတခုမှမပျက်စီးပဲကျန်ခဲ့တာကံကောင်းတယ်တဲ့။
(အခုပြောခဲ့တာတွေက ပြတိုက်ပညာရှင်တွေရှင်းလင်းတင်ပြချက်ပါ)..။
(((ကျနော့်ထင်မြင်ယူဆချက်အနေနဲ့…ဒါဟာ…၁၉၅၀ မှာပန်းချီခေတ်ကို တနည်းနည်းနဲ့ရှေ့သို့တွန်းပိုးခဲ့တဲ့လက်ရာထဲကတစ်ခုပေါ့…။ အခုခေတ်မှာရောင်စုံဓာတ် ပုံတွေဗီဒီယိုတွေခေတ်မှာ ဓာတ်ပုံကတဆင့်ပြန်မြင်ရတာတွေနဲ့ယှဉ်တုရေးမိရင်း…အခုသူရှေးရှုခဲ့တဲ့မူရင်းသဘောတွေကင်းပပြီး…ရေးချက်လုပ်ပုံ လက်စွမ်းပသာဒထဲပြန်ရောက်ဖို့ လေ့လာတာမျိုးထက်…သူရှာဖွေခဲ့တဲ့ ပိုမိုအနှစ်သာရသဘောဆီလေ့လာမှုရောက်စေချင်ပါတယ်။ သူ့ကြောင့် ဖော်ထုတ်ရေးဟန်တွေ ဒြပ်မဲ့တွေဆီလှမ်းနိုင်ခဲ့လို့….ဆိုတာမမေ့ထားပဲ…ဒီကနေ့ရောက်ရှိနေတဲ့အနုပညာခေတ်ကိုလည်းအမှန်မြင်နိုင်စေချင်ပါတယ်။)))
ကလေးတွေအတွက်..ပြတိုက်ကရှင်းလင်းချက်ကလေးရော..နားထောင်ဦးမလား။သဘောကျစရာပါ…နဲနဲပြောပြမယ်.......။
ကလေးတို့…နားထောင်ပါ…ပန်းချီထဲကပန်းတွေသွားမထိနဲ့…ရေထဲကိုခုန်မဆင်းရဘူးနော်… မွန်ဇီယာ မိုးနေးက မင်းတို့ သူ့ပန်းခြံထဲရောက်နေတာသိချင်သိနေမှာ။ အခု သူ့ရဲ့နာမည်ကျော်ရေကန်ကြီးရှေ့မင်းတို့ရောက်နေတယ်….ကြာပန်းတွေရေမှာပွင့်တာ သိတယ်နော်..။ ရေပြင်ကကြည်လင်နေတော့ ကောင်းကင်ကြီးက ပန်းတွေနဲ့ရောပြီး..မြင်ရတာပေါ့။
မနက်ခင်းဆို ဒီဦးလေးကြီးက သူ့ရေကန်ထဲလှေလှော်ပြီး..ရေမှော်တွေလိုက်ဆယ်…ပန်းတွေလိုက်ကြည့်တာတဲ့။ ပန်းချီကားကို နောက်ဆုတ်ကြည့်….ကလေးတို့ ရေကို ဘယ်လိုပန်းချီရေးမလဲ သိပ်ခက်တာနော်…ရေကမှန်လိုပဲကြည်နေတော့ ဘာမှရေးဖို့မလိုတော့ဘူး။ ဒါပေမယ့် သူ့မှာအရိပ်ထင်တဲ့ ကောင်းကင်တိမ်တွေကိုရေးနိုင်တာပေါ့။ အခု ပန်းချီကားထဲမှာ ပန်းနုရောင်တိမ်တွေမြင်တယ်မို့လား…ရေပြင်ကအရိပ်တွေက နေရောင်ကြောင့်သဘာ၀ ကိုပြောင်းလဲပေးတယ်…ရေပြင်ပေါ်ကလေပြေညှင်းတွေကြောင့်ရော…ဖားလေးတွေခုန်ကူးလို့ရော ..ပြောင်းနိုင်တာပေါ့။ ငှက်ကလေးတွေရေပေါ်နားရင်လဲပြောင်းနိုင်တယ်…ရေပြင်စိမ့်ရင့်ကြီးကျတော့ အပေါ်ကအပင်တွေကြောင့်ရင့်သွားတာပေါ့။ ပန်းချီကားနားကိုသေချာပြန်ကပ်ကြည့်လိုက်ဦး…သူ့ရဲ့..အလွန်များပြားတဲ့ စုတ်တံရေးချက်လေးတွေတွေ့ရလိမ့်မယ်။……..
အောင်မြတ်ဌေး
၁၇ ၉ ၁၄
Pages
မိုးနေရဲ့ကြာကန်ကောင်းကင်ထဲ စီးမြောခြင်း...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment