Pages

ဂျပန် ဂုတိုင်ပန်းချီ (Gutai Art Association) ၁၉၅၄-၁၉၇၂ - ပထမပိုင်း


ဂုတိုင် ဂျပန်ပန်းချီအုပ်စု The Gutai Bijutsu Kyokai ကို ဂျိရော့ ယောရှိဟရ (Jirō Yoshihara) က ၁၉၅၄ ခုနှစ် အတွင်း ဂျပန်ပြည် အိုဆာကာမြို့နားမှာ ဖွဲ့စည်းခဲ့တယ်။ ဂုတိုင် ဆိုတဲ့အဓိပ္ပ ါယ်ကို အဖွဲ့ခေါင်းဆောင် ယောရှိဟရ အနေနဲ့က -- 'Gu' ဆိုတာက ဖန်တီးမှုအတွက် အသုံးချတဲ့ ကိရိယာ တန်ဆာပလာ ကိုဖော်ဆောင်ပြီး 'Tai' ဆိုတာက အကောင်အထည်ဖော်မှု လို့ မှတ်ယူပါတယ်။ သူတို့ကဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်ပန်းချီမှာ အင်မတန်အရေးပါ အရာရောက်တဲ့ အုပ်စုပါ။ အဖွဲ့ထောင်တဲ့အချိန်အခါမှာ အမေရိကားမှာ Abstract ပန်းချီက ခေတ်စားနေကြပါပြီ။ ဂုတိုင် တွေက ပန်းချီလောကမှာ တခါမှ မလုပ်ဖူးသေးတဲ့အရာ တွေကို ဘဲလုပ်ဆောင် ကြမယ် ဘယ်သူ့ကိုမှ မတုပဘူးလို့ တိုင်တည်ခဲ့ကြတယ်။ သူတို့အုပ်စုက အနုပညာကိုပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဖန်တီးကြပါတယ်။ ကင်းဗတ်ပေါ်မှာ ဆေးနဲ့ရေးယုံမကဘဲ Conceptual art, interaction art, Installation, Action painting ဆိုပြီး ဟန်အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးနဲ့ ပါခဲ့ကြတယ်။ ဒီ Avant-gard အနုပညာရှင်တွေက ၁၉၆၀ ခုနှစ်အနောက်တိုင်းမှာ နေရာယူခဲ့တဲ့ Performance Art ရဲ့ ရှေ့ပြေးလို့ ဆိုကြပါတယ်။ Technology ကို အသုံးပြုတဲ့သူပါသလို မီဒီယံတွေရဲ့ ဓါတုသဘာဝကို အိမ်သုံးပစ္စည်းတွေ အကူနဲ့ဖန်တီးတဲ့သူ၊ အသံနဲ့ပါဖန်တီးတဲ့ အနုပညာ စတဲ့ ဆန်းသစ်မှုအမျိုးမျိုး တွေပြုခဲ့ကြတယ်။
အစပထမ တည်ထောင်သူ ယောရှိဟရ (Jirō Yoshihara) နဲ့ ခဇုအို ရှိရင (Kazuo Shiraga) တို့ကအဖွဲ့ကို ဦးဆောင်ကြပြီး အဖွဲ့ထဲမှာ အင်မတန်ကို စိတ်ဝင်စားစရာတွေ ဖန်တီးတဲ့ ဆဒမဆ မိုတိုနင (Sadamasa Motonaga)၊ ရှော်ဇို ရှိမမိုတို (Shozo Shimamoto )၊ စုဘရို မူရခမိ (Subaro Murakami) နဲ့ တာကေ့ဆဒ မတ်ဆုတာနိ (Takesada Matsutani) တို့ပါဝင်ကြပါတယ်။ နောက်ထပ် ဖန်တီးရှင် အဖွဲ့ဝင်များလည်း ရှိပါသေးတယ်။ သမိုင်းတလျှောက်လုံး သူတို့အနုပညာကို ကမ္ဘာကအသိအမှတ်ပြုမှု နည်းပါးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ကို အနောက်နိုင်ငံက ပွဲစားများနဲ့ မိတ်ဆက်ပေးခြင်း ကလည်း ဖြစ်ဖြစ် မြောက်မြောက်မရှိခဲ့ပါဘူး။ အမေရိကားက ပန်းချီလောက ယဉ်ကျေးမှု နဲ့ ပေါင်းကူးပေးမဲ့ သူလည်း ရှိခဲ့ဟန်မတူပါ။ ဥရောပနဲ့ အမေရိကားက အဖွဲ့ဝင်တွေရဲ့ အနုပညာအပေါ်မှာလည်း လျှော့တွက်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ဂုတိုင်တွေဟာ အများထင်တာထက် အများကြီးပိုပြီး အတွေးအခေါ်မြင့်ခဲ့ကြတယ် ဆိုတာကို ၂၀၁၀ ကျော်မှ အနောက်ကမ္ဘာက Gallery တို့ ပြတိုက်တို့ကကျကျနန သိကြပါတယ်။ ယခင်က နားလည်မှုလွဲ ခဲ့ကြခြင်းဟာမှာယွင်းတယ် ဆိုတာကို ဂုတိုင်အဖွဲ့ဝင် တော်တော်များများ ကွယ်လွန်ပြီးမှဘဲ သိခဲ့ကြပါတယ်။
တချိန်က ဂျပန်မှာလုပ်ခဲ့တဲ့ နာမည်ကျော် Expo 72 ပြပွဲမှာ အဖွဲ့သားတွေ လက်စွမ်းပြခဲ့ပေမဲ့ သူတို့ အတွေးအခေါ်ကို လူတွေ နားလည်ခြင်း၊ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။ ဝေဖန်သူတချို့ကလည်း ဂုတိုင် အနုပညာမှာ Yves Klein နဲ့ Jackson pollock တို့ရဲ့ အခြေခံ သဘောတရားတွေ လွှမ်းမိုးနေတာကို တွေ့နေရတယ်ဆိုပြီး ဝေဖန်ကြတယ်။
ခဇုအို ရှိရင ကတော့ ပွန်းလောက်ပန်းချီ တွေကိုသူချစ်မြတ်နိုးတာကို အမြဲဘဲ ထဲ့ပြောပါတယ်။ တာကေ့ဆဒ မတ်ဆုတာနိ (Takesada Matsutani) ကတော့ ဖန်တီးမှု ဆိုတာ ပိုက်ဆံ ရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး... အရေးကြီးတာက ဒီထဲက (သူ့ရင်ဘတ်ကို လက်နဲ့ညွှန်ပြရင်း) အိုင်ဒီယာက အရေးကြီးတာပါ၊ ရင်ထဲက စိတ်ဓါတ်ခံကို ရှင်းပြရတာ ခက်ခဲလှတယ် လို့ဆိုပါတယ်။ တကိုယ်လုံးက လှုပ်ရှားမှုကို အသုံးချပြီး ပန်းချီရေးသူ "ခဇုအို ရှိရင" ကတော့ “ကျုပ်ပန်းချီတွေဟာ အလှရှာတဲ့သူတွေအတွက် မဟုတ်ဘူး ပေါက်ကွဲမှုရဲ့ ဂယက် သက်သက်သာပါ”တဲ့။ 1972 ခုနှစ်မှာ ရောရှိဟလ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ အချိန်ကစပြီး အဖွဲ့မရှိတော့ပါဘူး။
၂၀၁၃ ခုနှစ်က နျူးယောက်မြို့ က Solomon R. Guggenhein Museum မှာ ၃လနီးပါး ပြခဲ့တဲ့ Gutai: Splendid Playground ပြပွဲမှာကျတော့ အရင်ကနဲ့မတူ အားလုံးက အသိအမှတ် ပြုလာကြပါတော့တယ်။ ပြပွဲရဲ့ တစိတ်တဒေသ အနေနဲ့ ပြတိုက်တခုလုံးကို Motonaga Sadamasa’s ရဲ့ ၁၉၅၆ က "ရေ" ဆိုတဲ့ Installation ကို အရင်မူလ အတိုင်း ပြသခဲ့တာကို ပူးတွဲပါ ဓါတ်ပုံတွေမှာ ကြည့်ပါ။ "ရေ" ကို အရောင်မဲ့ ပလတ်စတစ် ပိုက်လုံးတွေနဲ့ တင်ဆက်ခဲ့တယ်။ ပိုက်လုံးတွေထဲမှာ အရောင်အမျိုးမျိုး ဆိုးထားတဲ့ ရေကို ထဲ့ပြီး တခုနဲ့တခု ပိုက်ကွန်လို သွယ်တန်းထားတယ်။ ပြတိုက်ကလည်း ဆေးဖြူသက်သက်သာ သုတ်ထားတဲ့ပြတိုက် တခုဖြစ်လေတယ်။ ဒါကြောင့် အရောင်ဆိုးထားတဲ့ ရေတွေဟာ စိန်ကျောက်လေးများလို တောက်ပလှလွန်းတယ် ဆိုတာ ဓါတ်ပုံ ဗီဒီယို များမှာ ကြည့်နိုင်ပါတယ်။ ဒီပွဲကစပြီး ဂုတိုင်တွေဟာ အနောက်ကမ္ဘာ မှု အောင်မြင်မှု ရခဲ့ပြီး ကျော်ကြားလာပါတော့တယ်။
အဖွဲ့ဝင် သုံယောက်အကြောင်းကို ပန်းချီချစ်သူများအတွက် ဖော်ပြပါမယ်။
Jiro Yoshihara ဂျိရော့ ယောရှိဟရ (1905 – 1972)
Gutai အဖွဲ့ကို တည်ထောင်ခဲ့သူ ဂျိရော့ ယောရှိဟရ ဟာ အိုဆာကာမြို့ကဖြစ်ပါတယ်။ ကလေးဘဝမှာတုံးက ကျောင်းပညာ ကိုမယ်မယ်ရရ မသင်ယူခဲ့ရပေမဲ့ ဥရောပ ပန်းချီနဲ့ အတွေးအခေါ်ပညာ (ဒသနိကဗေဒ) ကို ပြင်သစ်ပြန် ဂျပန်ဆရာထံကနေ သင်ယူခဲ့တယ်။ လူငယ်ဘဝမှာ Fauvist ဆန်တဲ့ Nika-kai ဆိုတဲ့ အဖွဲ့ကို ဝင်ခဲ့တယ်။ အစပိုင်းက သူဟာ ဆာရီယယ်လစ်နဲ့ အက်ဘ်စထရက် အိပ်စပရက်ရှင် စတိုင်တို့နဲ့ ရေးခဲ့ပါတယ်။ အီတာလျံ ဆာရီယယ်လစ် Gorgio de Chirico၊ ဂျုံးမီရိုး၊ ဝဲလက်စလီ ကန်ဒင်းစကီး တို့ဟန်တွေကို နှစ်ချိုက်သဘာကျခဲ့တယ်။ သူ့ပထမ ဦးဆုံးပန်းချီပြပွဲကို Nika-kai အဖွဲ့နဲ့တူတူ ပြခဲ့တယ်။ အဲ့ဒီတုံးက လက်ရာတွေကတော့ တခြားဂျပန် အာဗောန်ဂါ့ ပန်းချီဆရာတွေအတိုင်းဘဲ ဆာရီယယ်လစ် ဟန်တွေနဲ့ချည့်ပါဘဲ။ တဖြေးဖြေးနဲ့ ယောရှိဟရ ဟာ ဂျီအိုမက်ထရစ် ဘက်ကို ကူးလာခဲ့တယ်။ ဒီနောက်ပိုင်း ၁၀နှစ်လောက် ၁၉၃၅-၁၉၄၅ မှာ ပန်းချီမရေးသလောက် ကိုဖြစ်သွားခဲ့ပြီး အမှောင်ကာလလို့ ဆိုနိုင်ပါတယ်။
၁၉၅၀ လောက်မှာ Contemporary Art အဖွဲ့နဲ့ ပြန်လည်လှုပ်ရှားပါလေတယ်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်က ဂျပန်ရိုးရာပန်းချီနဲ့ ပန်းချီလောကရဲ့ အသိအမှတ်ပြုခံရ ဖို့ဖြစ်ခဲ့တယ်။ ကလေးပန်းချီ၊ ဇင်ဗုဒ္ဓ ဘာသာပန်းချီ၊ ရိုးရာစုတ်တံလက်ရေး တွေက လှုံ့ဆော်မှု အပေးဆုံးအရာတွေပါဘဲ လို့ဆိုခဲ့သူပါ။
ဂျက်စင်ပွန်းလောက်ရဲ့ အက်ရှင်ပန်းချီ ကို နှစ်သက်သလောက် ခေတ်ရေစီးကြောင်း ဖြစ်နေတဲ့ Abstract Art ကိုတော့ လက်မခံပါ။ ၁၉၅၄ မှာတော့ သူဦးဆောင်တဲ့ ဂုတိုင်အဖွဲ့ကို ဖွဲ့ခဲ့တယ်။ သူလေးစားတဲ့ ခဇုအို ရဲ့ Zero Society အဖွဲ့ကို ဂုတိုင်ထဲပေါင်းစေတော့ အုပ်စုအင်အားတောင့်လာပါတော့တယ်။ ဂုတိုင် ရဲ့ အဖွဲ့စည်းမျဉ်းတွေကို သူကိုယ်တိုင်ဘဲ ရေးဆွဲခဲ့ပါတယ်။ နောက်တော့ Bokujin-kai အမည်ရတဲ့ အာ့ဗော့်ဂါ့ ရိုးရာစုတ်တံလက်ရေး (avant-garde calligraphy) အဖွဲ့့နဲ့လည်း လက်တွဲခဲ့ပါသေးတယ်။ ကြည့်ရတာ ဂျပန် ပန်းချီလောကဟာ အုပ်စုဖွဲ့နိုင် အုပ်စုဝင်နိုင်မှသာ အသိအမှတ်ပြုခံရသလို ဖြစ်နေပါတယ်။ တချိန်ထဲမှာ သူဟာ စားသုံးဆီလုပ်ငန်း ပိုင်ရှင်တယောက် အနေနဲ့လည်း ရပ်တည်နေတယ်။ ၁၉၆၀ လောက်မှာ ဇင်ဗုဒ္ဓဘာသာပန်းချီ ရဲ့အခြေခံဖြစ်တဲ့ အဝိုင်းပုံတွေ (ဂျီသြမက်ထရိတ်) တွေ အများကြီးရေးပါတယ်။ ဒီလောက် အဝိုင်းပုံတွေရေးခဲ့တာ တခါမှ သူ့စိတ်ကြိုက် မဝိုင်းခဲ့ပါ - အဝိုင်းတခုနဲ့ တခုလည်း မတူကြပါဘူး လို့ဆိုလေတယ်။ ၁၉၇၂ မှာ ယောရှိဟရ တယောက်ရုတ်တရက် ကွယ်ခဲ့ပါတယ်။ ပန်းချီတခုထဲမက ဆန်းပြားတဲ့ အနုပညာအမျိုးမျိုး ပါဝင်တဲ့ ဂုတိုင်အုပ်စုလည်း ယောရှိဟရ လွန်ပြီးတဲ့နောက် မရှိတော့ပါဘူး။ ပန်းချီမရေးတော့ဘဲ ဇင်ဘုန်းကြီးဘဝကို ကူးပြောင်းခဲ့တဲ့ ယောရှိဟရ နဲ့တူတူ အဖွဲ့ထူထောင်ခဲ့သူ ရှိရငလည်း လူထွက်ပြီး အိုင်ဒီယာအသစ်တွေနဲ့ ပန်းချီတွေ ပြန်လည် ဖန်တီးတော့တယ်။
Sadamasa Motonaga (ဆဒမဆ မိုတိုနင) (Japanese, 1922–2011)
အစပထမက ကာတွန်းဆရာဖြစ်ဖို့ ကနေပန်းချီဘက်ပြောင်းလာခဲ့တဲ့ မိုတိုနဂ ကတော့ ဟွန်ရှူးကျွန်း သားတယောက်ပါ။ သူကြီးပြင်းခဲ့တဲ့ အချိန်မှာ ဂျပန်ပြည်ဟာစစ်ဒဏ်ကြောင့် ဝမ်းနည်းကြေကွဲတဲ့အချိန်ပေမဲ့ ဆန်းသစ်တဲ့ ပျော်ရွှင်မှုပေးတဲ့ အနုပညာတွေနဲ့ သူ့လမ်းသူဖောက်ခဲ့တယ်။ ပန်းပုနဲ့ အင်စတော်လေးရှင်းတွေကို ဖန်တီးရင်း Abstract Art ကိုဘဲ ရာသက်ပန်ရေးခဲ့သူပါ။ ပြုံးပျော်စရာလေးတွေ ပါတဲ့ သူ့ပန်းချီဟန်နဲ့ ရှည်လျားတဲ့ ပန်းချီဆရာဘဝကို ပန်းချီကားပုံနှိပ်တာ၊ ကလေးစာအုပ်တွေမှာရေးတာ၊ ဇတ်စင်ဒီဇိုင်းဆွဲတာ တို့နဲ့ဖြည့်စွက်ပြီး ဖြတ်သန်းခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် ဂျိရော့ ယောရှိဟရ ရဲ့ တပည့်သားတယောက် အနေနဲ့ အုပ်ထိန်းမှုအောက် မှာနေခဲ့ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပန်းကန်ပြားပျံပုံ၊ ကာတွန်းရုပ်ပုံ၊ အမိဝမ်းထဲက သဋေသားပုံသဏ္ဍန် စတဲ့ သူ့ပန်းချီထဲက သင်္ကေတ တွေနဲ့ အနုရသ ပန်းချီကို ကလေးပန်းချီ၊ manga art, Pop art တို့နဲ့နှိုင်းယှဉ်ပြခဲ့တယ်။ ၁၉၅၇ မှာ စပြီး ဆေးရည်တွေ မျှောချတာတွေ၊ အရောင်တောက်တောက် ပန်းချီဆေးတွေကို ကင်းဗတ်ပေါ် အပုံလိုက် လောင်းချတာတွေစတဲ့ Abstract ရေစီးကြောင်းထဲကနည်းတွေ ကိုပြုလုပ်ခဲ့တယ်။ ဒီကတဆင့် မောရစ်စ် လူးဝစ်စ် Morris Louis ရဲ့ ဇာပုဝါပါးစ Veil paintings လိုမျိုး ဆေးရည်ကို လိုချင်တဲ့ နေရာကို ရောက်အောင် မျှောတဲ့နည်းလည်း ဖန်တီးခဲ့တယ်။ "လူလို့ထင်မှတ်ရတဲ့" သက်ရှိ သတ္တဝါတွေပုံတွေလည်း airbrush နဲ့ ပုံဖော်ခဲ့ပါတယ်။ ဆေးမှုတ်တာကို သုံးစွဲခဲ့တဲ့အတွက် သူ့လက်ရာတွေဟာ graffiti တို့ animation art တို့နဲ့ တူသယောင်ထင်ရလေတယ်။ ဂုတိုင်အဖွဲ့ဝင်တွေ ထဲမှာ ဆဒမဆ မိုတိုနင ကအနောက်ကမ္ဘာ ပန်းချီလောကနဲ့ အထိအတွေ့ အများသူမို့ သူ့ပန်းချီတွေဟာ အရင်ကတဲက ဥရောပနဲ့ အမေရိက Gallery တခုတလေမှာရှိခဲ့ပါတယ်။ သူကိုယ်တိုင် နျူးယောက် ပန်းချီလောကဆီ သွားခဲ့ပြီး ပန်းချီရေးခဲ့ အတွေ့အကြုံယူခဲ့ပါတယ်။
သူ့တဘဝလုံးက ရေးဆွဲခဲ့တဲ့ ပန်းချီဟန်တွေအားလုံးပါဝင်တဲ့ ခြေရာကောက်ပြပွဲဖြစ်တဲ့ Retrospective Exhibitions တွေကို ဂျပန်တပြည်လုံးမှာ ပြပွဲတွေ မကြာခဏပြခံခဲ့ရတယ်။ ၂၀၁၄ မှာတော့ အမေရိကန်ပြည် ဒါးလပ်စ် မြို့က Dallas Museum of Art မှာ Retrospective Exhibitions ပြခဲ့ပါတယ်။ ဒီ့အပြင် ၂၀၁၃ က အခြား ဂုတိုင်း အနုပညာတွေနဲ့ အတူတူ New York Solomon R. Guggenheim Museum မှာလည်း ကမ္ဘာ ကသူ့ဖန်တီးမှုတွေကို မြင်ခွင့်ရခဲ့ပါတယ်။ တခြားဂုတိုင်တွေလိုဘဲ ဆဒမဆ မိုတိုနင လည်း ကွယ်လွန်ပြီးမှ သူ့လက်ရာတွေဟာကျော်ကြားလာပါတယ်။
ပထမပိုင်းပြီးပါပြီ
Rhythm of Colors
December 2018
(ဂျပန်စာလုံးများကို မြန်မာသံ ဖလှယ်ပေးတဲ့ ဒေါ်ခင်မေမြင့် Karaweik M&J Travel & Tour Company) ကို အထူးကျေးဇူးတင်ကြောင်းပါ။)
ဂျပန် ဂုတိုင်ပန်းချီ (Gutai Art Association) ၁၉၅၄-၁၉၇၂ - ဒုတိယပိုင်း
Kazuo Shiraga "ခဇုအို ရှိရင" (1924 - 2008)
ခဇုအို ရှိရင ကို အက်ဘစထရက် ပန်းချီကျော် တယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ လေးစားခဲ့ကြပေမဲ့ ကမ္ဘာကတော့ သူကွယ်လွန်ပြီးမှ သိခဲ့ပါတယ်။ ဂုတိုင် အုပ်စုဝင်တွေထဲမှာ လူသိ အများဆုံးသူကတော့ ရှိရငလို့ဆိုရင် မှားမယ်မထင်ပါ။ သူက အဖွဲ့ခေါင်းဆောင် ယောရှိဟရရဲ့ ညာလက်ရုံး တယောက်ပါ။ ရှိရငက ၁၉၅၃ ခုနှစ်လောက်မှာ "Zero Kai" ဆိုတဲ့ ခေတ်ပေါ် ပန်းချီအဖွဲ့တခု ဖွဲ့ခဲ့တယ်။ သူတို့အနုပညာဟာ ဘာမှမရှိတဲ့ အရာကနေ ဖန်တီးယူမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ Zero လို့ နာမည်ပေး ခဲ့ခြင်းပါ။ Zero Kai ကို ၁၉၅၅ လောက်မှာ Gutai (ဂုတိုင်) ဆိုတဲ့အဖွဲ့ နဲ့ပေါင်းလိုက်ပါတယ်။ ဂုတိုင် တွေက ပန်းချီလောကမှာ တခါမှ မလုပ်ဖူးသေးတဲ့အရာ တွေကို ဘဲလုပ်ဆောင် ရမယ် ဘယ်သူ့ကိုမှ မတုပဘူးလို့ တိုင်တည်ခဲ့ကြတယ်။
ရိုးရာကီမိုနိုဆိုင်ဖွင့်တဲ့ လုပ်ငန်းက ဆင်းသက်လာတဲ့ ရှိရင က အနောက်နိုင်ငံတွေက ပန်းချီကိုသာ ငယ်စဉ်ကတဲက စိတ်ဝင်စားခဲ့တယ်။ မိသားစုလုပ်ငန်း ကနေ ရင်းနှီးလာတဲ့ ကီမိုနိုအဆင်တွေ အလှကို သူ့ရဲ့အစပိုင်းပန်းချီထဲမှာ ထင်ဟပ်နေတာ တွေ့ရမယ်ဆိုရင် ယုံပါ့မလား။ ဆီဆေးပန်းချီကို စိတ်ဝင်စားမှုရှိတဲ့ သူ့အဖေရဲ့ နည်းနာတွေ၊ သဘောတရားတွေကိုလည်း ငယ်စဉ်ကတဲက ကြားခဲ့ရပါပေါ့။ ဒါပေမဲ့လည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ကြီးပြင်းလာရတဲ့ ရှိရင အဖို့ တိုကျိုမြို့ကြီးက Tokyo Fine Arts Academy ကိုသွားပြီး ပညာသင်ဖို့ဆိုတဲ့ အိပ်မက်ကို အိမ်နဲ့နီးနဲ့ ကျိုတိုက အနုပညာ တက္ကသိုလ် နဲ့ဘဲ နှစ်သိမ့်လိုက်ရတယ်။ ကမ္ဘာစစ်ကြီး ပြီးသွားတော့မှ သူ့ရဲ့ စိတ်ကူးတွေ ခံစားချက်တွေကို အမျိုးမျိုး စမ်းသပ်မှုတွေ ပြုခဲ့တယ်။
ဂုတိုင်အုပ်စု တည်ထောင်စကတဲက စုတ်တံကို လုံးလုံးစွန့်လွှတ်လိုက်ပြီး လက်ချောင်းတွေ ခြေထောက်တွေနဲ့ပန်းချီကားတွေ ရေးလာ ပါတော့တယ်။ ၁၉၅၁ ခုနှစ်မှာ ပွန်းလောက်ရဲ့ ပန်းချီပြပွဲကို ကြည့်ခဲ့ဖူးတယ်။ ဆေးပက်တဲ့ Drip method ကိုသုံးခဲ့တဲ့အတွက် သူ့ကို ပွန်းလောက်နဲ့ ယှဉ်ပြီးပြောကြသော်လည်း ပန်းချီကားရဲ့ ဆေးအထူ နဲ့ Textures ကတော့ သူ့ကိုယ်ပိုင်ဟန်တွေ ဆိုတာ ငြင်းမရပါဘူး။ ပန်းချီရေးရင် အားနဲ့မန်နဲ့ရေးတဲ့ ရှိရင ဖန်တီးမှုကပေးတဲ့ အလှ၊ရသ၊ ပညာပိုင်းဆိုင်ရာတွေဟာဖြင့် ဆေးအထူနဲ့ Textures တင်မကပါဘူး။
ဆေးတွေပက်တယ်၊ ဆေးတွေစီးမျောတယ်၊ ခြေထောက်နဲ့ ပန်းချီတွေ ဖန်တီးယုံမက performances လည်းလုပ်ခဲ့တယ်။ ကျော်ကြားတဲ့ သူ့လက်ရာတွေထဲက ၁၉၅၅ မှာလုပ်ခဲ့တဲ့ ရွှံ့ကိုစိန်ခေါ်ခြင်း (Challenging Mud -1955) ကတော့ ဘိလပ်မြေနဲ့ ပလာစတာရောပြီးလုပ်ထားတဲ့ ရွှံ့ထဲမှာ နပမ်းသတ်သလို ပြုတယ်၊ အရာတွေ ထင်စေတယ်။ ခန္ဒာကိုယ်ကို လူးလိမ့်ရင်းကနေ လျှပ်တပျက် ချန်ခဲ့တဲ့ အရာတွေကလည်း ရသတမျိုးပေးခဲ့တဲ့ အနုပညာဖန်တီးမှုပါဘဲ။ ကိုယ်ခန္ဒာကို အသုံးချတဲ့အတွက် အနာခံပြီးဖန်တီးရတာပါ။ ဘယ်လိုပန်းချီတွေ လုပ်ချင်တာလည်း ဆိုတဲ့ မေးခွန်းကို ပြန်ဖြေထားတာကတော့ --- ပန်းချီကားတွေနဲ့ ပတ်သက်လို့ကတော့ တခုခုကို ပင်တိုင်မထားတဲ့ပန်းချီ အမျိုးအစားကိုဘဲ လုပ်ချင်စိတ်ရှိတာပါဘဲ။ ဆေးတွေကို တတ်နိုင်သမျှ ချွဲကျိနေအောင်၊ ပင်လယ်ရေမျှော့လို ဖမ်းလို့ကိုင်လို့ မရအောင်လို့ကို ရေးချင်တယ်လို့ တခါကပြောခဲ့ဖူးလေတယ်..
ကင်းဗတ်ကို ကြမ်းပြင်ပေါ်ချပြီးတော့၊ ပုံးထဲက ဆေးတွေကို ကင်းဗတ်ပေါ် ဘတ်ခနဲ ပစ်ချတာတမျိုး၊ ဂေါ်ပြားနဲ့ပက်တာတသွယ် ပုံပစ်လိုက်ပါတယ်။ သူ့ပထမဦးဆုံး စုတ်ချက် ... အဲဒီ stroke ကတော့ ရေခဲတုံးကြီးကနေ ပဲ့ထွက်လာသလို Effect မျိုးရပါသတဲ့။ တကယ်တော့ သူ့ဆေးသားတွေရဲ့ ရွေ့လျားမှု နဲ့ တွန်းကန်မှု ကြောင့်ဖြစ်လာတဲ့ ဆေးအပုံလိုက် သဏ္ဍန်ဟာ အားမာန်ကြီးတဲ့ ကင်းကောင်ကြီး ချန်ထားခဲ့တဲ့ ခြေရာလက်ရာ နဲ့တူနေတယ်။ နောက်ဆုံး ခြေထောက်ကို အသုံးမပြုခင်က knives, spatulas တွေအသုံးပြုသလို လက်နဲ့လည်း ခဏတဖြုတ် ရေးစမ်းခဲ့တယ်။ အချိန်တို တခုအတွင်းမှာ ပန်းချီကား အမြောက်အများကို ဖန်တီးလိုက်ရင် အားသစ်လောင်းလိုက် သလိုဖြစ်မယ် ... "ကင်းဗတ်ကို ထောင်ရက် ရေးလို့ကတော့ ဆေးဟာအောက်ကို မလွဲမသွေ ကျလာမှာဘဲ" ... "ဒီတော့ ကင်းဗတ်ကို ကြမ်းပြင်ပေါ် ချဖို့ကလိုအပ်လာပြီ အဲဒီ့မှာ ကားရဲ့အရွယ်က ကြီးလေတော့ အလည်ခေါင်ကို ကျုပ်လက်က မမီဘူးလေဗျာ ဒီတော့ ကင်းဗတ်အလည်ခေါင်ကို ရောက်အောင်သွားဖို့က တနည်းဘဲရှိတယ်”
သူ့ရဲ့ -- ဒီတနည်း ဆိုတာကတော့ -- အခန်းထဲက မျက်နှာကျက်ပေါ်မှာ ကြိုးတချောင်းကို နေရာနှစ်နေရာတန်းလျက် ခတ်လျော့လျော့ ချည်ထားတယ်။ ဒီကြိုးပေါ်မှာ နောက်ထပ်ကြိုးတချောင်းနဲ့ချည်ပြီး ဒုတိယကြိုးဟာ အောက်ကို တန်းလန်းချထားလေတယ်။ ဒုတိယကြိုးကို အားပြု ပြီးပန်းချီကားပေါ် သူက ရေခဲပြင်ပေါ် စကိတ်စီးတဲ့သူတွေလို ဖြေးဖြေးလေးလွှဲသွားလိုက်ပါတယ်။ ကြိုးတချောင်းနဲ့ တောထဲကတာဇံလိုများ မျက်စိထဲမှာ မြင်ယောင်မိကြမလား။ (စကားချပ် - တခါတလေလည်း ဒုတိယကြိုးမလိုဘဲ ပထမကြိုးတခုထဲနဲ့ ဖန်တီးပုံရပါတယ်။) ပန်းချီကားပုံပေါ်လာတဲ့ အခါလောက်မှာမှ ရေးချက်တွေကို စပြီးခတ်သွက်သွက် လှုပ်ရှားတော့တယ်။ -- ဒါပေမဲ့ သူပန်းချီရေးနေတာကတော့ အင်မတန် သိမ်မွေ့တဲ့ ကချေသည်ကို ကြည့်နေရသလိုဘဲ။ သူ့လှုပ်ရှားမှု တခုလုံးက သူ့ပန်းချီကားလိုဘဲ ကြည့်ရသူတွေကို မှင်သက်မိစေပါတယ် လို့သုံးသပ်ကြတယ်။ ကိုယ်မှာကြိုးချည်ပြီး ကင်းဗတ်ပေါ် ခြေထောက်နဲ့ရေးတဲ့ နည်းနဲ့ အရှိန်အဟုန် ကနေဖြစ်ပေါ်လာတဲ့ ခြေရာတွေ ကို ဖန်တီးချင်တာလို့ ရှိရင က ဆိုလေတယ်။
“Crimson lake” ဆိုတဲ့ အနီရောင်ကို နှစ်နှစ်ချိုက်ချိုက် သူ့ပန်းချီကား အများအပြားမှာ သုံးစွဲခဲ့တယ်။ ဒီအနီပါတဲ့ သူ့ပန်းချီကားတိုင်း ကလည်း ကြည့်ရသူ အသက်ရှူမှားလောက်ပါပေတယ်။ သူသုံးတဲ့ ဆေးနီပမာဏ၊ အတိုင်းအဆ၊ ခြေထောက်ရဲ့ အားအင်၊ သွက်လက်မှု တွေပေါင်းထားတဲ့ အပြင်းစား ပေါက်ကွဲမှုတွေ ရဲ့ရလဒ် ကတော့ သူ့ရဲ့ အကောင်းဆုံး လက်ရာတွေပါဘဲ... ၁၉၅၅ လောက်မှာ ရှိရငဟာ ဂျပန်ပြည်မှာ တိုင်းကျော်ပြည်ကျော် ဖြစ်နေပါပြီ။ ၁၉၆၀ ခုနှစ်များတုံးကဆို စူပါစတား တယောက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ် ပြတိုက်မှုးတယောက်က သူ့ကို စိတ်ဝင်စားမှုရှိခဲ့ပေမဲ့ ဥရောပမှာတော့ မထင်ပေါ်ခဲ့ပါဘူး
သူ့ဘဝ တလျှောက်လုံး မှာလည်း စုတ်နဲ့ရေးရတဲ့ ဂျပန် အလှလက်ရေး Japanese calligraphy ကို လေ့လာသုံးစွဲခဲ့တယ်။ ၁၉၇၀-၇၁ က ရှိရငဟာ ဇင်ဘုန်းကြီး ဘဝနဲ့ နှစ်နှစ်လောက် ရှေးဓလေ့ထုံး နဲ့ အရောင်တွေကို လေ့လာခဲ့တယ်။ ဘုန်းကြီးဘဝ ကျိုတိုမြို့ တဝိုက် Hiei Mountain ကတောနက်နက်ထဲမှာဘဲ သတင်းသုံးနေရာကနေ ပန်းချီရေးဖက် ဂုတိုင် အဖွဲ့ ခေါင်းဆောင် Jirō Yoshihara ရုတ်တရက် ကွယ်လွန်တာ ကြားတော့ ချက်ချင်းလူထွက်ခဲ့တယ်။ ဒီမှာပန်းချီပြန်ရေးတော့ ဟန်အသစ်၊ စတိုင်သစ်၊ မီဒီယံအသစ် တွေသုံးခဲ့ပေမဲ့ နဂို ရှိရင်းစွဲနည်း အတိုင်းဘဲ စုတ်တံကို ခြေ၊လက်တွေနဲ့ အစားထိုးသုံးစွဲ တာကိုတော့ မပြောင်းပါ။
သူ့နာမည်ဟာ ဂျပန်ပြည်မှာတော့ တခါမှ မှေးမှိန်မသွားခဲ့ပါဘူး။ ရှိရင ဟာအနုပညာကောင်းတခု ဖန်တီးဖို့ ဆိုရင် သူ့ခြေ၊လက်၊ ကိုယ်ခန္ဓာ၊ သွေးသား ဘာကိုဘဲဖြစ်ဖြစ် အသုံးချဖို့ ဝန်လေးမဲ့သူမဟုတ်ပါ။ ဒီလို ရှားပါးတဲ့ အရည်အချင်းတွေနဲ့ ရှိရငကို ဂျပန်ပြည်မှာ ဘယ်ဂယ်လရီကမှ ကိုယ်စားမပြုခဲ့လုိ့ နျူးယောက်က ပန်းချီပွဲစားတွေက သူ့အိမ်၊ ဂိုဒေါင်ဟောင်း၊ ပြတိုက်တွေထဲမှာ သွားရှာခဲ့ ရပါတယ်။ သူ့ကို အနောက်နိုင်ငံတွေမှာ ပိုပြီး သိစေခဲ့တာကတော့ Kazuo Shiraga ရဲ့ Body and Matter: Kazuo Shiraga ဆိုတဲ့ သူကွယ်လွန်ပြီးမှ ထုတ်ခဲ့တဲ့ စာအုပ် နှစ်အုပ်ကြောင့်ပါဘဲ။ ၂၀၁၃ မှာ Gutai Splendid Playground-ဆိုတဲ့ ဂုတိုင်တဖွဲ့လုံးရဲ့ ဖန်တီးမှုတွေကို နျူးယောက်မြို့ အစဉ်အလာကြီးတဲ့ ဆိုလိုမွန် ဂုဂိုင်းဟန်းပြတိုက် မှာပြခဲ့တယ်။ အဲဒီပွဲကစပြီး ရှိရငဟာ တခြားအဖွဲ့ဝင်တွေလိုဘဲ ကျော်ကြားလာပါတယ်။ 2008 မှာ ဘဝ တလျှောက်လုံးနေခဲ့တဲ့ မွေးဇာတိ Amagasaki မှာဘဲ ကွယ်လွန်ခဲ့တဲ့ ရှိရင ၂၀၁၅ မှာတော့ ပန်းချီဈေးကွက်ရဲ့ ထိပ်ဆုံးကိုရောက်လာပါပြီ။
လေးစားစွာဖြင့်
Rhythm of Colors
December 2018
(ဂျပန်စာလုံးများကို မြန်မာသံ ဖလှယ်ပေးတဲ့ ဒေါ်ခင်မေမြင့် Karaweik M&J Travel & Tour Company) ကို အထူးကျေးဇူးတင်ကြောင်းပါ။)
 

No comments:

Post a Comment