ပန်းချီခင်မောင်ရင်နဲ့ ပန်းချီအောင်စိုးတို့ဟာ ပန်းချီရေးတဲ့နေရာတွေမှာ သဘာ၀ကို သဘာ၀အတိုင်းတူအောင် မရေးချင်ကြတာချင်း တူပါတယ်။ သဘာ၀ကိုတူအောင် မရေးချင်ကြတာဟာ တူအောင်မရေးနိုင်လို့ နေမှာပေါ့လို့ အလွယ်တကူကောက်ချက်ဆွဲလို့ မရပါဘူး။ ခင်မောင်ရင်ရော၊ ပန်းချီအောင်စိုးရော Sketch Drawing လို့ခေါ်တဲ့ ကောက်ကြောင်းဆွဲတဲ့နေရာမှာ အတော်ကြီးကို ပိုင်နိုင်သူတွေဖြစ်ကြပါတယ်။ သဘာ၀အတိုင်း တူအောင်ကို မရေးချင်ကြတာသာ ဖြစ်ပါတယ်။ ဘာ့ကြောင့် သဘာ၀နဲ့တူအောင် မရေးချင်ကြတာလဲလို့ မေးတဲ့အခါမှာတော့ အဲဒီလိုရေးရမှာပျင်းလို့၊ ရေးကို မရေးချင်လို့ပါပဲလို့ လွယ်လွယ်ပဲ ပြောကြပါတယ်။ သဘာ၀အတိုင်းတူအောင် ရေးတဲ့သူတွေကိုရော ဘာပြောမလဲလို့မေးတဲ့အခါမှာ … ခင်မောင်ရင်က … သူ့ဟာသူ လုပ်ချင်ရင်လုပ်ပါစေပေါ့၊ ဒါသူ့အခွင့်အရေးပဲလို့ပဲ ပေါ့ပေါ့လေးပဲ ဖြေပါတယ်။ ပန်းချီအောင်စိုးကတော့ … သဘာ၀အတိုင်းတူအောင်ရေးတဲ့သူတွေက မတူအောင် မရေးတက်လို့နေမှာပေါ့ … လို့ ဖြေပါတယ်။ “သဘာ၀နဲ့ မတူအောင်ရေးတာ … မလွယ်ဘူးကွ၊ ခက်တယ်” လို့လည်းပြောပါတယ်။ မတူအောင်ရေးတာပဲ ဘာများ ခက်စရာရှိလို့လဲလို့ … သွားမေးတဲ့ တောင်တွင်းကြီးသား ကိုတင်လှိုင် ဆိုတဲ့သူနဲ့ ပန်းချီအောင်စိုးတို့ စကားများကုန်ကြတာကို တွေ့ဖူးပါတယ်။ အဲဒီရန်ပွဲမှာ ခင်မောင်ရင်ကတော့ တအားရယ်နေပါတယ်။
ပန်းချီအောင်စိုးက မြန်မာ့ရိုးရာနည်း ကနုတ်ပန်းတွေနဲ့ ရေးဆွဲထားတဲ့ ဒဿဂီရိ ဘီလူးပုံကို လူ ၃/၄ယောက်ရှေ့ချပြပြီး အဲဒီပုံ လှသလားလို့ မေးပါတယ်။ လှတယ်လို့ ဖြေတဲ့သူတွေရှိသလို၊ ဘီလူးပုံပဲဗျ၊ ဘယ်လိုလုပ် လှရမှာလဲလို့ ဖြေတဲ့လူလည်း ရှိပါတယ်။ လှတယ်လို့ ဖြေတဲ့သူတွေရော၊ မလှဘူးလို့ ဖြေတဲ့သူတွေရော … အားလုံး မှန်ပါတယ်လို့ ပန်းချီအောင်စိုးက ပြောပါတယ်။ ပန်းချီအောင်စိုးဟာ မပြတ်သားဘူးလို့ ခင်မောင်ရင်က ပြောတော့ … ခင်မောင်ရင် အဆဲခံရပါတယ်။ ခင်မောင်ရင်မှာ အဲဒီလို ဟာသဉာဏ်လည်း ရှိနေတတ်ပါတယ်။
၁၉၆၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ ပန်းချီဆရာ ပေါ်ဦးသက်က ဆီဆေးပန်းချီကားတွေအားလုံးကို ဓားနဲ့ရေးပြီးတော့ သူ့ဟာသူ အရူးအမူး ကြိုက်သွားဖူးပါတယ်။ ပြီးတော့ သူ့တစ်သက်မှာ ဘယ်တော့မှ စုတ် ပြန်မကိုင်တော့ဘူး၊ တစ်သက်လုံး ဓားနဲ့ပဲရေးတော့မယ်လို့ ကြွေးကြော်ပါတယ်။ ဒီတော့ ပန်းချီအောင်စိုးက ပေါ်ဦးသက်ဟာ ဉာဏ်အလင်းပေါက်သွားပြီ၊ ပေါ်ဦးသက်ဆိုတာ ဘာကောင်လဲဆိုတာကို တွေ့ရှိသွားပြီ၊ ဒါဟာ မဟာတွေ့ရှိချက်ကြီးတစ်ရပ် ပဲလို့လည်းပြောပါတယ်။ ခင်မောင်ရင်ကတော့ ပန်းချီအောင်စိုးဟာ ပေါ်ဦးသက်ကို အတော်ကြီးကို မျက်စိစပါးမွေးစူးသွားတယ်ထင်တယ်လို့ ချက်ချင်းသိလိုက်ပါတယ်။ ၀င်းဖေကတော့ … ပေါ်ဦးသက်က စုတ်တံတွေကို တစ်သက်လုံး မကိုင်တော့ဘူးဆိုပြီး အားလုံးလာရောင်းတာကို မ၀ယ်ဘူးလို့ ငြင်းလိုက်ပါတယ်။ ပေါ်ဦးသက်ရဲ့ ဆီဆေးကို ဓားနဲ့ရေးဖို့ ရောဂါဟာ ၆ လ လောက်ပဲခံပါတယ်။
ခင်မောင်ရင်ကတော့ ပန်းချီရေးတယ်ဆိုတာ တိကျတဲ့ ကိန်းဂဏန်းတွေမပါတဲ့ သင်္ချာပညာတစ်ရပ်ပဲ … လို့ မင်သေသေနဲ့ပြောတတ်ပါတယ်။ ပန်းချီရေးတာဟာ တစ်ခါတစ်ရံမှာ ရာဇ၀တ်မှု ကျူးလွန်လိုက်တာပဲလို့ ၀င်းဖေကပြောတော့ … မှန်တိုင်း လျှောက်မပြောမရဘူးလို့ ပန်းချီအောင်စိုးက သတိပေးပါတယ်။ ပါရမီရှင် ပန်းချီဆရာကြီးတွေဟာ တစ်နည်းအားဖြင့်တော့ ကျွမ်းကျင်တဲ့ လူလိမ်ကြီးတွေပဲ လို့လည်း ခင်မောင်ရင်က ပြောတတ်ပါတယ်။ ခင်မောင်ရင်ဟာ စိတ်ကို အလွတ်လပ်ဆုံးထားပြီး ပန်းချီရေးတက်ပေမဲ့ အမှား၊ အမှန်၊ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာတွေကို တွေးနိုင်လောက်အောင် စာဖတ်အား ကျယ်ပြန့်တဲ့သူ ဖြစ်ပါတယ်။
ပန်းချီအောင်စိုးကတော့ ခံစားမှုနဲ့ အများဆုံး ရေးဆွဲသူဖြစ်ပါတယ်။ ပန်းချီအောင်စိုးဟာ စာပေမဂ္ဂဇင်းမှာ သရုပ်ဖော်ပုံတွေ အများဆုံးရေးဆွဲပြီးတော့ အဓိက၀င်ငွေရှာရသူ ဖြစ်ပါတယ်။ ကဗျာတွေအတွက် သရုပ်ဖော်ရတာ ပိုများပါတယ်။ အလုပ်အပ်တဲ့သူတွေက ပန်းချီအောင်စိုးကို ဘယ်လိုပုံလေးတွေဖြစ်အောင် ရေးပေးပါလို့ ဘယ်တော့မှ မပြောကြပါဘူး။ ပြောလို့ရမှာလည်း မဟုတ်ဘူး။ သူကောင်းတယ်ထင်သလို ရေးဆွဲတာပါပဲ။
ခင်မောင်ရင်ကတော့ ရှင်းပါတယ်။ သူကတော့ အပ်ထည်လက်ခံတာမျိုးမှ မဟုတ်တာ။ သူဆွဲချင်ရာကို အလွတ်လပ်ဆုံး ရေးဆွဲနေတာပါပဲ။ ခင်မောင်ရင်ဟာ နှစ်ပေါင်းများစွာ၊ ပန်းချီကားပေါင်းများစွာ ရေးဆွဲပါတယ်။ ကြိုက်တဲ့သူရှိလို့ ရောင်းပြန်ရင်လည်း အလွန်လောဘနည်းတတ်ပါတယ်။ ပန်းချီကားစျေးကွက်က ဘယ်လိုရှိနေတယ်၊ ဘာညာဆိုတာမျိုးတွေကို ခင်မောင်ရင်က လုံး၀ စိတ်မ၀င်စားပါဘူး။ ခင်မောင်ရင်ရော ပန်းချီအောင်စိုးပါ အရက်ကြိုက်ကြတာချင်းတူပေမဲ့ ခင်မောင်ရင်က ပန်းချီအောင်စိုးကို မမှီပါဘူး။ ပန်းချီအောင်စိုးဟာ မမူးရင် အလွန် သဘောကောင်းပြီးတော့ အပြောအဆို၊ ဆက်ဆံမှုကအစ သိမ်မွေ့လှသူဖြစ်ပေမဲ့ မူးလာပြီဆိုရင်တော့ သူများကို ပြဿနာရှာတတ်ပါတယ်။ သွေးဆိုးပါတယ်။ ပန်းချီအောင်စိုး ဘယ်လောက်ပဲမူးမူး၊ ပြဿနာမလုပ်ဘဲ အလွန်ကြောက်ချစ်ရိုသေရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသု၀ဏ်နဲ့ မန္တလေးက ပန်းချီဆရာကြီး ဦးခင်မောင်တို့ပဲ ဖြစ်ပါတယ်။ သူ ဘယ်လောက်မူးနေနေ၊ အဲဒီပုဂ္ဂိုလ်ကြီးတွေရှေ့မှာတော့ သိမ်သိမ်မွေ့မွေ့ပဲ နေတတ်ပါတယ်။
သူ သိပ်မချစ်လှပေမဲ့ သူ ကြောက်တဲ့သူ တစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ စာရေးဆရာကြီး ရန်ကုန်ဘဆွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်က အရက်ဘားတစ်ခုမှာ အရက်မူးပြီး အလွန်အကျွံသွေးဆိုး၊ သောင်းကျန်းနေလို့၊ ပြောမရ၊ ဆိုမရ၊ ထိန်းမရ၊ သိမ်းမရ ဖြစ်နေတဲ့ ပန်းချီအောင်စိုးကို ဆရာရန်ကုန်ဘဆွေက ခြောက်လုံးပြူးနဲ့ အနီးကပ် တေ့ပြီး ပစ်ထည့်လိုက်ဖူးပါတယ်။ ကျည်ဆန်ဟာ ပန်းချီအောင်စိုးရဲ့ ညာဘက်နားရွက်နားက ကပ်ပွတ်သွားပြီးတော့ သူ့နောက်က သုံးထပ်သားနံရံမှာ အပေါက်ကြီး ဖြစ်သွားပါတယ်။ ပန်းချီအောင်စိုးဟာ ရုတ်တရက် မှင်တက်မိပြီးတော့ သတိမေ့သွားခဲ့ပါတယ်။
ကျမ်းမာ ချမ်းသာကြပါစေ … ကျွန်တော် ၀င်းဖေ ပါ။
ဆရာကြီးဦးဝင်းဖေ၏ 'လွယ်အိတ်' မှ
တစ်စိတ်တစ်ပိုင်း ထုတ်နှုတ်မျှဝေပါသည်။
Bougainvillea - House Of Arts
(Sharing about Art)
No comments:
Post a Comment