Pages

မော်ဒန်ပန်းချီအခြေခံမိတ်ဆက်(၅)

 


ဆာရီရယ်လစ်ဇင် (သရုပ်လွန်အိပ်မက်မြင်ပန်းချီဝါဒ)
...........................
ကမ္ဘာ့ပန်းချီ(အနုပညာ)သမိုင်းမှာ ရှေးဦးခေတ်ကထဲက ပန်းချီပန်းပုအနုပညာဆိုတာ ဖျော်ဖြေမှုတန်ဆာဆင်မှုအခန်းကဏ္ဍမှာပဲရှိခဲ့တယ်၊
မော်ဒန်ခေတ်ဦးမှာ အနုပညာရဲ့အခန်းကဏ္ဍကိုချဲ့ထွင်ပြီး အသစ်ရှာဖွေဖေါ်ထုတ်မှုနဲ့ တွေးခေါ်မျှော်မြင်မှုအခန်းကဏ္ဍကို ရောက်ရှိလာအောင် နည်းလမ်းစုံနဲ့
အနုပညာရှင်တွေဦးဆောင်ကြိုးပမ်းလာခဲ့ကြတယ်။
သူတို့ဦးဆောင်မှုဟာ ယနေ့အထိ ပညာရေးလူမှုရေးနဲ့ နည်းပညာခေတ်ကို လွှမ်းမိုးမောင်းနှင်နိုင်ခဲ့တယ်။
မော်ဒန်ပန်းချီရဲ့ အဆင့်လိုက်ပြောင်းလဲဖြစ်ပေါ်လာမှုတွေမှာ ဆာရီရယ်လစ်ဇင်ဟာ ဒါဒါ၀ါဒပြီးနောက်ပေါ်ထွန်းလာတဲ့ အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်၊ သူ့နောက်မှာ ခံစားမှုဖွင့်ထုတ်ခြင်းနဲ့ မီနီမယ်လစ်ဇင်အထိ ရှေ့ဆက်သွားခဲ့တယ်။ အခု ဆာရီရယ်လစ်ဇင်အကြောင်း အနည်းငယ်တီးခေါက်ကြည့်ရအောင်ပါ၊ (သင်ယူလေ့လာ...ပေ့ချ်၏ မိတ်ဆက်စကား)။
၃ စက္ကန့် အတိုချုပ်။
ဆာရီရယ်လစ်ဇင် ဆိုသည်မှာ၊ လူ၏မသိစိတ်မှာ ဖုံးကွယ်တည်ရှိနေသော အတွေးများ၊ အကြောင်း ရာများကိုဖေါ်ထုတ် ရေးဆွဲခြင်းဖြစ်သည်။
စက္ကန့် (၃၀) ရှင်းလင်းချက်...။
၁၉၂၄ မှာ ပြင်သစ်က စာရေးဆရာကဗျာဆရာတွေနဲ့ပန်းချီဆရာတစ်စုဟာ အနုပညာလှုပ် ရှားမှုသစ်တစ်ခုကို အစပြုခဲ့တယ်။ အဲဒီအနုပညာဝါဒကို ဆာရီရယ်လစ်ဇင်လိ့ုခေါ်တယ်။ အန်ဒရေဘရီတွန် ဆိုတဲ့ကဗျာဆရာရဲ့ဦးဆောင်မှုနဲ့စတင်ခဲ့ကြတာ။ ဆာရီရယ်လစ်ဇင်ဆို တာ သရုပ်မှန်ထက်ပိုသော၊ သရုပ်မှန်၏အလွန် စတဲ့အဓိပ္ပါယ်တွေရှိတယ်။ လူရဲ့မသိစိတ်က လှုံ့ဆော်ပြီး၊ အိပ်မက်ထဲမှာမြင်ရတဲ့ရုပ်ပုံတွေလို သဘာဝနဲ့ဆန့်ကျင်နေတဲ့ပုံတွေဖြစ်တယ်။
ဘရေတွန်ဟာ သြစတီးယားစိတ်ပညာရှင် ဆစ်ဂမန်ဖရိုက်ရဲ့ အမြင်အယူအဆကို မှီငြမ်းပြု ကိုးကားပြီး မသိစိတ်အလျဉ်နောက်ကို လိုက်လံရှာဖွေတဲ့ မှတ်ဉာဏ်လေ့လာခြင်း၊ အိပ်မက် ကိုဖတ်ခြင်း စတဲ့လူရဲ့မသိစိတ်မှာမြုပ်ကွယ်နေတဲ့အကြောင်းရာတွေဖေါ်ထုတ်ဖို့ကြိုးစားတဲ့ အနုပညာအတွေးအခေါ်အယူအဆ ပုံစံသစ်ဖြစ်တယ်။
ဆာရီရယ်လစ်တွေဟာ ထူးထူးခြားခြားဆန်းကြယ်တဲ့အမြင်တွေကိုဖန်တီးကြတယ်၊ အတွဲအစပ်ကပြောင်းကပြန်တွေ၊ မဆက်စပ်တဲ့အရာတွေရောနှောတယ်၊ သူတို့မှာ အဓိက ဖန်တီးပုံနည်းလမ်း ၂ မျိုးရှိတယ်။ တစ်နည်းက နေ့စဉ်မြင်တွေ့နေကျအရာတွေကို သရုပ် မှန်နည်းနဲ့ အသေးစိတ်ရေးဆွဲတာ၊ ရေးတဲ့အခါ အိပ်မက်မက်စဉ်မှာမြင်ရပုံမျိုး အသွင်တစ် မျိုးပြောင်းလဲတွဲစပ်ပြီး ရေးဆွဲကြတယ်။ တစ်ခြားနည်းလမ်းကတော့အလိုလျောက်နည်းလိ့ု ခေါ်တဲ့ Automatism ပုံစံပါ။ ဒီနည်းကပန်းချီဆရာဟာ သိစိတ်နဲ့တွေးတောစဉ်းစားမနေပဲ သူ့စိတ်မှာဖြစ်ပေါ်လာတဲ့အတိုင်း လျှပ်တစ်ပြက် ကောက်ခါငင်ကာ လုပ်လိုက်တာမျိုးပါ။
ဆာရီရယ်လစ် ပန်းချီဆရာတွေမှာ Salvador Dali ဒါလီ၊ Rene Magritte မာဂရက်တီ၊ Yves Tanguy ယိဗ်တန်ဂိုင်းတို့က ပထမနည်းလမ်းနဲ့ဖန်တီးကြပြီး၊ Joan Miro ဂျိုအန်မီရို, Paul Klee ပေါကလီး, Jean Arp ဟန်းစ်အပ်တို့ဟာ အော်တိုမက်တစ်ဇင်နည်းနဲ့ အဓိကဖန်တီးကြတယ်။
.......................
Practical Work.
အော်တိုမက်တီဇင် ပန်းချီလေ့ကျင့်ကြည့်မယ်ဆိုရင်။
ဆိုဒ်ကြီးပုံဆွဲစက္ကူကိုရှေ့တွင်ထားပြီး စိတ်ကိုမည်သည့်အကြောင်းမှတွေးတော စိတ်ကူးမနေပဲ ရှင်းထားပါ၊ (ဘာကိုမှမတွေးဖို့မှာအနည်းငယ်ခက်ခဲနိုင်ပါသည်)။ ထို့နောက် အရောင်ခြယ်ခဲတံဖြင့် စိတ်ထင်ရာမျဉ်းကြောင်းရုပ်ပုံစသည်တို့ကို အလွတ်ရေးခြစ်ပါ၊ ရေးနေချိန်နှင့်ရေးပြီးချိန်ထိ မည်သည်ကိုမှမစဉ်းစားပါနှင့်။ ခဏကြာလျှင် စာရွက်ပေါ်တွင်မည်သည့်ပုံများရလာသည်ကိုကြည့်ပါ၊ ဆေး ရောင်ဖြည့်ဖို့လိုသည့်နေရာလွတ်များကို ဆေးရောင်ဖြည့်ကြည့်ပါ၊ ရေဆေး၊ ရောင်ခြယ်ခဲတံ စသည်တို့ကိုသုံနိုင်သည်။
(လူငယ်လူရွယ်များအတွက် မိနစ်ဝက်အတွင်း ကမ္ဘာ့ပန်းချီသမိုင်းရှင်းလင်းချက်များဖြစ်တယ့်
ဗြိတိသျှအနုပညာသမိုင်းပညာရှုှင် Susie Hodge ရဲ့မူရင်းစာအုပ်ကိုမီငြမ်းပြုပြီး
မြန်မာဘာသာနဲ့စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်မှ မကြာမီထုတ်ဝေမှာဖြစ်ပါတယ်။)

No comments:

Post a Comment