Pages

သူတို့ပြောတဲ့ ဝင်းဖေ အကြောင်း


ဝင်းဖေရေးတဲ့ ပန်းချီ
ဆရာကြီးဦးဝင်းဖေက သူ့ရေဆေး ပန်းချီပြပွဲ လုပ်မယ့်အကြောင်းနဲ့ သူ့ပန်းချီကားတွေကို ဝေဖန်ချက်ရေးပေးဘို့ ပြောလာပါတယ် ။
သူ့ပန်းချီကားတွေကို ကြိုက်တာလဲရေး၊ မကြိုက်တာလဲရေးလို့ ဆိုပြန်ပါတယ်။ သူကသာ ဒီလိုပြောတာ ကျွန်တော့်မှာတော့ သူရေးရေးသမျှ ကြိုက်နေတဲ့ အတွက် မကြိုက်တာကိုရေးပြဘို့ ခက်ပါတယ်။ ဒီလိုဆိုတော့ ပြန်တွေးကြည့်ရတာပေါ့။ သူနဲ့ ကျွန်တော်နဲ့က လွန်ခဲ့တဲ့ အနှစ် ( ၄၀) ကျော်ကထဲက သိကျွမ်းခင်မင်ပြီး ၊ အနုပညာနဲ့ ပတ်သက်တာတွေကို ဆွေးနွေးငြင်းခုံရင်း၊ ခံစားရင်းနဲ့ ဒီခရီးကို ချီတက်နေသူတွေပါ။
သူ့ ပန်းချီတွေကို ကြည့်ရအောင်ပါ။
ဦးဝင်းဖေက မန္တလေးက အစိုးရအထက်တန်း ပန်းချီနည်းပြဆရာ ဦးထွန်းညွန့်၊ ပန်းချီဆရာကြီး ဦးဘသက်နဲ့ ဘဏ်မန်နေဂျာ ဦးခင်မောင်တို့ရဲ့ တပည့်ရင်းပါ။ ဆရာကြီး ဦးဘသက်ဆီမှာ ပန်းချီပညာသင်နေတဲ့ ဝင်းဖေနဲ့ပေါ်ဦးသက်ကို ဆရာကြီးဦးဘသက်က မော်ဒန်ပန်းချီ ( Morden Art) ကို လေ့လာ သင်ကြားပေးဖို့ရာ ဆရာဦးခင်မောင်ထံ ပို့ခဲ့တာပါ။
မြန်မာပြည်မှာ မော်ဒန် အနုပညာ( Modern Art) ကို စတင်တည်ထောင်သူတွေက ဆရာကြီး ဗဂျီအောင်စိုးနဲ့ ဆရာဦးခင်မောင်(ဘဏ်)တို့က ထင်ရှားပါတယ်။
၁၉၅၀ ခုနှစ်များဆီက ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ရေးဆွဲဟန်မှာ တမူထူးခြားတဲ့ မော်ဒန်ပန်းချီကားများ ဖြစ်ခဲ့ပါတယ်။ ဆရာရဲ့ ရေးဟန်က ကုဗဝါဒ(cubism)ကို အခြေခံရေးဆွဲတာပါ။ ကုဗဝါဒဆိုတာ မော်ဒန်ဝါဒရဲ့(Modern Art)အကိုင်းအခက်တစ်ခုလို့ဆိုရမှာပါ။ မြန်မာ့ယဥ်ကျေးမှုတွေနဲ့ ပေါင်းစပ်ရေးဆွဲထားတဲ့ ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ ဖန်တီးမှုတွေက အလွန်သြဇာကြီးမားခဲ့ပါတယ်။ ဒီရေးဟန်တွေကို ဝင်းဖေနဲ့ ပေါ်ဦးသက်တို့ရဲ့လက်ရာတွေမှာ တွေ့ရမှာပါ။ဒါတင်မကပါဘူး မန္တလေးကလာတဲ့ လူငယ်ပန်းချီဆရာ အများစုဟာ ကုဗပန်းချီလိုရေးလေ့ရှိတာဟာ ဒီနေ့အထိ တွေ့မြင်နေရဆဲပါ။
ကုဗပန်းချီ(cubism)က ရေးဆွဲမယ့် အကြောင်းအရာတွေကို ဂျီသြမေထရီ(Geometric form) အဖြစ်ပြောင်းလဲတည်ဆောက်ရေးဆွဲတာကို စပြီး အခြေခံ ခဲ့ပါတယ်။
အရောင်သွေး၊ ပုံသဏ္ဍန်တွေကို သုံဘက်မြင်ပုံစံနဲ့ ရေးဆွဲကြပါတယ်။ ကုဗဝါဒက နှစ်ပေါင်းတစ်ရာနီးပါးလောက်ရှိပေမယ့်လဲ ဒီနေ့အထိ အနုပညာရှင်တော်တော်များများက ကြိုက်နှစ်သက်ပြီးရေးဆွဲဖန်တီးနေတဲ့ ပန်းချီဝါဒတစ်ခု ဖြစ်ပါတယ်။ ဝင်းဖေရဲ့ ပန်းချီကားတွေမှာ ဒီပန်းချီရေးဆွဲနည်းကို အပြည့်အဝ ခံစားငြရမှာပါ။ ဝင်းဖေရဲ့ ဖခင်က မြန်မာပညာရှိ ရွှေပြည်ဦးဘတင်ပါ။ မြန်မာစာပေနဲ့ မြန်မာ့ဓလေ့ထုံးတမ်း ယဥ်ကျေးမှု အကြောင်းအရာတွေကို ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းတဲ့ မြန်မာမှု ပညာရှင်ကြီးတယောက်ဖြစ်ပါတယ်။ ဝင်းဖေရဲ့ ငယ်ဘဝမှာ မြန်မာမှုတွေကို နီးနီးကပ်ကပ် လေ့လာခွင့်ရခဲ့ပါတယ်။ အခါအားလျော်စွာ ဖခင်ရဲ့ မြန်မာမှု လုပ်ငန်းတွေမှာ ပန်းချီရေးဆွဲပေးရခြင်း၊ သီချင်းကြီး သီချင်းခန့်များ၊ ရကန်ရတုစတဲ့ မဟာဂီတရဲ့ အနှစ်သာရတွေကို ပတ္တလား ဆရာဘကလေးထံမှာသင်ယူခဲ့ရခြင်း၊ မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ မန္တလေးမြို့တော်ကြီးမှာ ကြီးပြင်းခြင်းဆိုတဲ့ အချက်တွေက ဝင်းဖေကို မြန်မာမှု နဲ့ ပတ်သက်လို့ ကြွယ်ဝစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေကို ပြောရတဲ့ အကြောင်းရင်းကတော့ ဝင်းဖေဖန်တီးတဲ့ ပန်းချီကားတွေမှာ ဒီအချက်တွေကို အများကြီးတွေ့ရလို့ပါ။
သူ့ပန်းချီကားဖွဲ့စည်းပုံကိုက မြန်မာ့ဓလေ့စရိုက်ကို အခြေခံတာ​ တွေ့ရလို့ပါ။
ဝင်းဖေရဲ့ ပန်းချီကားတွေမှာ မန္တလေးဝန်းကျင်က စေတီပုထိုးတွေ၊ ကျောင်းကန်ဇရပ်တွေ၊ နန်းပြသာဒ်တွေ၊ မြန်မာ့ဓလေ့ပွဲတော်တွေ၊ အကနဲ့ တီးဝိုင်းတွေ၊ ၁၂လရာသီ ဂြိုလ်ခွင်ရုပ်ပုံတွေ၊ နတ်နဲ့ဆိုင်တာတွေ စတဲ့ စတဲ့ မြန်မာ့အကြောင်းအရာတွေကိုတွေ့ရမှာပါ။ တစ်ခါတစ်လေမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သရော်လှောင်ပြောင်တဲ့ပုံတွေကို ရေးဆွဲတာတွေ့ရပါတယ်။ ပန်းချီကားကို ရေးဖွဲ့ရာမှာ ဒီဇိုင်းဖွဲ့စည်းမှု အလွန်အားကောင်းတာလဲတွေ့ရမှာပါ။ ကုဗဝါဒလို သဘောပေါက်နေတဲ့အတွက် ပုံတွေရဲ့ ဖွဲ့စည်းမှု အလွန်အားကောင်းတဲ့ မျဥ်းကြောင်းတွေ၊ အရောင်ဖွဲ့စည်းမှုတွေက ကြည့်ရသူတွေအတွက် အသစ်အဆန်းတစ်ခုကို ပေးစွမ်းနိုင်တာကလဲ ဝင်းဖေရဲ့ အားကောင်းချက်တစ်ခုပါပဲ။
ဆရာကြီး ဦးဘသက်ရဲ့ ရေဆေးပန်းချီရေးနည်းက အနောက်တိုင်းက ပန်းချီကျော်တွေလို စနစ်တကျ ရေးလေ့ရှပြီး ဆရာကြီးတို့ခေတ်က နိုင်ငံခြားသားများ အထူးနှစ်ခြိုက်ဝယ်ယူခြင်းခံရတဲ့ရေဆေးကားတွေပါ။
ရေဆေးကို ရှေးကတော့ ဝယ်မယ်ဆိုလျှင်နေရောင်မှာ ထောင်ကြည့်ပါတယ်။ အရောင်တွေထိစပ်ရာမှာ ပိတ်နေရင် မယူပါဘူး။ ကြည်ပေါက်နေမှ ရေးဆေးအကြည်ကားရယ်လို့ ဝယ်ယူကြတာပါ။
ဒီလိုရေးနည်းတွေကို ဝင်းဖေရဲ့ ကားတွေမှာ တွေ့ရမှာပါ။
Tempera ဆိုတဲ့ ရေဆေးရေးနည်းကိုလည်း ရံဖန်ရံခါရေးလေ့ရှိပါသေးတယ်။ Tempera ဆေးက ရှေးက ရောမခေတ် နံရံပန်းချီရေးတဲ့ ဆေးဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ အသင့်ရေးလို့ရတဲ့ ဆေးတောင့်တွေနဲ့ လာပါတယ်။ ကြက်ဥ အကာနဲ့ရောရေးရတာပါ။ အထူနဲ့ရေးပြီးမှ ခြစ်ထုတ်ရေးဆွဲရတာပါ။ ပန်းချီဆရာကြီး အင်ဒယူးဝိုင်းယက်(Andrew Wyeth) ရဲ့ ကားတွေက ထင်ရှားပါတယ်။ ဒီလိုရေးနည်းနဲ့ရေးတဲ့ ဝင်းဖေရဲ့ ပန်းချီကားတွေလည်း ရှိပါသေးတယ်။
ဝင်းဖေက ပန်းချီရေးဆွဲတဲ့ နည်းပညာပိုင်းမှာလည်း ရေဆေး၊ ဆီဆေး၊ အက်ခရဲလစ်၊ မှင် စတဲ့ နည်းစနစ်တွေကို ပိုင်နိူင်စွာ သုံးနိုင်သူ တစ်ယောက်အဖြစ်တွေ့ရပါတယ်။
ပန်းချီကားတွေရဲ့ ဖွဲစည်းပုံကလည်း အခြေခံကျပြီးရိုးစင်းတဲ့ အရောင်အသွေးနဲ့ ဖွဲ့သွတာလဲ တမူထူးခြားပါတယ်။
ဝင်းဖေရဲ့ ရေဆေးပန်းချီပြပွဲကို ၁၉၈၄ ခုနှစ်က ဥဒေါင်းမင်း ပန်းချီပြခန်း (The Peacoek Gallery)မှာ ပထမဆုံးတစ်ကိုယ်တော်ပြပွဲအဖြစ် ရေဆေးပန်းချီကားေပါင်း (၃၀)ကျော် ပြသခဲ့ပြီး အလွန်အောင်မြင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
အခုတင်ဆက်ပြတဲ့ ပွဲကတော့ ဝင်းဖေရဲ့ ဒုတိယအကြိမ် ရေဆေးပန်းချီပြပွဲလို့ ဆိုရမှာပါ။ ဒီပွဲမှာ ပန်းချီကားပေါင်း (၅၀)ကျော်ပြသထားပြီး ဝင်းဖေရဲ့ရေဆေးပန်းချီကားများကို တစ်ဝကြီး ခံစားကြည့်ရှုရမယ့် ပွဲလို့ ပြောရမှာပါ။
ဆန်နီငြိမ်း(ပန်းပု)
၁၁-၀၂-၂၀၁၅
ဝင်းဖေ၏ ရေဆေးပန်းချီများစာအုပ်မှ

crd: The AVA Art Gallery added a new photo to the album:


 

 

No comments:

Post a Comment