ပြီးခဲ့တဲ့တစ်ပတ်က ဒီစာအုပ်လေး ပုံနှိပ်ဖို့စာအုပ်တိုက်ကိုပို့လိုက်ပါပြီ။
အခု စာအုပ်ထဲကအချက်တစ်ချို့ကို ကြိုတင်ဝေမျှလိုက်ပါတယ်။
နိုင်ငံတိုင်းမှာ Self-taught အနုပညာရှင်တွေရှိကြသလို စာသင်ခန်းက ဘွဲ့ယူလာသူတွေလည်းရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာကိုပြင်ပလောကရဲ့အခြေနေတွေကေနေ ပြန်လည်သင်ယူကြရမှာ ထုံးစံပါပဲ။အရှေ့တောင်အာရှခေတ်ပြိုင်အနုပညာရှင်တွေမှာ Self-taught မျိုးဆက်တွေရှိပေမယ့် နောက်ပိုင်းမှာ ဘွဲ့ရအနုပညာရှင်တွေ ပိုနေရာယူလာတာ သတိပြုစရာဖြစ်ပါတယ်။ ဒါဟာ ဂလိုဘယ် အနုပညာသင်ကြားရေးနည်းဗျူဟာတွေ အပြောင်းအလဲနဲ့ဆိုင်ပါလိမ့်မယ်။ တစ်ချို့တွေကအနုပညာဆိုတာသင်လို့မရဘူးလို့ခံယူတယ်၊ အဲဒါဟာ အနုပညာသင်တဲ့Processကိုဘယ်လိုမျိုးလို့သူခံယူ/သိထားတဲ့အပေါ်မူတည်ပါတယ်။ အနုပညာဆိုတာသင်ယူပုံနည်းလမ်းတွေများစွာပါ၊ မသင်ယူခဲ့ဖူး ဆိုတာကိုက သင်ယူခြင်းတမျိုးဖြစ်နိုင်ပါတယ်။
တစ်ချိန်က Self-taught တို့ရဲ့နည်းလမ်းတွေဟာ ဒီကနေ့ကျောင်းသင်ခန်းစာတွေမှာ အသုံးချဆန်းစစ်နိုင်တဲ့ လေ့လာစရာတွေဖြစ်လာသလို နောက်ထပ်ပေါ်လာတဲ့အနုပညာအယူအဆအတွေးအခေါ်တွေဟာ ဒီကေန့အတွက်ပိုမို ဖြည့်စွက်ပြည့်စုံလာစေတဲ့ သဘောရှိပါတယ်။ ဒါကသေချာတဲ့အချက်ပါ။
အခုစာအုပ်လေးကို ပြုစုနိုင်ခဲ့ခြင်းအတွက် အလွန်ကျေနပ်မိတဲ့အဓိကအချက်ကတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ Stereotype နည်းစနစ်တွေကို ပြင်ဆင်ဖြည့်စွက်ပြောင်းလဲဖို့ အတွေးခေါ်သစ်တွေကို ရွေးထုတ် ရှင်းပြထားလို့ဖြစ်ပါတယ်။ အမေရိကန်အနုပညာပါမောက္ခ ဆရာကြီးကစ်ဝှိုက်ရဲ့စာအုပ်ကိုအခြေခံထားပါတယ်။ တစ်ချို့သောအချက်တွေဟာ ကျနော်တို့အတွက် အလွန် Controversial ဖြစ်စရာတွေ ပါသော်လည်း အဲဒီအချက်တွေကနေအစပြုပြီး Dialogue တွေကို အစပြုပေးနိုင်မှာသေချာပါတယ်။
နောက်ပိုင်း..နည်းစနစ်၊အချက်အလက်ဗဟိုပြုတဲ့ Non-fiction စာအုပ်တွေ မလုပ်ဖြစ်တော့ဘူးဆိုရင်တောင် ကျနော့်အတွက် ဒီတစ်အုပ်ဟာ ပန်းချီ/အနုပညာ၊သင်ကြားမှုဆိုင်ရာမှာ နောက်ဆုံးတခုအနေနဲ့ ကျေနပ်ပြီလို့ယူဆမိတဲ့စာအုပ်ဖြစ်ပါတယ်။
အခု အချက်ပေါင်း(၁၀၀)ထဲက အချို့အချက်လေးတွေကို ထုတ်နှုတ်လိုက်ပါတယ်။ Ps. ဆွေးနွေးထားတဲ့အချက်တွေဟာ နမူနာပြထားတဲ့ပုံနဲ့တွဲစပ်ကြည့်ရင် ပိုအဓိပ္ပါယ်ရှိနိုင်ပါတယ်၊ လောလောဆယ်တော့ စာတွေပဲသီးသန့်ပါ။
.....
(၉၉)
အနုပညာဆိုတာ ယဉ်ကျေးမှုတစ်ခုရဲ့ ဖွင့်ဆိုချက်မှ အခြားယဉ်ကျေးမှုတစ်ခုရဲ့ဖွင့်ဆိုချက်ဆီသို့ အဓိပ္ပါယ်သက်ရောက်စေခြင်းမျိုးပါ။
ယဉ်ကျေးမှုတစ်ခုရဲ့ကိုယ်တိုင်ဖွင့်ဆိုချက်တွေဆိုတာ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ပစ္စုပ္ပန်နဲ့အတိတ်ကြား ဘယ်လိုဆက်စပ်နေလဲဆိုတာ ခံစားသိနေကြပုံမျိုးပါပဲ။ အနုပညာက လက်တွေ့အားဖြင့် ကျွန်ုပ်တို့ရဲ့ဝေဒနာတွေ ဖျားနာနေတာတွေကို ကုမပေးနိုင်ဘူး၊ အစာအာဟာရ၊ နားခိုရာ အရိပ်နေရာတွေမပေးနိုင်ပါဘူး၊ ဒါပေမယ့် အာရုံသိအရ စိတ်ပိုင်းဆိုင်ရာအသိအရ လူသားဖြစ်မှုကို ရရှိစေတယ်။
အဲဒီအာရုံသိဆိုတာ စိတ်ကူးအကြံဉာဏ်နဲ့ ခံစားတတ်တဲ့နှလုံးသားပါ။ အနုပညာ
တွေဟာ ယဉ်ကျေးမှုတစ်ခုကို ဝိသေသ ပြုပေးတယ်၊ စုံစမ်းစစ်ဆေးပေးတယ်၊
အဓိကအချက်က အခြားသောယဉ်ကျေးမှုတွေနဲ့ဆက်စပ်ပတ်သက်ခြင်းတွေ၊ အခြားသောသမိုင်းတွေနဲ့ချိတ်ဆက်နေခြင်းတွေကို အဖြေရှာဖေါ်ထုတ်ပေးတာပဲ။ ကျွန်ုပ်တို့ဖန်တီးတဲ့ အနုပညာဟာ ကျွန်ုပ်တို့ဘယ် သူဆိုတာပြောပြတယ်။
ဒါဟာအခု ခင်ဗျားတို့ လေ့ကျင့်သင်ယူနေတဲ့ အနုပညာရဲ့ အလုပ်ပါပဲ။
............
(၈၃)
အားလုံးသော မီဒီယာ(နည်းလမ်းပုံစံ) တို့သည် အနုပညာ၏အကြောင်းအရာကို ပြဌာန်းပေးသည့်စနစ်များဖြစ်သည်။
သတင်းအချက်အလက်နဲ့ နည်းပညာအကူညီတွေ အပေါ်အလွန်အမင်း အသားပေးလာတဲ့အခါ လက်ရာရဲ့အကြောင်းအရာကို အလွယ်တကူသိသာထင်ရှားလာအောင်လုပ်နိုင်မယ်၊ တစ်ကယ်လို့ အဲဒီအကြောင်းရာဟာ အားနည်းနေရင်လည်း အကူညီပေးနိုင်ပါလိမ့်မယ်။ သို့ပေမယ့် နည်း ပညာဆိုတာက အမြဲမဆန်းသစ်နိုင်ဘူး၊ ဒါကြောင့် သင့်ရဲ့ ဆိုလိုချက်အကြောင်းရာ အဓိကကျ တဲ့အပိုင်းကို သေသေချာချာဖေါ်ထုတ်ဖို့လိုတယ်၊ နောက်ပြီး အဲဒီအကြောင်းရာကိုအကောင်းဆုံးထိထိမိမိဖေါ်ထုတ်ပေးနိုင်မယ့် မီဒီယံ(အသုံးပြုပစ္စည်း)ကိုရှာဖွေနိုင်ဖို့လိုတယ်။
.............
(၈၆)
ဝေဖန်ရေးကို လက်ခံနိုင်ဖို့ကြိုးစားပါ။
ဝေဖန်ဆန်းစစ်မှုဆိုတာ အနုပညာကျောင်းတွေ၊ အနုပညာသင်ကြားမှုတွေရဲ့ အခြေခံအုတ်မြစ် တစ်ခုဖြစ်တယ်။ အဲဒီဆန်းစစ်သုံးသပ်ချက်တွေကို အပြုသဘောအသုံးချတတ်ဖို့ နည်းလမ်းတွေ ကိုသင်ယူဖို့လိုတယ်။ ဒါက အခက်ခဲဆုံးအလုပ်တွေထဲကတစ်ခုလို့ ဆိုနိုင်ပေမယ့် အလွန်အရေး
ကြီးတဲ့သင်ယူစရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်လက်ရာကို အခြားသူရဲ့ လက်ရာနဲ့နှိုင်း ယှဉ်ကြည့်ပါ၊ ဘက်လိုက်မှုနဲ့အစွဲလမ်းတွေကင်းနိုင်သမျှကင်းပါစေ။ အဲဒီမှာ လူ့စိတ်သဘာဝအရတုန့်ပြန်လာတဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုတွေ၊ စိတ်ထိခိုက်မှုတွေက သင့်လက်ရာကိုပိုကောင်း
လာအောင်ကူညီပေးမှာမဟုတ်ပါဘူး။ သင်တန်းပို့ချသူရဲ့ ဦးစားပေး ဘက်လိုက်မှုတွေကိုလည်းသတိပြုလေ့လာပါ၊ ဒါမှ သူတို့မှတ်ချက်(ကွန်မန့်)တွေကို အသုံးချပြီး ဆောင်ရန်ရှောင်ရန်တွေ လုပ်နိုင်မယ်။ ဝေဖန်သုံးသပ်ချက်တွေကို လက်မခံနိုင်တာဟာ အပြစ်မဟုတ်ပါဘူး၊ ဒါပေမယ့် သင့်ရဲ့ သင်တန်းဆရာနဲ့သူငယ်ချင်းတွေအမြင်မှာ သင့်လက်ရာရဲ့အရည်သွေးအရ အောင်မြင်မှုရှိ မရှိဆိုတာ သိသာနေတာမို့ အမှားတစ်ခုကိုတစ်ယူသန် ဖက်တွယ်နေတာက သင့်အတွက် အကူအညီမဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ပြင်သင့်တာပြင်ဖို့ ခက်ခဲမှုတွေကို သတ္တိရှိရှိရင်ဆိုင်လိုက်ပါ။
.............
(၇၄)
ရိုးသားစွာအကဲဖြတ်နိုင်ရန် နှိမ့်ချတတ်ခြင်းသည် အရေးကြီးသည်။
စိတ်ကူးအိုင်ဒီယာတစ်ခု၊ လက်ရာတစ်ခုကို သင်ကိုယ်တိုင်ပြုလုပ်ထားရင် သို့မဟုတ် အဲဒီအပေါ် (အကြောင်းပြချက်မရှိပဲ) ဒါမှဒါလို့စွဲလမ်းနေတယ်ဆိုရင် သိပ်စိတ်ဝင်စားစရာဖြစ်စရာ မဟုတ်တော့ပါဘူး။ စိတ်ကူးအိုင်ဒီယာနဲ့ ပုံရိပ်တွေဆိုတာ ပိုမိုကျယ်ပြောတဲ့ ဂလိုဘယ်အမြင်အယူအဆ တွေနဲ့ ချိန်ထိုးစဉ်းစားဖို့လိုအပ်တယ်။ ဒါဟာ အနုပညာကျောင်းတွေက ပေးနိုင်တဲ့ အကောင်းဆုံးအခွင့်အလမ်းတွေထဲက ကြီးမားတဲ့အရာတစ်ခုပါပဲ၊ မင်းရဲ့အိုင်ဒီယာကို အခြားသော အမြင်ဆိုင်ရာ အတွေးခေါ်အယူအဆတွေနဲ့ ချိန်ထိုးပြီး ငါဘာတွေလိုနေလဲဆိုတာ စမ်းသပ်ခွင့်ရတာဟာ အလွန်ကောင်းတဲ့ အမူအကျင့်တစ်ခုပါ။ သင့်လက်ရာရဲ့တန်ဖိုးဟာ ပညာရပ်ပိုင်းလိုအပ်ချက် တွေကို သင် အမြဲတိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဖြည့်စွက်ပေးနေခြင်းနဲ့ သင့်ရဲ့ခွဲခြမ်း စိတ်ဖြာနိုင်စွမ်းတို့အပေါ် မူတည်ပါတယ်။
..................
(၂၉)
စိတ်ကူးအကြံအစည်ဟာ လက်တွေ့အကောင်ထည်ဖေါ်မှုကို အမြဲရှေ့ပြေး ဦးမဆောင်နိုင်ဘူး။ (Maurice Merleau-Ponty (ပြင်သစ်တွေးခေါ်ဆရာ) ၏ Sense and Non-Sense မှ)
အနုပညာဆိုတာ တစ်စုံတစ်ကိုလုပ်ဆောင်ရင်း အတွေ့ကြုံသစ် ရှာဖွေစူးစမ်းတဲ့ ခရီးတစ်ခုပါပဲ၊ ယျေဘုယျအားဖြင့်ဆိုရင် ကျွန်ုပ်တို့ရဲ့ ရှာဖွေစူးစမ်းနိုင်မှုအစွမ်းဟာ တီထွင်နိုင်စွမ်းထက်ပိုမိုကြီးမားတာတွေ့ရမယ်။ သင့်ရဲ့အနုပညာလုပ်ငန်းစဉ်ကို ခရီးသစ်တစ်ခုလို သဘောထားစဉ်းစား လိုက်ရင် အရင်ကမမြင်ဖူးခဲ့တဲ့ အရာတွေကိုရှာဖွေစူးစမ်းသလို စိတ်ထားပြီး ဖုန်းကွယ်နေတာ တွေကို ဖေါ်ထုတ်နိုင်လာမယ်။ ဒါဟာ အခြားကမ္ဘာသစ်တစ်ခု တည်ဆောက်နေခြင်းထက် လက်ရှိကမ္ဘာရဲ့အကြောင်းကိုသိဖို့ လက်တွေ့ကျပြီး ပိုမိုလွယ်ကူစေမယ်။
.................
(၃၅)
ဟန်ဆောင်မှုကင်းခြင်း(သို့မဟုတ်) ရိုသားမှုဆိုတာ အနုပညာ၏တန်ဖိုး မဟုတ်ပါ။ (Robert Storr ၏ ပို့ချချက်၊ Pratt Institute)
သင့်အနုပညာလက်ရာဟာ ဖန်တီးရာအလုပ်ခန်းကနေ လူထုနေရာ ကျယ်ပြောတဲ့လောကထဲကို ရောက်တဲ့အခါ သင့်ရဲ့ ဟန်ဆောင်မှုကင်းခြင်း သို့မဟုတ် ရိုးသားခြင်းတွေက လက်ရာရဲ့အောင် မြင်မှု(ကျယ်ပြန့်မှု)ကို အားနည်းစေတတ်ပါတယ်။ ပန်းချီစတူဒီယိုကနေ ပြင်ပလောကကို ရောက်တဲ့အခါ သင့်ရဲ့အနုပညာလက်ရာဟာ သူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့သူ ထီးတည်းရပ်တည် ရတယ်၊ ရေးဆွဲသူရဲ့ အကြောင်းပြချက်၊ ရှင်းပြချက်၊ နောက်ခံဘဝအခြေအနေအရပ်ရပ် စသဖြင့် ဟာ လက်ရာကိုအမြဲတမ်း ခုခံကာကွယ်ပေးနိုင်မှာ မဟုတ်ပါ။ အရိုးခံအရှိအတိုင်းလုပ်တဲ့ အနု ပညာရှင်ဟာ အားမကောင်းတဲ့အနုပညာတွေ လုပ်မိလေ့ရှိတတ်တယ်၊ (ဟန်ဆောင်မှုဆိုတာအနုပညာမှာ ဉာဏ်ကွန့်မြူးနိုင်မှုကို ဆိုလိုတာဖြစ်ပြီး)၊ မိမိလက်ရာအပေါ်မှာ ရိုးရိုးသားသား အရှိအတိုင်းလုပ်ထားခြင်းမို့ ကောင်းတဲ့ရည်ရွယ်ချက်ပါဆိုပြီး ကာကွယ်ဖို့မကြိုးစားသင့်ပါ၊ အဲဒီအကြောင်းပြချက်တွေဟာ ကျယ်ပြောတဲ့ ပြင်ပအသိုင်း၀န်းနဲ့ အနုပညာလောကရဲ့ အကဲဖြတ်မှု စံနှုန်းတွေ မဟုတ်တတ်ပါဘူး။
............
(၂၄)
အနုပညာအားလုံးသည် နိုင်ငံရေး။
အနုပညာတစ်ခုဖန်တီးဖို့ သင်ရွေးချယ်ထားတဲ့အကြောင်းအရာတစ်ခုရှိမယ်၊ လက်တွေ့ဖန်တီး ဖို့ မီဒီယံ (အသုံးချကြားခံပစ္စည်း) တစ်ခု ရွေးချယ်မယ်၊ ဒီအချက်တွေအားလုံးဟာ ဖန်တီးသူက ပြန်ပြောပြထားတဲ့ သူ့၀န်းကျင်က နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းရာတွေ ဖြစ်လေ့ရှိပါတယ်။ သိသာထင်ရှားတဲ့ လူမှုရေးအချင်းအရာမျိုးတွေလုံးဝမပါပေမယ့် ဖန်တီးသူရဲ့ ဆန္ဒအလျောက်၊ သူမြင်တဲ့ရှုထောင့်ကနေ ပြောထားတဲ့အကြောင်းရာမျိုးတွေဟာ တစ်ခါတစ်ရံ အလွန်ထင်ရှားပေါ်လွင်တဲ့ နိုင်ငံရေးအမြင်တွေဖြစ်လာတတ်တယ်။ အနုပညာသမားတွေဖန်တီးခဲ့သမျှအားလုံးဟာ သူတို့ရွေးချယ်မှုတွေရဲ့ရိုက်ခတ်ကျန်ရှိမှုပဲ၊ တစ်ချို့က ထိန်ချန် လှို့ဝှက်ချက်တွေပါတယ်၊ တစ်ချို့ကတော့ ဖြည့်စွက်ပေါင်းထည့်မှုတွေနဲ့ပေါ့။ သင်ဖန်တီးတဲ့အနုပညာဟာ သင်ကိုယ်တိုင်ပြုစုတည်ဆောက်ထားတဲ့ သင့်ရဲ့လောကတစ်ခုပါ။
...............
(၁၂)
ထိုးထွင်းသိမြင်မှုဆိုတာ အပြန်လှန်သက်ရောက်တဲ့ရိုက်ခတ်မှုတစ်ခုပဲဖြစ်တယ်။
ကြည့်ရှုသူတစ်ဦးဟာ သူ့ရဲ့ပုဂ္ဂလဖြစ်တဲ့ သိစိတ်နဲ့မသိစိတ်ရောနေတဲ့အခြေခံကနေ ရပ်တည် ပြီးကြည့်တယ်၊ အဲဒါဟာသူတို့ရဲ့အမြင်ဆိုင်ရာလှုံဆော်တဲ့ တုန့်ပြန်ရိုက်ခတ်မှုပဲ။ အဲဒီ ရိုက်ခတ်မှုဆိုတာ အလွန်ရိုးရှင်းနေချင်နေမယ်၊ ဥပမာ မျဉ်းကြောင်းကလေးတစ်ကြောင်းပဲ ဖြစ်ရင်ဖြစ် မယ်၊ အဲဒါဟာ ရုပ်ပုံပစ္စည်းတစ်ခုရဲ့ အလှပဲ။ အားလုံးသော ရေးချက်၊ မျဉ်းကြောင်း၊ ဆေးရောင်စွန်းထင်းမှုတစ်ခုဖြစ်ဖြစ် သူ့ရဲ့ကိုယ်စီဖြစ်ရှိနေမှုမှာ ကြည့်သူရဲ့အမြင်၊ တုန့်ပြန်ရိုက်ခတ်မှုတွေရောစွက်ဖြည့်တင်းပြီး ပိုမိုအဓိပ္ပါယ်ပြည့်ဝလာကြတယ်။ အဲဒီအရာဝတ္တုတစ်ခုကို ကြည့်သူဟာ အသက်သွင်းပေးလိုက်တာမျိုးပေါ့။ မင်းအနေနဲ့ ရုပ်ပုံသဏ္ဌာန်တွေကိုပဲ ပြင်ဆင်ထိန်းချုပ်နိုင် မယ်၊ ကြည့်သူရဲ့တုန့်ပြန်ရိုက်ခတ်မှုကိုတော့ ထိန်းချုပ်လို့ မရနိုင်ဘူး။
................
(၈)
အနုပညာဆိုတာ နှစ်ပေါင်းထောင်ချီကာလအထိ
ဆွဲဆန့်နိုင်တဲ့ဆွေးနွေးဆဲဒိုင်ယာလော့ခ်တွေပဲ။
သင့်ရဲ့ ဖန်တီးမှုတစ်ခုဟာ အဲဒီနှစ်ထောင်ချီက ဆွေးနွေးဆဲစကားဝိုင်းအတွက် အချက်အလက်အသစ်ဖြစ်စေနိုင်တယ်။ ဒါကြောင့် သင်မတိုင်ခင်ကလူတွေ ဘာတွေပြောခဲ့တယ် ဆိုတာကို သိထားဖို့လိုတယ်၊ နောက်ပြီး သင့်ရဲ့ပတ်ဝန်းကျင်က စကားသံတွေကိုလည်း သိနေဖို့လိုတယ်။ သူများပြောပြီးသားကို ကိုယ်ထပ်မပြောမိဖို့လိုတယ်။ ကမ္ဘာ့ပန်းချီ/အနုပညာသမိုင်းကိုလည်း လေ့လာရင်း ဒီကနေ့ကိုယ့်လက်ရှိအချိန်ခါရဲ့ အကြောင်းတွေကိုပြောဖို့ အမြဲနိုးကြားနေပါ။
.................
No comments:
Post a Comment