Pages

"ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ (၃)"


ဦးခင်မောင်(ဘဏ်)နဲ့ ကျနော်
အပိုင်း(ဂ)
၆ပေ ၃ပေ ကျူရှင် ပိုစတာကို ဆိုက္ကားပေါ်က ချကာ ကျူရှင်စာသင်ခန်းပေါက်အနားနံရံမှီထားပြီး ကျူရှင်ခန်းထဲ ဝင်လိုက်တဲ့အခါ နံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားတွေကြောင့် တအံတသြ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်... ပန်းချီကားတွေကို မျက်တောင်မခတ်ကြည့်နေမိတယ်... ကျူရှင်စာရေးက ပိုစတာရေးခ ဘယ်လောက်လဲလို့ မေးမှပဲ သတိပြန်ဝင်လာတယ်... ပိုစတာရေးခ တရာ့ငါးဆယ်လို့ ပြန်ဖြေတော့ ကျူရှင်စာရေးက ပိုက်ဆံထုတ်ပေးတယ်... ကျူရှင်စာရေးပေးတဲ့ပိုက်ဆံကို ရေမကြည့်တော့ပဲ အိပ်ကပ်ထဲထည့်ရင်း နံရံပေါ်က ပန်းချီကားတွေကိုပဲ အဆက်မပြတ်ငေးကြည့်နေမိတယ်... ကျူရှင်စာရေးကို ပန်းချီကားတွေ ကြည့်ပါရစေဆိုပြီး ခွင့်တောင်းပြီး ကျူရှင်ထဲဝင်ကြည့်တယ်... ကျူရှင်က စာသင်ချိန်မရှိသေးချိန်မို့ ပန်းချီကားတွေကို အေးအေးဆေးဆေး ကြည့်ရတယ်... ပန်းချီကားတွေက ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ ပန်းချီကားတွေပေါ့... ဆရာကြီးရဲ့ ပန်ချီကားကို ဖျတ်ကနဲတွေ့လိုက်ရတော့ ကျူရှင်တခန်းလုံး လင်းလက်သွားသလို ခံစားရတယ်... ထန်းတောထဲမှာ ထန်းရည်သောက်ပြီး မူးထွေနေတဲ့ ထန်းရည်သမားတွေကို စိမ်းဝါရောင်တွေကဲကဲ ရေးထားတဲ့ ပန်းချီကား.. Futurismသဘောနဲ့ ပန်းချီကားတကားလုံးမှာ ပါတဲ့ ဒိုးပတ်တီးသူ လကွင်းခြမ်းတီးသူ ဝါးလက်ခုပ်တီးသူ နှဲမှုတ်နေသူတွေ အားလုံး မြူးပျော်တီးမှုတ်နေတဲ့ ဒိုးပတ်ဝိုင်းပန်းချီကား... မိန်းမပျိုလေးတွေ ကြက်ဖခွပ်နေတာကို ရေးထားတဲ့ ပန်းချီကား...စိမ်းညို့အေးမြနေတဲ့ ရှမ်းပြည်ဘက်တောင်ပေါ်မြေနီလမ်းလေးကို ရေးထားတဲ့ ပန်းချီကား...
ဆရာကြီးရဲ့ ပန်းချီကားကို ကက်တလောက်ထဲမှာ... ပြက္ခဒိန်ထဲမှာသာတွေ့ဖူးတာ အပြင်မှာ ဒါလောက်များများ မတွေ့ဘူးမမြင်ဖူးဘူး... ဆရာကြီးဦးခင်မောင်(ဘဏ်)နဲ့ သားချင်းမကင်းတဲ့ ကိုအောင်မင်းတို့ အိမ်က ရွှေတိဂုံဘုရားပန်းချီကားပဲ တွေ့ဖူးတာပါ...
ဆရာကြီးရဲ့ မူရင်းပန်းချီကားတွေကို တကားချင်း စေ့စေ့ကြည့်မိတယ်... ကုသိုလ်ကံကြီးလို့သာ ဆရာကြီးရဲ့ ပန်းချီကားတွေကို ဒီလိုကြည့်ခွင့်ရတယ်လို့ စိတ်ထဲ အောက်မေ့မိတယ်... ကျူရှင်စာသင်ခန်းနဲ့ ကျူရှင်ဆရာကို လေးစားမိတယ်...
ကျူရှင်က မန္တလေးမှာ အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာဦးသန်းညွန့်ရဲ့ ကျူရှင်ခန်းပါ... အဲဒီအချိန်တုန်းက ကျူရှင်လောကမှာ ဆရာဦးသန်းညွန့်(အင်္ဂလိပ်စာ)က မန္တလေးမှာ လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားနေချိန်ပေါ့...  ဆရာဦးသန်းညွန့်က ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ ပန်းချီကားတွေကို ဝယ်ယူစုဆောင်းထားသူပါ... အဲဒီခေတ်(၁၉၈၂ဝန်းကျင် မဆလခေတ်)လို ပန်းချီဆရာတွေမှာ ပန်းချီဆေး ရှားပါး... ကင်းပတ်ဆေးရှားပါး.. ပန်းချီကားဝယ်ယူတဲ့သူ ရှားပါးတဲ့ အခြေအနေမျိုးမှာ ပန်းချီကား ဝယ်ယူစုဆောင်းတဲ့သူဖြစ်တဲ့ ဆရာဦးသန်းညွန့်ဆိုသူ ကျူရှင်ဆရာကလည်း ရှားရှားပါးပါး ဆရာပါပဲ... အဲ့ဒီတုန်းက ဆရာဦးသန်းညွန့်က ကိုစစ်(စစ်ငြိမ်းအေး)နဲ့ တပူးပူးတတွဲတွဲ ရှိနေကြတဲ့အချိန်ကာလပေါ့... ဆရာဦးမျိုးအောင်-မြန်မာစာ(ဇာတ်ညွှန်းဒါရိုက်တာ ငြိမ်းမင်း)လည်း ဆရာပေါ်ဦးသက် ပန်းချီကားတွေ ဝယ်ယူစုဆောင်းတဲ့ ရှားရှားပါးပါး ကျူရှင်ဆရာတယောက်ပါပဲ... (အခုခေတ်မှာတော့ ပန်းချီကားတွေ ဝယ်ယူစုဆောင်းနေတဲ့ ကိုစောငြိမ်း အောင်မြင်သူစီးပွားရေးလုပ်ငန်းအုပ်စု ဆိုတာလည်း မှတ်တမ်းတင်ရမယ့် မန္တလေးသား ရှားရှားပါးပါး စီးပွားရေးသမားတဦးပါပဲ..)... အဲ့ဒီအချိန်ကာလက ကျူရှင်လောက အဆင်ပြေနေသလို ကျူရှင်တွေကို မှီပြီး ပန်းချီဒီဇိုင်းဆိုင်းဘုတ်ပိုစတာရေးနေကြရတဲ့ ပန်းချီဒီဇိုင်းရေးနေရသူတွေလည်း အလုပ်အကိုင် အဆင်ပြေကြရသပေါ့... အဲ့ဒီခေတ်ကျူရှင်လောကမှာ ကျူရှင်စာအုပ်အဖုံးဒီဇိုင်းတွေရေးတာ နာမည်ကြီးအောင်မြင်သူတွေက စစ်ငြိမ်းအေး၊ မောင်မောင်ချိုဦး၊ မောင်မောင်တင်သိဏ်း၊ ငြိမ်းဦး၊ ညွန့်ဝေသစ်၊ မောင်ညီညီ၊ မြင့်အောင်ချစ်၊ မောင်နေဆန်း၊ တင်အောင်လေး တို့ပေါ့... မောင်နေဆန်း၊ ကိုတင်အောင်၊ မောင်မောင်အေးကြူ တို့က ပိုစတာရေးတာမှာ ပိုပြီးနာမည်ကျော်သပေါ့... ကျနော်လည်း ကျူရှင်စာအုပ်တွေမှာ ဖယောင်းလက်ရေးလေးတွေ စရေးစပြုနေပါပြီ.. (တချို့နာမည်တွေ မေ့နေတာလည်း ရှိပါတယ်)... အဲ့ဒီကာလက ကျူရှင်စာအုပ်အဖုံးဒီဇိုင်းတွေမှာ စစ်ငြိမ်းအေးနဲ့ မောင်မောင်ချိုဦးတို့ရဲ့ ဒီဇိုင်းတွေကို ကျနော်အဖို့ အားကျကြိုက်နှစ်သက်မိတယ်... ကိုငြိမ်းဦးရယ် မောင်မောင်ချိုဦးရယ် ကိုအေးကြူရယ်က တတွဲတွဲရှိနေကြတဲ့အချိန်... ကိုချိုဦးက ဒီဇိုင်းရေးတာများပြီး ပိတ်စဘောင်ကျက် ပိုစတာသိပ်မရေးဖြစ်တော့ ကျူရှင်ပိုစတာတချို့ကို ကိုငြိမ်းဦးနဲ့ လွှဲပေးတတ်တယ်.. အဲ့ဒီတုန်းက ကိုငြိမ်းဦးက ကီးဦးစိုးတင့် အင်္ဂလိပ်စာကျူရှင်မှာ ပိုစတာတွေ အဖုံးဒီဇိုင်းတွေ ရေးရတာများပါတယ်... အခုလည်း ဆရာဦးသန်းညွန့်ရဲ့ အနီးကပ်လပြတ်ကြော်ငြာပိုစတာကို ကိုငြိမ်းဦးရေးဖို့လွှဲတော့ ဆရာဦးသန်းညွန့်ရဲ့ ကျူရှင်ခန်းကို ရောက်ဖို့ အကြောင်းဖန်လာတာပေါ့... ဆရာကြီးပန်းချီကားတွေနဲ့ မြင်တွေ့ရဖို့ ဖြစ်လာတာပေါ့ဗျာ... အဲ့ဒီအချိန်ကာလမှာ နာမည်သိပ်မကြီးတဲ့ ဦးစိုးစိုး သင်္ချာနဲ့ ကိုအောင်မင်းအင်္ဂလိပ်စာ (ဆရာကြီးဦးခင်မောင်နှင့်သားချင်းမကင်းသူ)တို့ရဲ့ကျူရှင်စာအုပ်အဖုံးလေးတွေတော့ နာမည်မရသေးတဲ့ ကျနော်မှာ ရံဖန်ရံခါရေးရတယ်...
ဆရာကြီးရဲ့ မူရင်းပန်းချီကားကို တွေ့ပြီးတော့ ဆရာကြီးဆီမှာ တပည့်ခံ ပညာသင်ဖို့စိတ်က ကြွကြွလာတာပေါ့... ဆရာဦးသန်းညွန့်ကျူရှင်ကအပြန် ကိုအောင်မင်းတို့အိမ်ကို ဝင်ဖြစ်တယ်...(ဆက်ရန်)
စိုးဝင်းငြိမ်း
06:54 AM
26 Oct 2018
ဆရာဝသုန် ကွယ်လွန်တာ ၁၀နှစ်ပြည့်အမှတ်တရပွဲ သွားဖြစ်တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် ကိုယ်နဲ့သိကျွမ်းတဲ့ ကိုယ်လေးစားရတဲ့ ပန်းချီဆရာတွေ အကြောင်းရေးချင်စိတ် အတွေးပေါ်လာတယ်... မန္တလေးရန်ကုန် ပန်းချီဆရာတွေ အကြောင်းပေါ့... ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာကြီးတွေ စရေးရင် ကောင်းမလား... ဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးခင်မောင်(ဘဏ်)၊ ဦးအောင်ခင်၊ ဦးဘရင်လေး၊ ပေါ်ဦးသက်၊ ဦးဘရင်(နိပတ်တော်ပန်းချီ)၊ ဦးနန်းဝေ၊ ဒေါက်တာသန်းထွန်း၊ မောင်ငွေထွန်း၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ ဦးကံညွန့်၊ ဦးချစ်ငြိမ်း၊ တိုင်းကျော်(ပိုစတာ)၊ ခင်မောင်ရင်၊ စံတိုး၊ ခင်ဝမ်း၊ ဝသုန်၊ မောင်မောင်သိုက်၊ မြတ်ဝင်းထိန်၊  ဦးအောင်သိန်း(အငြိမ့်ဇာတ် ကားလိပ်ပန်းချီ)၊ ကိုအေးကြူ၊  ဦးအုန်းဖေ(ဆိုင်းဘုတ်ပန်းချီ)၊ မောင်မြတ်မှိုင်း(လမင်းတရာ)၊ ဦးသိန်းမောင်(စစ်ကိုင်း)၊ ကံချွန်၊ တွတ်တွတ်... ငယ်တုန်းရွယ်တုန်း ဆုံးပါးသွားကြတဲ့ ဘိုဘိုသာ(အမရပူရ)၊ ငြိမ်းဦး၊ ညမင်းကျော်၊ စန်းလွင်၊ ပန်းချီဒီဇိုင်းမောင်ညီညီ... သူတို့ အကြောင်းတွေ ရေးချင်မိတယ်... "ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ" ဆိုပြီးတော့ပေါ့...
စိုးဝင်းငြိမ်း
05:11 AM
22 Oct 2018

No comments:

Post a Comment