.......................................................
ပြင်သစ် ပန်းချီပညာရှင် ဟင်နရီမားတီစ် (၁၈၆၉-၁၉၅၄)ဟာ ၂၀ ရာစုပန်းချီလောကအတွက် အရေးပါလှတဲ့ ဦးဆောင်သူတစ်ဦး၊ မော်ဒန်အနုပညာတွေရဲ့ဘုရင်တဦးလို့ ပညာရှင်တွေကလက်ခံကြတယ်။ သူဟာ အများ က မနှစ်သက်ခဲ့တဲ့ အရိုင်းစိုင်းရေးဟန်လို့ သမုတ်ကြတဲ့ (ဖော်ဗစ်ဇင်) ပန်းချီလမ်းသစ်ကို စဦးတီထွင်လျှောက်ခဲ့တယ်။ သူဟာ သက်ရှိထင်ရှားချိန်ကထဲက အမေရိကားထိ ပေါက်မြောက်ကျော်ကြားခဲ့ပြီး ၁၉၅၁ မှာ ချီ ကာဂို၊ ဆန်ဖရန်စစ္စကိုမြို့ကြီးတွေမှာ ပြပွဲ တွေလုပ်ခဲ့တယ်။သူ့လက်ရာတွေဟာ ယခင်ရှိခဲ့တဲ့ ပန်းချီဟန်လမ်း ကြောင်းများကနေ အတော်သွေဖီလာကြတာတွေ့ရပါတယ်။ သူဟာဒီဇိုင်းအထားအသိုဖွဲ့စည်းသလို အပြင် ဆင်ချယ်လှယ်ပုံမျိုး မျဉ်းကြောင်း အရောင်ပြင်တွေနဲ့ အားရှိတဲ့ အပြားချပ်ရုပ်ပုံတွေကို ရေးတယ်၊ မကြာသေး ခင်က ၂၀၁၄ ခုနှစ်မှာအမေရိကန်နိုင်ငံ နယူးယောက်မြို့က မိုမာ အနုပညာပြတိုက်ကြီးမှာ သူ့ရဲ့ ဖြတ်ညှပ်ကပ် ပန်းချီ များဆိုပြီး ပြပွဲကြီးကျင်းပခဲ့တယ်။ သူ့ရဲ့ တကြောင်းဆွဲပုံတွေကလည်း ရဲရင့်ပြတ်သားလှတယ်။
နောက်ပိုင်းမှာ သူ့ဆီကဒီလိုမျဉ်းတကြောင်းဆွဲ ကောက်ကြောင်းဟန်ကို အရယူနိုင်တဲ့သူက ပီကာဆိုပါပဲ။ ထူးခြား တာက မားတီးစ် ဟာ ပန်းချီကားရဲ့ ဖွဲ့စည်းပုံ (အထား အသို)နေရာချမှုမှာ သာမန်မြင်ရိုးမြင်စဉ် မြင်ကွင်း
မဟုတ်သလို အိမ်မက်ပန်းချီသမားတွေရဲ့ ဆာရီရယ် ပုံစံတွေနဲ့လဲ ကွဲပြားနေတာပါပဲ။ အခုပြထားတဲ့ မှင်ခြစ် တစ်ကြောင်းဆွဲပုံဟာ ၁၉၃၅ မှာရေးထားတဲ့ ပုံပါ၊ အောက်ခံအခင်းတွေနဲ့ မှီထားတဲ့ ခေါင်းအုံး ကဒီဇိုင်း အကွက်ဆင်တွေက ရှင်းလင်းတဲ့ကွက်လပ် တွေကို ဖြည့်ပြီး ဆင်ယင်ထားတယ်၊ ရှေ့က လှဲ နေတဲ့လူပုံကတော့ အချိုးစားက ပန်းချီအမြင်ရဲ့ နီးဝေးမြင်မှု အရှည်အတို ချိန်ထားတာတွေလို့ ထင် မြင်နိုင်ပေမယ့် အဲဒါမျိုးမဟုတ်ပါ။ ကောက် ကြောင်းကို
သာ ဒီလိုရိုးရှင်းတဲ့ နေရာ ချန်ထားမှုတွေ လုပ်တာမဟုတ်ပဲ ပန်းချီကားချပ်တွေမှာလည်း ယခုလို အပြားချပ်ရောင်ပြင်တွေကိုပဲ ဒီဇိုင်းနေရာချသလို
ရေးဆွဲပါတယ်။
ဒါဟာသူ့ကို ဖော်ဗီဇင်လို့ တွင် စေမယ့် လုပ်နည်းလုပ်ဟန်တွေပါပဲ။ ဘာလို့လဲဆိုတော့ ပန်းချီရဲ့ ယ ခင်လုပ်နည်းလုပ်ဟန်တွေ ဖြစ်တဲ့ အရောင် အလင်းမှောင်ချိန် ညှိတာ အရိပ်အမှောင်တွေတွက်ချက်တာနဲ့ ထုံး စံအတိုင်း ဘက်ညီမညီ တွေချိန်နေရတာ တွေ မပါတော့ပဲ ခပ်ဘွင်းဘွင်း နေရာကွက်လပ်ကျယ်ထဲ ဂျပ်ထူဖြတ် ပုံကြီးတွေ ကပ်ပြထား သလိုဖြစ်နေလို့ပါ။
သူ့ရဲ့ ပုံကြမ်းနောက်တစ်ခု အရိုးရှင်းဆုံးမြင်တွေ့နိုင်တာကတော့ ငန်းပုံပါပဲ။ အခြားရုပ်ပုံရေးနည်းတွေနဲ့ လုံးလုံး ကွဲပြားသွားပြီး ပုံသဏန်ကို ဘေးအနားကွပ် ရုပ်ပုံတွေအဖြစ်မြင်တွေ့ရသလိုပါပဲ။ ဒါပေမယ့် သူရေးဆွဲတာက ရုပ်ပုံသဏန်တစ်ခုမဟုတ်ပဲ နေရာကွပ်လပ်တစ်ခုကို မျဉ်းလိုင်းတွေနဲ့ပိုင်းစိတ်ဖြည့်စွက်တဲ့ဒီဇိုင်းအထား သို တစ်ခုလုပ်နေခြင်းပါ။ ပေါ်လာတဲ့ပုံသဏန်ဟာ အဓိကမကျ၊ နေရာချအပြင်ဆင်တစ်ခုရဲ့ ဖြစ်နိုင်ခြေအခြားတစ်ခုကိုရှာခြင်းမျိုးပါပဲ။ ဒီသဘောကို သူ့ရဲ့ နောက်ထပ်ကောက်ကြောင်းပုံ သစ်သီးနဲ့ပန်းတွေကို သက်ငြိမ်ရေးထား တာမှာတွေ့နိုင်တယ်။ ယခင်က ကောက်ကြောင်းပုံတစ်ခုလုပ်တာဟာ ပန်းချီရေးဖို့ အကြမ်းရာခြင်းသာ ဖြစ် ပေမယ့် သူကတော့ ကောက်ကြောင်းကိုပဲ လက်ရာအဖြစ်ယူလိုက်ပြီး ထူထူထဲထဲမျဉ်းလိုင်းတွေသုံးလိုက် တယ်။ နောက်တစ်ပုံဖေါ်ပြထားတဲ့ အမျိုးသမီးမော်ဒယ်နဲ့ပန်းအိုးပုံမှာလည်း ဒီအတိုင်းပါပဲဧရိယာကွပ်လပ် တစ်ခုကို အဝတ်ဆင်ဒီဇိုင်းတစ်ခုလိုဖြည့်ထားတဲ့ ဆင်ယင်ချယ်လှယ်မှုပုံစံ မျဉ်းလိုင်းတွေသာဖြစ်ပါတယ်။
ဒီလက်ရာတွေဟာ ဘာကြောင့် အရိုင်းစိုင်းပန်းချီဟန်လို့ ခေါ်ဝေါ်ကြသလဲဆိုတာ ထင်ရှားစေပါတယ်။ ထင် ရှားမှု၊ စွမ်းအား၊ ဒီဇိုင်းအပြင်ဆင်အသားပေးမှု၊ အရောင်မပါသေည်လည်း တောက်ပလင်းလက်နေတယ်ထင် ရမှုတွေက ထူးခြားလှတယ်။ ယခင်အထားအသိုစည်းမျဉ်းတွေနဲ့မတူ၊ အနီးဝေးချိန်ဆတာတွေမပါပဲ သဘာဝ ကိုလွန်ဆန်လိုက်တာဟာ ယုတ္တိဗေဒမှာလမ်းဆုံးနေတဲ့ ပန်းချီကို လမ်းသစ်ဖေါက်လိုက်ခြင်းပါပဲ။ သဘာဝ မှာ စားပွဲပေါ်တင်နေသလိုနေရာတကျအဖြစ်မြင်နိုင်အောင်ကျိုးပမ်းမှုတွေကနေရုန်းထွက်လိုက်ပြီး ပန်းချီဆရာ ရဲ့ ပင်မစိတ်ဝိဥာဉ် စေစားရာဆီကို လုံးလုံးရောက်ဖို့ ခြေလှမ်းအစပါပဲ။ မားတီးစ်ရဲ့ အနုပညာရှင် ဘဝသက် တမ်းဟာ ရှည်လျားခဲ့သလို သူ့ခြေလှမ်း တွေဟာ အင်ပရက်ရှင် ပန်းချီဟန်ကာလ တွေကနေ အက်ဘ်စထရက် ပန်းချီဟန် ကာလတွေ အနီးနားထိ ရောက်ရှိနိုင် ခဲ့တယ်။ သူရဲ့ပထမဆုံး ခြေလှမ်း ကာလတွေက အရောင်းစူးရဲရဲ မျဉ်းလိုင်းထူထူ ရုပ်ဆိုးဆိုးရေးချက်တွေ ကြောင့် ဖော်ဘစ်ဇင် ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့
တယ်။ ပြင်သစ်ရဲ့ ပန်းချီနဲ့ အနုပညာလောကမှာ ဒီလိုစူးရဲရဲ တောက်ပ တဲ့
မားတီးစ်ရဲ့ တီထွင်မှုဟာ အလွန်အောင်မြင်ခဲ့တယ်၊ သူဟာ ၁၉၀၄ မှာ တစ်ကိုယ်တော်ပြပွဲ စတင်ပြသခဲ့သလို၊ တောက်လျှောက်အောင်မြင်မှုတွေရခဲ့ပြီး ၁၉၀၈ ကနေ ၁၉၁၁ ထိ ပန်းချီပညာသင်ကျောင်းမှာ ဦးဆောင်ခဲ့တယ်။ ၁၉၀၈ ကနေစတင်ပြီး အမေရိကား၊ နယူးယောက်မှာ ပြသကျော်ကြားလာခဲ့သလို၊ ပြင်သစ်ရဲ့ အနုပညာခေတ်ကို စိတ်ကူးသစ် အရသာသစ်တွေနဲ့ ဦးဆောင် ဂုဏ်တင့်စေခဲ့သူပါ။
မားတီးစ် ရဲ့ ပန်းချီဟာ ကမ္ဘာမြေပေါ်မှာနေထိုင်နေသူ ကျွန်တော်တို့အားလုံး အတွက် ကောင်းကင်ဘုံရဲ့ ခမ်းနားသိုက်မြိုက်မှု နဂိုအလှပတွေကို ပြင်းထန်တဲ့ အံ့အားသင့်ခြင်းမျိုးနဲ့ လှုံ ဆော်ပေးနိုင်ခဲ့တယ်။ သူ့ လက်ရာအား လုံး မှာ အလှပနဲ့အခြား အမျိုးမျိုးသော အင်အားပြည့် ညှိုငင်မှု တွေကို ထည့်သွင်းခဲ့တယ်။ သူဟာ စိတ်မြန်ကိုယ်မြန်ဆန္ဒစောတတ်တဲ့ ပင်ကိုယ်စရိုက်ရှိသူဖြစ်တယ်။ ဒါပေမယ့်သူ့ရဲ့ လက်ရာအတော်များများကို ကြည့် ရင် အလွန်ရှင်းလင်း ရိုးစင်းလှတယ်လို့ ခံစားမိစေမှာပါ။ သူဟာ အရောင်တွေကို သုံးသော်လည်း ဘယ်လို လှ
တပတ ဖြစ်အောင် သဘာဝနဲ့တူအောင်ချယ်မှုန်းတဲ့သုံးစွဲမှုမျိုးမလုပ်ဘူး၊ အရောင်ဟာ သူရေးတဲ့ မျဉ်းကြောင်းလိုင်းအမည်းတွေလိုပဲ အရောင်လိုင်းတွေ၊ မျက်နှာပြင်ပိုင်းခြားမှု အတွက်သုံးတဲ့ ရောင်ပြင်အပြားချပ်တွေအ ဖြစ်သာ သုံးတာပါ။ ဒီသဘောကို သူ့ရဲ့ နောက်ပိုင်းကာလတွေမှာ သူနာမကျန်းဖြစ်နေစဉ် အလွယ်တကူရတဲ့ ရောင်စုံစက္ကူ ကပ်ကြေးညပ် ကားချပ်တွေက သက်သေခံနေပါလိမ့်မယ်။ သူရဲ့ အရောင်ပြင်အပြားချပ်ပန်းချီ တွေအတွက် အစမ်းသဘော ဖြတ်ညှပ်နေရာချကြည့်ရင်း ဒီလို အနားစောင်းပြတ်သားနေတဲ့အရောင်အ ပြားချပ် အရုပ်တွေဟာ သူ့အာသီသကို ဘွားခနဲလှုံံ့ဆော်ပေးနိုင်ခဲ့သ လို နှစ်ခြိုက်သွားခဲ့တယ်။ သူဟာ ဒီလို စက္ကူညှပ်ဖွဲ့စည်းမှု အဆင်ဒီဇိုင်းကားချပ်ပေါင်း များစွာဖန်တီးခဲ့ပါတယ်။
(၂၀၁၄ မှာပြသခဲ့တဲ့ နယူးယောက်မြို့က မိုမာအနုပညာပြတိုက်ကြီးက မားတီးစ်ရဲ့ ဖြတ်ညှပ်ကပ်များ အမှတ်တရပြပွဲကြီးကတော့ အစောပိုင်းမှာပြောခဲ့သလို ပါရီစကူးလ်ခေတ်ရဲ့ ယနေ့ချိန်ထိကျော်ကြား ဟိုးလေးတကျော် နှစ်ခြိုက်ကြည့်ရှုကြဆဲဆိုတာကို အထင်အရှားသိသာစေနိုင်တာပါပဲ)။ အနုပညာမှန်ရင် ခေတ်ကာလ အကန့်သတ် ဆိုတာမရှိပဲ အမြဲသစ်လွင်နေမယ်ဆိုတာ သိသာနိုင်ပါတယ်။
..............
ပုံစာများ-
(၁) မားတီစ်၊ ခေါင်းအုန်းမှီနေတဲ့လည်ဆွဲနဲ့ ဝစ်လစ်စလစ်သူ၊
၁၉၂၇၊ ပုံနှိပ်ကောက်ကြောင်း၊ ၅ _၇ လက္မ၊ မိုမာအနုပညာပြတိုက်၊
(၂) မားတီစ် ဟင်နင်္ရီ၊ သက်ငြိမ် သစ်သီးနှင့်ပန်းများ ၁၉၄၇၊
မင်ကောက်ကြောင်းနှင့် စုတ်ချက်၊ ၃၀ _၂၂ လက၊
ကျယ်ပြန့်တဲ့နေရာအထားသိုမှာ အပြားချပ်လိုမြင်ရတဲ့ အရာဝထုများဟာ စားပွဲခင်း လိုက်ကာ အဆင်ဒီဇိုင်းတစ်ခုလိုမြင်ရတယ်။ ထူထဲလှတဲ့ မျဉ်းကြောင်းစုတ်တံရာတွေဟာ နေရာကွက်လပ်အတွင်းမှာ ပိုင်နိုင်စွာ နေရာအပြည့်ယူထား
သလိုပါပဲ။ ပြုတင်းပေါက်က ကျော်ထွက်နေသယောင် နောက်ခံအုံးလက်တွေဟာ ပိုပြီး အဆင်အပြင် အခန်းအလှဆင်သလို ထင်မြင်လာရတယ်။
(၃) မားတီစ်၊ လက်ပိုက်ရပ်နေတဲ့ ဝစ်လစ်စလစ် (ရင်ဘတ်ပိုင်း)၊
၁၉၁၄၊ မိုနိုတိုက်ပ်နည်း တကြောင်းဆွဲ ပုံနှိပ်၊ ၅ _၆ လက္မ၊ မိုမာအနုပညာပြတိုက်၊
(၄) မားတီစ်၊ ပန်းနဲ့မိန်ခလေး၊ မင်၊ ၁၉၃၇၊
....................
No comments:
Post a Comment