Pages
"ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ (၂)" ဦးခင်မောင်(ဘဏ်)နဲ့ ကျနော် အပိုင်း(ခ)
တမနက်ခင်းမှာ အကိုငြိမ်းဦးက "ငါတို့ ကိုစစ်(စစ်ငြိမ်းအေး)အိမ်သွားမယ်.. ကိုစစ်အိမ်မှာ ဆွမ်းကျွေးရှိတယ်... ကူညီညာလုပ်ပေးဖို့ မင်းရောလိုက်ခဲ့"တဲ့.. အင်္ကျီလေးလဲပြီးလိုက်ခဲ့တယ်... ကိုစစ်အိမ်မှာ ကူညီလုပ်ကိုင်ပေးနေတုန်း အကိုငြိမ်းဦးက ကိုစစ်အိမ်တံခါးဝကို လှမ်းကြည့်ရင်း ဆရာကြီးဦးခင်မောင်(ဘဏ်)ဆိုတာ သူပေါ့ဆိုပြီး ပြောတယ်... ဆရာကြီးအိမ်ထဲ ဝင်လာတဲ့ တလျှောက်လုံး မျက်တောင်မခတ် လိုက်ကြည့်မိတယ်... ဆရာကြီးကို တွေ့ဖူးပြီ... တခြားပန်းချီဆရာတွေလည်းပါလာတယ်... နောက် အိမ်အပေါ်ထပ်မှာ ထမင်းဝိုင်းပြင်ပြီး ဧည့်ခံကျွေးမွေးတယ်... ကိုစစ်တို့ အကိုငြိမ်းဦးတို့က ဧည့်ခံနေရင်း ကိုစစ်က "ငြိမ်းဦးညီ.. ဆရာကြီးတို့အတွက် ရေနွေးကြမ်း ထပ်ဖြည့်ပေးဦးကွာ" လို့ လှမ်းခိုင်းတော့ ရေနွေးကြမ်းအိုးခရားကို ဆရာကြီးတို့ ဝိုင်းအနား ချပေးရင်း ဆရာကြီးကို အနီးကပ် မြင်ခွင့်ရတယ်... ပျော်လိုက်တာ...ကျနော့်စိတ်ထဲ ပီကာဆိုကြီးလို့ ထင်မြင်မိတယ်... (ပန်းချီဆရာအသိုင်းအဝိုင်းက ကျနော့်ကို ငြိမ်းဦးရဲ့ညီမို့လို့ ငြိမ်းဦးညီလို့ ခေါ်ကြတယ်) ကိုငြိမ်းဦးက လက်တို့ရင်း ဆရာကြီး ဘယ်ဘက်မှာထိုင်နေတာက ဒါရိုက်ဦးဝင်းဖေ.. ညာဘက် ကိုစစ်ဘေးက ကိုစိန်မြင့်(ရွှေချည်ထိုး)..လို့ တိုးတိုး တိုးတိုးနဲ့ ပြောပြတယ်... ကိုယ်လေးစားအားကျတဲ့ ပန်းချီဆရာကြီးတွေကို အနီးကပ် မြင်ရလို့ ကြည်နူးရတယ်... အဲဒီနေ့က ကျနော် ကိုစစ်အိမ်က ပြန်သည်ထိ ဆရာပေါ်ဦးသက်ကို မတွေ့မိ... အကိုက ဆိုင်းဘုတ်ရေးစရာအလုပ်ရှိလို့ ကျနော်ကို ပြန်လွှတ်လို့ ပြန်ခဲ့ရတယ်...
အဲ့ဒီနေ့တနေ့လုံး အလုပ်လုပ်ရတာ ဆိုင်းဘုတ်စာလုံးတွေ ဆေးဖြည့်နေရတာ ပျော်စရာကောင်းနေတယ်...
အဲဒီနေ့က အကိုဝမ်းကွဲ ကိုဘကျောက်(ကိုဝင်းနိုင်)ရဲ့ သူငယ်ချင်း ကိုအောင်မင်း(ရှမ်းပွဲ ဦးစိုးစိုးသင်္ချာ ကျူရှင်ဆရာရဲ့ညီ)နဲ့ လ္ဘက်ရည်ဆိုင်မှာ တွေ့တော့ ဆရာကြီးဦးခင်မောင်(ဘဏ်)ကို တွေ့ခဲ့တာကို ပြောမိတယ်... ကိုအောင်မင်းက ဆရာကြီးတို့နဲ့ သားချင်းမကင်းသူ... ကိုအောင်မင်းအမေရဲ့အမ..သူ့ကြီးဒေါ်က ဆရာကြီးရဲ့ ညီအရင်းဖြစ်သူ ဦးလေးဘိုရဲ့ ဇနီးပေါ့... သူတို့အိမ်မှာ ဆရာကြီးရဲ့ ပန်းချီကားတချပ်ရှိတယ်... ရွှေတိဂုံစေတီတော် ပန်းချီကား... အဲ့ဒီ ပန်းချီကားက ဆရာကြီးရဲ့ စောစောပိုင်းလက်ရာပဲ.. ဆိုင်းထိုးထားတဲ့ ခုနှစ်တော့ မပါဘူး... ဘာကြောင့်လည်းဆိုရင် ရေးချက်တွေက Realism နီးနီးရေးထားတဲ့ Inpression ဟန် ပန်းချီကားပဲ... ဒေါင်လိုက်ပန်းချီကား... ၁ပေခွဲ ၂ပေလောက်တော့ ရှိမယ်.. ဆရာကြီးရဲ့ နောက်ပိုင်းလက်ရာတွေက စုတ်ချက်တွေ မရှိတော့ဘူး... အရောင်ပြင်တွေပဲ ရေးတော့တယ်... လက်ပံပင်ပန်းချီကားဆိုရင် စောစောပိုင်းလက်ရာပဲ စုတ်ချက်တွေ တွေ့နေရသေးတယ်... နောက်ပိုင်း Cubisim ဟန်တွေဘက်ကူးလာဖို့ ရေးချက်စုတ်ချက်တွေကို လျှော့ပစ်လိုက်တယ်ထင်တယ်... မန္တလေးမြို့ကို Cubisim ဟန်နဲ့ ဖွဲ့ပြီးရေးထားတဲ့ ပန်းချီကားမှာဆိုရင် စုတ်ချက်တွေ မတွေ့ရတော့ဘူး... အရောင်ပြင် အပြားတွေကို ထုထည်တွေဖြစ်လာအောင် အထားအသိုကျစ်လစ်အောင်လုပ်ထားပြီး.. ပန်းချီကားကိုဖန်တီးထားတယ်... ဆရာကြီးက အရောင်တွေ ကာလာသီအိုရီတွေ ပိုင်နိုင်ကျွမ်းကျင်တဲ့သူပီပီ မန္တလေးကို ခရမ်းနုရောင် မရမ်းနုရောင်တွေ လိမ္မော်ရောင်တွေနဲ့ ပူနွေးနွေးဖြစ်လာအောင် ရေးလေ့ရှိတယ်... ပန်းရိုးမပြက္ခဒိန်မှာပါတဲ့ ထန်းရည်ဝိုင်း ပန်ချီကားမှာဆိုရင် စိမ်းဝါဝါတွေများများသုံးပြီး ထန်းတောရဲ့ အရိပ်အာဝါသအောက်မှာ စိတ်လွတ်ကိုယ်လွတ်မူးထွေအောင်သောက်နေတဲ့ လူတွေရဲ့ အချိုးတွေကို ပြောင်းပြီးဆွဲထားတာက သြချလောက်တယ်... ဆရာကြီးက ပီကာဆို၊ မာဆယ်ဒူးရွန့်၊ မွန်ဒရေဟန်(စာလုံးပေါင်းမှားနိုင်)တို့ကို ကြိုက်တယ်ထင်တယ်... မာဆယ်ဒူးရွန့်ရဲ့ Futurism သဘောမျိုး ဒိုးပတ်ဝိုင်း လို ပန်းချီကားမျိုး၊ မွန်ဒရေဟန်ရဲ့ အရာဝတ္ထုတွေ အရောင်တွေကို Minimize လုပ်ပစ်တဲ့ဟန်နဲ့ ပုလွေဆရာလို ပန်းချီကားတွေ ရေးခဲ့တာပေါ့... ဒီလို ပန်းချီကားတွေကို နားလည်ခံစားတတ်အောင် ကျနော်ကို ဖြစ်လာစေတာက အကိုငြိမ်းဦးရဲ့ စာအုပ်ဘီရိုထဲက "Outline of Art" ဆိုတဲ့ ၂လက္မလောက်ထူတဲ့ ကျောက်ခေတ်ကနေ ၂၀ရာစုအထိ ပန်းချီပန်းပုအနုပညာသမိုင်းကို ဓာတ်ပုံပေါင်းများစွာပါတဲ့ စာအုပ်ကြီးရယ်... ပေါ်သစ်ရဲ့ အလှရှာတော်ပုံရယ်... ခင်ဝမ်းရဲ့ စိတ္တဇပန်းချီစာအုပ်တွေပါပဲ... ၇တန်း ၈တန်းလောက်ကတည်းက အဲ့ဒီစာအုပ်တွေကို အကြိမ်ကြိမ်လေ့လာ ဖတ်ခဲ့လို့ပါ..
"Outline of Art" ဆိုတဲ့ စာအုပ်ကြီးက အင်္ဂလိပ်လိုရေးထားတာမို့ မဖတ်နိုင်ပါ... ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ဥရောပ ယဉ်ကျေးမှု အနုပညာစာအုပ်က အဲ့ဒီစာအုပ်ကြီးထဲက အကြောင်းအရာ အတော်တော်များကို နားလည်လာအောင် အထောက်အပံ့ပြုခဲ့တာပေါ့... ဆရာကြီးကို ကိုစစ်တို့အိမ် ဆွမ်းကျွေးမှာ စတွေ့ဘူးတော့ ကျနော် စက်မှုလက်မှုအထက်တန်းကျောင်း ပထမနှစ် မော်တော်ယာဉ်မှာ ကျောင်းတက်နေတဲ့ အချိန်ပါ... တကယ်တော့ ကျနော်က ပန်းချီကျောင်းတက်ချင်တာပါ... မတက်ဖြစ်ခဲ့ရတဲ့ အကြောင်း နောက်မှ ဆက်ရေးပါဦးမယ်... ပန်းချီကျောင်းဆင်းဖြစ်တဲ့ ပန်းချီဘိုဘိုသာကြောင့်လို့ ပြောရမှာပေါ့...(ဆက်ရန်)
စိုးဝင်းငြိမ်း
05:32 AM
23 Oct 2018
ဆရာဝသုန် ကွယ်လွန်တာ ၁၀နှစ်ပြည့်အမှတ်တရပွဲ သွားဖြစ်တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် ကိုယ်နဲ့သိကျွမ်းတဲ့ ကိုယ်လေးစားရတဲ့ ပန်းချီဆရာတွေ အကြောင်းရေးချင်စိတ် အတွေးပေါ်လာတယ်... မန္တလေးရန်ကုန် ပန်းချီဆရာတွေ အကြောင်းပေါ့... ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာကြီးတွေ စရေးရင် ကောင်းမလား... ဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးခင်မောင်(ဘဏ်)၊ ဦးအောင်ခင်၊ ဦးဘရင်လေး၊ ပေါ်ဦးသက်၊ ဦးဘရင်(နိပတ်တော်ပန်းချီ)၊ ဦးနန်းဝေ၊ ဒေါက်တာသန်းထွန်း၊ မောင်ငွေထွန်း၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ ဦးကံညွန့်၊ ဦးချစ်ငြိမ်း၊ တိုင်းကျော်(ပိုစတာ)၊ ခင်မောင်ရင်၊ စံတိုး၊ ခင်ဝမ်း၊ ဝသုန်၊ မောင်မောင်သိုက်၊ မြတ်ဝင်းထိန်၊ ဦးအောင်သိန်း(အငြိမ့်ဇာတ် ကားလိပ်ပန်းချီ)၊ ကိုအေးကြူ၊ ဦးအုန်းဖေ(ဆိုင်းဘုတ်ပန်းချီ)၊ မောင်မြတ်မှိုင်း(လမင်းတရာ)၊ ဦးသိန်းမောင်(စစ်ကိုင်း)၊ ကံချွန်၊ တွတ်တွတ်... ငယ်တုန်းရွယ်တုန်း ဆုံးပါးသွားကြတဲ့ ဘိုဘိုသာ(အမရပူရ)၊ ငြိမ်းဦး၊ ညမင်းကျော်၊ စန်းလွင်၊ ပန်းချီဒီဇိုင်းမောင်ညီညီ... သူတို့ အကြောင်းတွေ ရေးချင်မိတယ်... "ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ" ဆိုပြီးတော့ပေါ့...
စိုးဝင်းငြိမ်း
05:11 AM
22 Oct 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment