Pages

နန်းတွင်းပန်းချီတော် ဆရာချုံ

 


(၁၈၆၆ ခန့်မှန်းမွေးနှစ်-၁၉၁၈)
ဆရာချုံငယ်စဉ် မိဘနှစ်ပါးက ရှေးမြန်မာထုံးစံအတိုင်း ဘုန်းတော်ကြီးကျောင်းတွင်အပ်နှံ၍ ပညာသင်ကြားစေသည်။ပန်းချီပုံဆွဲဝါသနာပါပြီး ရိုးသားဖြောင့်မတ် သွက်လက်ဖျတ်လတ်သဖြင့် စပ်ပန်းချီဆရာများက ဆရာချုံကို ဆရာတော်ကြီးထံခွင့်ပန်၍ ခေါ်ယူပြီး ပန်းချီပညာ သင်ပေးခဲ့သည်။
ဆရာချုံသည် စပ်လုပ်ငန်းကို အောက်ခြေမှစတင်သင်ယူ၍ သုံးနှစ်ခန့် ကြာသည့်အခါ
ဆရာချုံ၏ရှေ့ရေးကို မျှော်ကိုး၍ ဆရာဘုန်းတော်ကြီးက နန်းတွင်းပန်းချီတော်ဦးကြာညွန့်၏သား ဆရာစာထံသို့ ပို့ပေးသည်။၁၄ နှစ်သားအရွယ်ဆရာချုံသည် ပန်းချီတော်ဆရာစာထံတွင် တပည့်ခံရင်း ဆရာစာမျက်စိကွယ်၍ အလုပ်ခွင်မှ အနားယူသော် ဆရာချုံကို နန်းတွင်းပန်းချီတော်အဖြစ် ဆက်လက်ခန့်ထားခဲ့သည်။ ထိုစဉ်က ဆရာချုံမှာ ၁၆ နှစ်သားအရွယ်မျှသာ ရှိသေးသည်။
ထိုခေတ်က မန္တလေးရတနာပုံနေပြည်တော်သို့လာရောက် အမှုထမ်းကြသော အီတလီ ပန်းချီဆရာ နှစ်ဦးရှိကြရာ ထိုသူတို့နှင့်လည်း ဆရာချုံသည် ပန်းချီပညာရပ်များနှီးနှောဖလှယ်ခဲ့သည်။
ဆရာချုံ၏ ညီလာခံ၊ နန်းမြို့တွင်း တစ်နေရာ စသော ကားတို့တွင် ရှေးရိုးမြန်မာပန်းချီနည်းဖြစ်သော မျဉ်းရေးဆေးခြယ်ခြင်းကို အခြေခံထားသော်လည်း အနီးအဝေးမြင်ကွင်းသဘော၊ အလင်းအမှောင်တို့ဖြင့် ရေးဖော်သည့် ထုထည်သဘောများ စနစ်တကျ ထည့်သွင်းရေးချယ်ထားသည်ကို တွေ့ရသည်။
သီပေါမင်း ပါတော်မူပြီးသည့်နောက် ဗြိတိသျှခေတ်ဦး၌ ဆရာချုံ သည် မန္တလေး၌ပင် ပန်းချီပညာဖြင့် ဆက် လက်၍ အသက်မွေးသည်။သို့သော် ထီးသုဉ်း ၊ နန်းသုဉ်း ၊ မြို့သုဉ်းသုံးညဖြင့် တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်နေရချိန်မို့ အားပေးမည့်သူ ဝယ်ယူချီးမြင့်သူမရှိဖြစ်ခဲ့သည်။
ဆရာချုံသည် ပိတ်များကို လက်မ (၂၀)ပတ်လည်အရွယ် ပိုင်းဖြတ်ကာ သစ်သားဖြင့် ဘောင်ကြက်လုပ်ပြီးနောက် ပုံတူ ၊ ရှုခင်း၊ နန်းမြို့ရိုး ၊ ဘုရားပုထိုးနှင့် ဇာတ်နိတ၏ပါတ်တို့ကို ရေးခြယ်သည်။ ပန်းချီကားနှစ်ဆယ် ၊ အစိတ်ခန့် ကို ဘုန်းတော်ကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံများမှ တလားကြီးလောင်တိုက် စသည်များတွင် ချိတ်ဆွဲပြသ၍ ရောင်းချခဲ့သည်။ တစ်ခါတစ်ရံ မဏ္ဍပ် အငယ်စားထိုးပြီး ပန်းချီကားများ ချိတ်ဆွဲပြီးဘုန်းကြီးပျံများတွင် ပြသသည်။ ၁၈၉ဝပြည့်နှစ်လောက်တွင် ထိုသို့တီထွင်ပြသခဲ့သဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပသော တစ်ကိုယ်တော်ပန်းချီပြပွဲမျိုးဟု ဆိုကြသည်။
ဆရာချုံ မိသားစုသည် ၁၉၁၁ ခု နှောင်းပိုင်းတွင် မအူပင် မလက်တိုရွာမှတစ်ဆင့် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့ကြသည်။ ဆရာချုံသည် အလွန်မြန်မာဆန်သူတစ်ဦးဖြစ်ပြီး ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံကအစ မြန်မာစိတ်ပြင်းပြသူတစ်ဦး ဖြစ်သည်။
ဆရာချုံ၏ တပည့်များအနက် ပန်းချီဦးဘစိန်၊ ဦးဘဇော်၊ ဦးအောင်မြတ်ကျော်တို့မှာ ထင်ရှားသည်။
ပန်းချီတော်အဖြစ် အသက် ၁၇ နှစ်အရွယ်မှ စ၍ အမှုထမ်းခဲ့သော ဆရာချုံသည် အသက် ၅၀ အရွယ် ၁၂၇၈-ခုနှစ် (ခရစ်-၁၉၁၈-ခုနှစ်)တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းနေအိမ်၌ကွယ်လွန်ခဲ့သည်။

 

No comments:

Post a Comment