................................
ပန်းချီပုံဆွဲဆိုတာ လူငယ်တိုင်းနဲ့ အလွန်ရင်းနှီးခဲ့တဲ့ အလေ့အထဖြစ်မှာပါ။ မိဖတိုင်းကလည်း ငယ်စဉ် မှာဆို သိပ်အလေးပေးကြပြီး ရောင်စုံစာအုပ်တွေ ဆေးရောင်ခဲတံတွေ ဝယ်ပေးကြပါတယ်။ အနဲဆုံးတော့ စာရွက်အစုံ နံရံအစုံမှာမီးသွေးခဲနဲ့ ရေးခြစ်ခဲ့ဖူးကြတာချည်းပါပဲ။ ဒီလို ရေးလာရင်း ကျောင်းနေအရွယ် အလယ်တန်းအဆင့် စသည်ဖြင့် အသက်ရွယ်ရလာချိန်မှာ ဝါသနာဆက်ရှိနေတဲ့သူနဲ့ မရေးဆွဲဖြစ်တော့သူ ကွဲပြားလာပီး တချို့က တော့ တကယ့်ပရိုဖက်ရှင်နယ်ဖြစ်ဖို့အထိ ရည်ရွယ်ရွေးချယ်မိလာတတ်ကြပါတယ်။
ကလေးအရွယ်မှာ အတွေ့ကြုံအရေးကြီးတာ အားလုံးသိပြီးသားပါ။ လက်တွေ့လဲ လက်ခံကြလို့ ကလေး တွေကို ပန်းချီ၊လက်မှုသင်ကြားပြုစုပေးလာကြတာ အခုကာလဆိုအတော်တောင် ရေပန်းစားနေခဲ့ပါပြီ။ ဒီနေရာမှာ ဝါသနာဆိုတာရယ်၊ အပျော်တမ်း အပျင်းပြေသမားဆိုတာရယ်ကွဲပြားသွားပါတယ်။ ဘယ်လိုအကြောင်းနဲ့ပဲရှိရှိ ပန်းချီရေးပြီဆိုတာနဲ့ ဒါကိုအဆင့်ဆင့်တဖြေးဖြေး သိလာတတ်လာပြီး မိမိဘာကိုစိတ်ဝင်စားတယ် ဘယ်လိုအရသာကိုရေးဆွဲလိုတယ် သိလာပါမယ်။(စိတ်အေးချမ်းချင်ယုံသက်သက် ဘာပုံဖြစ်ဖြစ်ရေးမယ်ဆိုလည်းရပါတယ်)။ ရှိနေခဲ့ပီးတဲ့ ပန်းချီလောကထဲက လက်ရာအဖုံဖုံကိုကြည့်ရင် လူတိုင်းဟာ အနုပညာရှင်၊ ပန်းချီဆရာ၊ အလှပချယ်မှုန်းသူ၊ အယူဆသစ်ဖေါ်ထုတ်ဖန်တီးနိုင်သူတွေ ဖြစ်နိုင်သူတွေချည်းပါ။ အပျော်တမ်းမဟုတ်ပဲ တစ်ကယ်တမ်းစိတ်ဝင်စားလာပြီးဆိုရင် ဘာပုံကိုရေးမလဲ၊ ဘယ်လိုရေးမလဲဆိုတာအတွက် (ရသပန်းချီရဲ့) အခြေခံအချက်တွေကို လေ့လာကြည့်ပါမယ်။
(၁) အရင်ဆုံး တူအောင်ရေးကြည့်မယ်။
တူအောင်ရေးတဲ့နေရာမှာ အရာဝတ္ထုတွေကို တူအောင်ရေးတာ မြင်ကွင်းအဆောက်ဦးကိုတူအောင်ရေးတာနဲ့လူပုံကိုရေးတာတွေက အသိသာဆုံးအရေးများဆုံးဆိုရမယ်။ ပထမဆုံးကတော့ အရာဝတ္ထု ပစ္စည်း ပန်းအိုး၊ ရေတကောင်း၊ ဘောလုံး၊ လေးထောင့်တုံး၊ အဝတ်စတွေကို ရေးတာအကောင်းဆုံးပါ၊ ရေးနည်းအမျိုးမျိုးရှိပေမယ့် အရေးကြီးတာက တူဖို့၊ အချိုးစားကျဖို့၊ နေရာအထားသိုမှန်ဖို့၊ အလင်းမှောင်အနုရင့်မှန်ဖို့နဲ့၊ သဘာဝအ ရှိကို ရုပ်ပုံတစ်ခုအဖြစ် မြင်ကြည့်နိုင်တဲ့မျက်လုံးရှိဖို့ပါ။ ဒီလို အရာဝတ္ထုတွေကိုကူးရေးရာကနေ၊ အဆောက်ဦးတွေ သစ်ပင်ရှုခင်းတွေကူးရေးနိုင်လာမယ် အဲဒီကနေ သဘာဝအမြင်ကို မိမိသဘောကျ အထားသိုပြောင်းပီးရေး ဆွဲမယ်၊ ရေးကြည့်ရင်းရလာတဲ့ပုံကို နှစ်ခြိုက်ခုံမင်စရာကောင်းတာတွေ့ရပါမယ်။
ဒီလိုအမြင်မရှိသေးရင်လဲမခက်ဘူး ဓာတ်ပုံရိုက်ပြီး မီငြမ်းနိုင်မယ်၊ ပီးတော့ ဓာတ်ပုံကိုနမူနာယူ၊ သူ့အတိုင်း ရေးချင်ရေး၊ ကိုယ့်ဟာကိုယ်ပြင်ရေးချင်ရေးပေါ့။ အဓိကက လက်နဲ့ရေးဆွဲနိုင်တာထက် အနေထားအမြင်တစ်ခု ကို အနုပညာအယူအဆ တစ်ခုနဲ့ မြင်နိုင်ဖို့ပါ၊ ဒါဟာအခြေခံပဲ ဒီလိုသာမန်နေစဉ်ဘဝအမြင်လေးတွေကနေ မိမိဖန်တီးမှု စိတ်ကူးစိတ်သန်းတွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ပါ။
(၂)အရောင်တွေထည့်မယ်။
အရောင်မထည့်မီ အရောင်တွေမှာ ဟာမိုနီသဘော ဆန့်ကျင်တဲ့သဘော လိုက် ဖက်မှုသဘော၊ တစ်ရောင်စီရဲ့ ကိုယ်စားပြုတဲ့ အဓိပ္ပါယ်၊ အပူရောင်အအေးရောင်တွေရှိတာ စသည်ဖြင့် ကြိုတင်လေ့လာရပါမယ်။ ဒီလိုဆို အရောင်ဖြည့်နိုင်ပီပေါ့။ မိမိသဘောကျတဲ့အရောင်ဖြည့်နိုင်တယ် ဘယ်သူမှချုပ် ချယ်ပြဌာန်းမထားပါဘူး ကိုယ့်လက်ရာ ကိုယ့်အရောင်ဟာ ကိုယ်ပိုင် ပါပဲ။ ဒါက အနုပညာရဲ့ လွတ်လပ်မှုအရသာ။ ရှိခဲ့ပီးသောရေးခဲ့ကြပီးသော ဆရာ့ဆရာတွေရဲ့ လက်ရာ အရောင် နည်းနာတွေဟန်ပန်တွေအတိုင်း (သို့) ဘာဝါဒညာဝါဒဟန်တွေနဲ့ မတိမ်း မယိမ်းရေးနေချင်သူကလည်းရေးနေမှာပါပဲ။ ဒီလိုကနေ စတင်ရတာများပါတယ် ဒီလိုနဲ့ မိမိတို့ကိုယ်ပိုင်ဟန် ကို ဖြစ်လာဖို့ကျိုးစားကြပီး ကိုယ်ပိုင်ဟန်ကနေမှ ကိုယ်ပိုင်အတွေးအယူအဆကို ပိုင်နိုင်လာရမှာပါ။
(၃) အခြေခံတွေပိုင်နိုင်နေပီဆို။
ပုံတစ်ပုံကို ရေးနိုင်နေပီ ဆေးရောင်တွေထည့်သွင်းနိုင်နေပီဆိုတဲ့အဆင့်ဟာ အ.ထ.က ပီးလို့တက္ကသိုလ်ပညာရေးဆက်မယ့် အခြေနေမျိုးပါ မိမိနှစ်သက်တဲ့ သိပ္ပံဝိဇ္ဇာ သုတေသနနည်းပညာ ဆရာဝန် အင်ဂျင်နီယာ စတာတွေကိုရွေးချယ်ရသလို ပန်းချီအနုပညာမှာတော့ မိမိရဲ့ ကိုယ်တွင်းအခံစိတ်မှာဘာရှိသလဲ ဆိုတာ စတင်စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒီကာလမှာ ရေးနိုင်နေတဲ့မိမိလက်နဲ့ တွေးနိုင်နေတဲ့မိမိဦးနှောက် ကို ရေချိန်ညှိရတာပါပဲ။ အဲဒီနှစ်ခုကိုစတင်စေတာက မျက်စိပါ။ မျက်စိမှာမြင်ရတာတွေကနေ ရွေးချယ်မှုစတယ်။ ဂီတမှာဆိုနား ပေါ့။
ဒီတော့ ပတ်ဝန်ကျင်မှာမြင်ရတာတွေထဲက ကိုယ်ဘာကြိုက်လဲ ဘယ်လိုလိုင်းမျိုးလိုက်လုပ်ချင်သလဲနဲ့ စရပါတယ်။ ကျနော်တို့ စခဲ့တာလဲအဲဒီအတိုင်းပါပဲ။ တကယ်လက်တွေ့မှာ ကျောင်းမှာလေ့လာတဲ့အတွက် ကျောင်းအသိုင်းဝိုင်းလက်ရာတွေနီးစပ်တာပေါ့။ အဲဒီထဲကနေ ကိုယ်ဓာတ်ကျတာကိုလိုက်ရေး တယ်၊ နောက်တော့ ကိုယ့်စတိုင်တစ်ခုခုရလာသလိုဆွဲတယ်။ ဒီလိုဆွဲရာမှာ အရေးကြီးလာတာက ဆွဲတဲ့အကြောင်းအရာပဲ။ အခြေခံအဆင့်မှာ အတွေ့ကြုံတွေရခဲ့ပြီးတဲ့ လူတစ်ဦးဟာ ကိုယ်ခြေကိုယ့်လက်လျှောက်လှမ်း ရတော့မယ့် အချိန်မှာ အထိန်းအကျောင်း အကူညီတွေကို လက်မလွှတ်ရဲလို့ မဖြစ်ပါဘူး။ ဒီလိုလက်လွှတ်ရဲဖို့အတွက် အရင်ရေးခဲ့ဖူးတဲ့ လေ့ကျင့်ခန်းပန်းချီလို အကြောင်းရာတွေကို မေ့နိုင်ကြရမယ်(သို့)ပြောင်းနိုင်ကြရပါမယ်အကောင်းဆုံးက လုံးလုံးကျောခိုင်းလိုက်ပြီး ဘဝသစ်စတင်နိုင်ခြင်းဟာ အကောင်းဆုံးပါ။
ဒီလို ဘဝသစ်စတင်မှုမှာ ကိုယ့်ဦးနှောက်က ရလာတဲ့ကိုယ်ပိုင်အမြင်အယူဆတွေဖြစ်ပြီး ဘယ်လိုအရောင်ဆိုးခြင်းတွေမှမပါတဲ့ သန့်ရှင်းတဲ့ လက်ရာဖန်တီးမှုတွေဖြစ်သင့်ပါတယ်။ ဒီလိုအသစ်ရလာတဲ့ လက်ရာတွေဟာ မြင်ဖူးနေကျပန်းချီ တွေမျိုး လက်ခံနှစ်သက်ကြဆဲလက်ရာမျိုးတွေ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် အနုပညာရှင်နှစ်ခြိုက်စွဲလမ်းစွာလုပ် ထားတဲ့လက်ရာဟာ ဖန်တီးသူအတွက်တန်းဖိုးမဖြတ်နိုင်တဲ့လက်ရာဖြစ်သလို ပရိသတ်ကလည်းပါလာမှာပါ။
တာဝန်ရှိသူတွေ၊ စီနီယာအနုပညာရှင်တွေဟာ နောက်တက်လူငယ်တွေရဲ့ ဒီလိုအသစ်စမ်းသပ်ချင်စိတ်ကို နားလည်လက်ခံပေးကြရပါမယ်။
(၄) အကြောင်းအရာရွေးချယ်မှု။
မိတ်ဆွေပန်းချီပညာရှင်များအသိုင်းဝိုင်းတွေမှာ ကိုယ့်အရပ်ကိုယ့်ဇာတ်လို့ဆိုရမလို မိမိတို့ ရွေးချယ် ရေးဆွဲနေကျ အကြောင်းရာလေးတွေရှိတတ်ပါတယ်။ လူပုံတူ၊ ဈေးရှုခင်း၊ မြန်မာ့ဓလေ့၊ ဘုရားရင်ပြင်စသည် ဖြင့် မန္တလေးဆို ကျုံးနဲ့ပြသာဒ်ပေါ့။ မန်းလေးတောင်ပေါ့၊ မင်းကွန်းပေါ့၊ ဧရာဝတီပေါ့၊ ပုဂံ၊ တောင်သမန် အင်း စသည်ဖြင့် ဒီလိုရှုခင်းတွေကို အားလုံးရေးကြရာမှာ အမျိုးမျိုးစတိုင်လ်တွေပြောင်းကြတယ်၊ ဆရာဦးခင်မောင်တို့ ဦးအောင်ခင်၊ ဦးဝင်းဖေတို့ဆို ကုဗဟန်၊ ဖော်ထုတ်မှုဟန်၊ ဒြပ်မဲ့ဆန်ဆန်ဟန်၊ သင်္ကေတဟန်တွေထိ လုပ်ကြတယ်၊ ဒီလိုထဲမှာ ပေါ်ဦးသက်ကို အားလုံးကြိုက်သလို ကျွန်တော်လဲကြိုက်လှသပေါ့၊ မြူးရွှင်သော မြန်မာဆန်တဲ့ သရုပ်ဖေါ်ပန်းချီဟန်ဖြစ်တာကြောင့်ပါ။ ဆရာပေါ်လဲ သင်္ကေတဟန်တွေဒြပ်မဲ့ဟန်တွေ များစွာရေးခဲ့ ပါ တယ်။ ဦးဝင်းမောင်၊ ဦးစစ်ငြိမ်းအေး တို့ လက်ရာတွေလဲကြိုက်နှစ်သက်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပန်းချီကျောင်းသားအရွယ်လောက် က မန္တလေး ပန်းရိုးမပြက္ခဒိန်ဟာ ပန်းချီကျောင်းကမရတဲ့ သင်ရိုးသစ်လေ့လာစရာပါပဲ။
အခု ပန်းချီလောကထဲ မှာရေးနေကြတဲ့ အကြောင်းရာတွေကစုံလင်ကျယ်ပြန့်လှပါတယ်။အထူးသဖြင့်တော့အမျိုးစားခွဲကြည့်ရင် ရှုခင်းအလှ၊ လူပုံတူ၊ သက်ငြိမ်၊ သရုပ်ဖေါ်ပန်းချီ၊ သင်္ကေတဟန်၊ နိုင်ငံရေးပြယုဂ်များ၊ ဆာရီရယ် ပုံအရောဖေါ်ပြဟန် များ၊ ဒြပ်မဲ့ခံစားမှုဖွင့်ထုတ်ဟန် ဆေးဓားချက်လက်ရာများ၊ ရိုးရာနံရံပန်းချီဟန်နဲ့ ဒီဇိုင်းကနုတ်ဟန်တွေက ဆင်းသက်လာတဲ့ အသွင်ကွဲများ၊ အရာဝတ္ထုများ ကော်လပ်ချ် ဖြည့်ကပ်ခြင်းများ စသည့်ဖြင့်စုံလင်လှပါတယ်။ ဒီလိုစုံလင်တဲ့အကြောင်းရာတွေမှာ ရွေးချယ်တဲ့ ရေးနည်း ဟန်အလိုက် အခြေခံအားဖြင့် လေ့လာကြည့်ရင်-
(က) သဘာဝနဲ့တူအောင်ရေးတာ။ မြင်တွေ့တဲ့အရာဘာကိုမဆို ပါဝင်နိုင်ပါတယ်။ သရုပ်မှန်လို့ခေါ်ကြတယ် ပေါ့။ မျက်စိပသာဒ အလှ သန္တရသကိုပေးစွမ်းဖို့ ဦးတည်ပါတယ်။
(ခ) သဘာဝအရှိကိုကြည့်ပီး ဖန်တီးသော်လည်း ကိုယ့်ခံစားမှုအရ၊ ရေးချက်အရောင်တွေကို ကိုယ့်အတွေး နဲ့ ပြင်ပီးရေးတာ။ အာရုံမြင်ခေါ်တာမျိုး၊ သရုပ်ဖေါ်ဆန်တာမျိုး၊ ခံစားမှုပန်းချီအမြင်လို့လည်းဆိုကြပါတယ်။
(ဂ)သဘာဝမြင်ရတာထက် ကျော်လွန်သွားပြီး အိမ်မက်ထဲမြင်ရသလို စိတ်ကူးနဲ့ရေးတာ (ဥပမာ) ရုရှပန်းချီကျော် မက်ချာဂေါလ်ရဲ့ တိမ်တွေထဲမှာ တယော ထိုးနေတာမျိုး။ စိတ်ပညာ အိပ်မက်မြင်ဆန်တဲ့ အတွေးခေါ်တွေပါဝင်လာပါတယ်။
(ဃ) သဘာဝကတစ်ခုခုနဲ့ တူတယ်ထင်ရပေမယ့် ဘာပုံလို့မသဲကွဲတော့တဲ့ တစ်ဝက်ဒြပ်မဲ့ပုံစံရေးတာ။ ဒါဟာ မော်ဒန်ခံစားမှုဖွင့်ထုတ်ပန်းချီအကြောင်းမှာကြည့်ပါ။ စိတ်ပညာသဘောတွေကို လက်ရှိခေတ်အခြေနေတွေနဲ့ တွဲပီး ပြတာမျိုးပါ။ ဥပမာ ပီကာဆိုရဲ့ ဂွာယာနီကာလိုမျိုး။
(င) သဘာဝကိုလုံးဝမယူတော့ပဲ ရုပ်ပုံတွေကို သင်္ချာတွက်ချက်သလိုခွဲဖြာပိုင်းစိတ်ပီး ဖွဲ့စည်းမှုနဲ့ရေးတာ။ ကုဗဟန်ခေါ်တာ။ ဒါဟာ အီတလီအနာဂါတ်ဝါဒီတွေရဲ့ တော်လှန်အနုပညာကနေစတာပါ (ဖျုချာရစ်ဇင်မှာပြန်ကြည့်ပါ)။ ဥရောပခေတ်သစ် အနုပညာရော လူမှုရေးနိုင်ငံရေးတွေမှာပါ အရေးကြီးတဲ့ ဝါဒပါ။
ဒီလိုသဘာဝ ကခွဲထွက်လိုက်တဲ့ ရေးဟန်တွေမှာ သိသင့်တဲ့ပန်းချီအမြင်တွေက-
- ကုဗဟန်နဲ့ စိတ်ပညာပေါင်းတဲ့ အိမ်မက်မြင်ပုံ
- ကုဗဟန် ဆန်ပေမယ့်၊ ကုဗမဟုတ်တဲ့ သင်္ကေတလို ဒီဇိုင်းဖွဲ့စည်းမှု
- ဒီဇိုင်းကုဗကွက်လေးတွေမပါတော့တဲ့ အိတ်စပရက်ရှင်စစ်စစ်
- အမေရိကန်ဒြပ်မဲ့ ပုံစံနဲ့ အနဲဆုံးဝါဒ မီနီမယ်လစ်ဇင် စတဲ့ အဆင့်ဆင့် ပြောင်းလာခြင်းတွေကို နားလည်သိရှိထား သင့်ပါတယ်။
(စ) အစပထမသရုပ်မှန်လိုပဲ သရုပ်မှန်ထက် အဆများစွာသာတဲ့ သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အသေးစိတ် တွေကို (လူပုံ၊ ရှုခင်း၊ အရာဝတ္ထု)တွေရေးတဲ့ ဟိုက်ပါရီရယ်လစ် သရုပ်မှန်ပန်းချီ။
(ဆ) ခေတ်ပေါ်ပုံစံ၊ ကွန်မာရှယ်ကြော်ငြာဒီဇိုင်းပုံစံ၊ ဂရပ်ဖစ်နဲ့ မီဒီယာအသစ်နည်းပညာများကို သုံးစွဲပြီး အတွေးတစ် ခုကိုအကောင်ထည်ဖေါ်တဲ့ ပေါ့ပ်အတ်၊ ကွန်တန်ပိုရာရီပုံစံတွေရဲ့ အတွေးအခေါ် အယူအဆတစ်ခု ပိုင်ပိုင်နိုင်နိုင် ချပြခြင်းမျိုး၊ ခေတ်ပြိုင်အခြေနေများ အထိ လေ့လာတွေ့ရ နိုင်ပါတယ်။
ဒါတွေက မြန်မာအပါဝင် တစ်ကမ္ဘာလုံးရဲ့ (ခေတ်ဟောင်း)လမ်းရိုးအနုပညာပုံစံ လမ်းကြောင်းတွေပဲဖြစ်ပါတယ်။ ဒီ (၇)မျိုးမှာ အားလုံးဟာ အလွန်နက်ရှိုင်းပြီး တန်ဖိုးရှိတဲ့ ပညာရပ်လေ့လာစရာတွေပါ။ နှစ်ခြိုက်ရာ နည်းလမ်းနဲ့ လျှောက်လှမ်းနိုင်သလို ရွေးချယ်တဲ့ နည်းလမ်းတိုင်းမှာလည်း ခက်ခဲနက်နဲမှုတွေရှိပါတယ်။ ခေတ်ရဲ့ လိုအပ် ချက် တွေအရ အားပေးမှုအများဆုံးဟာ အလုပ်ဖြစ်မှုလို့ ထင်မြင်ယူဆနိုင်ပါတယ်။ သို့သော် အလုပ်ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ အနုပညာအောင်မြင်မှုဟာ တစ်ထပ်ထဲကျဖို့ အမြဲတမ်း မလွယ်ကူပါဘူး။ ကြိုးစားနိုင်သူ လမ်းဖေါက်နိုင်သူနဲ့ အနုပညာခွန်အားပြည့်ဝသူတွေသာ ဒီနှစ်ခုတစ်ထပ်ထဲနီးပါး ကျနိုင်မယ်ထင်ပါတယ်။ အားလုံးအောင်မြင်ကြပါစေ....။
ခင်မင်လျှက်
အောင်မြတ်ဌေး
(မှတ်ချက်... ပန်းချီဝိညာဉ်စာအုပ်တွင် ပါဝင်ခဲ့သောဆောင်းပါးတစ်ပုဒ်မှဖြစ်သည်)။
Pages
ပန်းချီရေးတော့မယ်ဆိုရင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment