ပန်းချီအစရှိတဲ့အမြင်အနုပညာတွေမှာ မြန်မာမှုဆိုတာကိုတော်တော်လေးပြောကြတယ်။ ခေတ်အခြေနေအရ ပြောင်းလဲမှုတွေဖလှယ်မှုတွေရောယှက်ယဉ်ကျေးမှုတွေရှိလာတယ်၊ ဘယ်ဟာမြန်မာမှုလည်း၊ ဘယ်လိုနားလည်ထားသလဲ....ဖြေနိုင်ဖို့မလွယ်တဲ့အကြောင်းအရာပါ။
မြန်မာလူမျိုးဖြစ်နေကတည်းကမြန်မာ့ဓလေ့စရိုက်
(သို့)မြန်မာမှုကိုရင်းနှီးသိနေပြီးသားပါ..။ မြန်မာမှုဆိုတာက ဘုရားတန်ဆောင်းကျောင်းကန်သိမ်ဇရပ် ကနုတ်နာရီကပီကဇာ ပညာရပ်တွေအပြင် များစွာပိုကျယ်ပြန့်မယ်ဆိုတာ ဦးစွာယူဆပါတယ်။ ယဉ်ကျေးမှုမှာ ရုပ်၀တ္ထုယဉ်ကျေးမှု(စီဗီလိုက်ဇေရှင်း) နဲ့ စိတ်ရင်းစရိုက် ယဉ်ကျေးမှု(ကာချာ)ဆိုတာရှိသလိုပဲ၊ မြန်မာမှုမှာ မြန်မာ့ရေမြေက ပျူ၊ ပုဂံ၊ ပင်းယ အင်းဝကုန်းဘောင် ဇစ်မြစ်တွေကနေ ယနေ့အထိအခြေခံ စိတ်ထားတွေနဲ့ဆိုင်မှာပါ။ အလှဆင်ရိုးရာပန်းပညာတွေက လက်မှုအခြေခံတဲ့ ဘိုးဘေးဆင်းသက်လာမှုပညာရပ်တွေပါ။
ရိုးရာပန်းပညာတွေဗိသုကာဒီဇိုင်းတွေဟာ အာရှ ဥရောပ ကွဲပြားချက်တွေရှိသလို ကူးလူးရောယှက်မှုတွေလည်းရှိတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာတို့ဟာ အလွန်နီးစပ်တူကြတယ်။ အထူးသဖြင့် အလွယ်ကူးစက်တဲ့ဒီဇိုင်းတွေပေါ့...။ ဒီကနေ့မြန်မာမှုနဲ့အနုပညာမှာမေးခွန်းထုတ်စရာတွေရှိလာပါပြီ။နိုင်ငံတစ်ခုရဲ့အဆောက်အဦ၊ ရုပ်အမြင်အနေထား မြို့ပြဖွံ့ဖြိုးမှုဟာ ပြင်ပကိုယ်ထည်သဘောဆိုရင် အတွေး အခေါ်စာပေပန်းချီပန်းပု အနုပညာဗိသုကာတွေဟာ အသက် စိတ်ဝိညာဉ်တွေပါ။ ဒီတော့ ပြင်ပရုပ်ပသာဒပစ္စည်းတွေနဲ့ ဆင်တူရိုးမှားဒီဇိုင်းအပြင်အဆင်တွေမှာ ရောနှောလိုက်ပါနေဖို့ကိုဦးတည်နေမယ်ဆိုရင်တကယ့်စိတ်ရင်းမြန်မာမှုရဲ့အသက်ကင်းမဲ့လာလိမ့်မယ်လို့ယူဆပါတယ်။ မြန်မာမှုဆိုတာ ခေတ်ဟောင်းကိုရှာဖွေဖေါ်ထုတ်ရင်း အသစ်ကိုဆက်လက်ဖန်တီးတီထွင်နိုင်မှသာ ရှင်သန်နိုင်မယ်လို့ထင်ပါတယ်။
အသစ်ဆန်း ထိတ်လန့်မှု။
အသစ်ဆန်းထိတ်လန့်မှုကလည်း အတားဆီးတစ်ခုပါ။ မိရိုးဖလာနဲ့မြန်မာမှုကိုလည်းတွဲပြီးမြင်ကြတယ်၊ မိရိုးဖလာဆိုတာ ထိမ်းသိမ်းခြင်းနဲ့မြှင့်တင်ခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်း လိုအပ်မှာပါ။ ရှေးရိုးစွဲအမြင်ရှိတဲ့အသိုင်းဝိုင်းများဟာ မိမိတို့သိထားသောရင်းနှီးပီးသော အကြောင်းအရာမူဟန်တွေကိုသာအမြဲ မျှော်လင့်နေတတ်တယ်။ စိတ်အခြေခံမှာ လွမ်းဆွတ်သတိရခြင်းနဲ့ အတိတ်မျှော်ခံစား တမ်းတမှုမှာသာနေလိုကြတာကြောင့်ပဲ။ ဒါဟာ စိတ်အစွဲလမ်းအိုင်ဒီယိုလိုဂျီဟောင်းလွှမ်းမိုးမှု၊ ချုပ်ချယ်ခံခဲ့ရတဲ့ အမှီခိုမကင်းတဲ့ရသခံစားမှုနဲ့ ဆန်းဆစ်ဝေဖန်ခြင်းအလေ့ထကိုအားမပေးတဲ့ တစ်မျိုးတည်းပိတ်လှောင်စိတ်လို့ယူဆရမယ်။ အသစ်အဆန်းကို စမ်းသပ်ဖို့အားမပေးတဲ့အတွက် လူငယ်မျိုးဆက်များဟာ ခေတ်ကိုရင်ဘောင်တန်းသော(နည်းလမ်းပုံစံကွဲ)များကို စိုးရွံ့လာတယ်။ အထိတွေ့နည်းလာတယ်။
လက်ဆင့်ကမ်းရင်းက ကျဉ်းမြောင်းလာရ။
အနုပညာဟာ ရိုးအီငြီးငွေ့မှုမဖြစ်ဖို့လိုအပ်တယ် အလွန်တွေ့ရဖန်များလာတဲ့အရာတွေမှာ စိတ်မှာလှုပ်ရှားနှစ်ခြိုက်စေတာမျိုး တဖြည်းဖြည်းနဲပါးလာတာ သဘာဝပါ။ စိတ်ဝင်စားမှုနည်းလာခြင်းဟာ ဘာကြောင့်ဖန်တီးသလဲဆိုတဲ့ သဘောတရားပိုင်းတွေနည်းပါးလာလို့ဖြစ်ပါတယ်။ ဘယ်လိုပဲကွဲပြားပါစေ သိနေပြီးသားလက်ရာတွေနဲ့တူရုံဟာ ရိုးရာအမွေထိမ်းသိမ်းတယ်လို့ဆိုသော်ငြား မြန်မာမှုအဝန်းဝိုင်းကိုဘောင်ကျဉ်းလာစေပါတယ်။ ဒီထက်ဆိုးတဲ့အချက်က မိရိုးဖလာဆိုပြီး ပညာရပ်ကန့်သတ်မှုတွေမူဝါဒ အကန့်သတ်တွေပါပဲ။ သတိပြုစရာက...........အရေအတွက်ဦးစားပေးလာတဲ့မြန်မာမှုဟာ တကယ့်မြန်မာ့အနှစ်သာရကိုလျော့ပါးလာစေပါတယ်။ ပုဂံဘုရားပုထိုးတွေကို အင်္ဂတေ လက်ရာညံ့ညံ့တွေနဲ့ဖာထေးပြုပြင်သလိုမျိုး(သွပ်ပြဿဒ်ရွှေဆေးနဲ့ ပုံပမ်းမကျပြုပြင်မှုတွေ)ဟာလက်ရှိနိုင်ငံရဲ့ယဉ်ကျေးမှုအမွေနှစ်၊အနုပညာအဆင့်အတန်း တိမ်ကောမှု အကြောင်းတွေပါ။ အမျှော်အမြင်ရှိတဲ့ ပညာရှင်နဲ့အုပ်ချူပ်သူတို့ပေါင်းပြီး စည်းမျဉ်းဥပဒေသစ်များနဲ့ထိမ်းသင့်တာပါ...။
...........
(အနုပညာကိုနားလည်ခြင်း ...စာအုပ်မှ....)
No comments:
Post a Comment