Pages

တိုးတက်ပြောင်းလဲလာခဲ့သော ပန်းချီသမိုင်း. Learning World Art History: through the drawings of Masters

 


ပန်းချီအနုပညာရဲ့ ဖြစ်တည်လာခဲ့ပုံလမ်းကြောင်းသမိုင်းတွေဟာ ပန်းချီကိုနက်ရှိုင်းစွာ လေ့လာလိုက်စားလို သူတိုင်းအတွက် မဖြစ်မနေသိ သင့်သိထိုက်သော အကြောင်းရာဖြစ်ပါတယ်။ သမိုင်းဆိုတာ မအ အောင် သင်ရ တယ်လို့ မှတ်သားဖူးခဲ့သလို၊ ကျွန်တော်တို့ဒီနေ့ရောက်ရှိနေတဲ့ အခြေနေအတိုင်းတာကို ခန့်မှန်းမိဖို့ ယခင်ကသမိုင်းစာမျက်နှာများကို လှန်ရပါမယ်။ ဒီလိုပြန်လည်လေ့လာရာမှာ ယခုတင်ပြမယ့် လက်ရာတွေ ဟာ ရုပ်ပုံ ကောက်ကြောင်းတွေဖြစ်လို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းစေမယ်လို့ ယူဆပါတယ်။
ပန်းချီကားချပ်တစ်ခု အဖြစ် ရောက်ရှိသွားတဲ့စိတ်ကူးတွေဟာ အရောင် ရေးချက်အလှပတွေနဲ့ ရုပ်ပသာဒလွှမ်းမိုး ဖုန်းအုပ်မှုတွေ ကြောင့် အရင်းခံအနှစ်သာရတွေ ပျောက်ဆုံးခဲ့ရတာရှိနိုင်ပါတယ်။ ကောက်ကြောင်းပုံကြမ်းတွေကတော့ ပန်းချီ လက်ရာလောက် မပြည့်စုံပေမယ့် အနုပညာရှင်ရဲ့ မူရင်း စိတ်ကူးဉာဏ်တွေကို တိုက်ရိုက်ထိတွေ့နိုင်မှု အပြည့်ဝ ရှိနိုင်ပါတယ်။
ဒီလက်ရာတွေကို တစ်ပုံချင်း၊ တစ်ဦးချင်းမိတ်ဆက်ပြသရာမှာ ပန်းချီဝါဒများ (အစ်ဇင်) များကို အလွန်အကျွံ အသားပေးပြီး ရှင်းလင်းရေးသားမှာမဟုတ်ပဲ ရုပ်ပုံတို့ကနေရရှိတဲ့ သူတို့ပြောချင်တဲ့အကြောင်းရာကိုသာ အခြေခံပြီး ပြောပြသွားမှာပါ။ ရေးခြစ်ထားတဲ့ကောက်ကြောင်းတွေမှာ သူတို့ကိုယ်စီရဲ့ ကိုယ်ပိုင်ဘာသာစကားသီးသန့်ပိုင်ဆိုင်နေကြသလို ဒီဘာသာစကားကိုလည်း ကြည့်ရုံနဲ့နားလည်သိရှိနိုင်မှာသေချာပါတယ်။
ပန်းချီကို ရှုထောင့်အမျိုးမျိုးကနေ လေ့လာလိုက်စားဖူးသူများအဖို့ (အစ်ဇင်) ဝါဒတွေ အခေါ်ဝေါ်တွေနဲ့ ရင်းနှီးမှုရှိကောင်းရှိနေနိုင်ပေမယ့် အများစုဟာ ဒီလိုဝါဒတွေသတ်မှတ်မှုအပေါ်မှာ နားလည်မှုလွဲခြင်း၊ ရှုပ်ထွေးခြင်း၊ ဇဝေဇဝါနိုင်ခြင်း၊ အတွေးလွတ်လပ်မှုကို ကန့်သတ်သကဲ့သို့ဖြစ်ခြင်း စတာတွေရှိနေနိုင်ပါတယ်။ နောက်ပြီး ဒီလိုဝါဒရေးရာတွေ အခေါ်ဝေါ်တွေနဲ့ သမိုင်းအချက်လက်တွေဟာ လက်ရှိမိမိစိတ်ပါရာအလုပ်တွေကို အနှောင့် ယှက်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ အထင်ရောက်လာကြတယ်။ အနုပညာရှင်ရဲ့ ကိုယ်စီ ဖန်တီးမှု ခံစားမှုတွေကို တော့ ဘယ်လိုဝါဒတွေဟန်တွေကမှ လွှမ်းမိုးချုပ်ချယ်နိုင်မှာမဟုတ်ပေမယ့် ဒီလိုသမိုင်းနဲ့လေ့လာသင်ယူမှုအား နည်းလာခြင်းဟာ မိမိတို့ရဲ့ အနုပညာအပေါ်နားလည်ရပ်တည်မှုအပိုင်းမှာတော့ ယနေ့ခေတ်ကိုအမှီလိုက်ဖို့ အားနည်းချက်တွေဖြစ်စေနိုင်ပါတယ်။
ပန်းချီသမိုင်းကိုလေ့လာရာမှာ အမြင်အနုပညာဖြစ်တဲ့အတွက် ရုပ်ပုံတွေကြည့်ရှုရင်းဖြတ်သန်းသွား ကြရမှာပါ။ သို့သော် အပေါ်ယံရုပ်ပုံတွေကိုကြည့်ရှုရင်း ဘာကြောင့် ဆိုတဲ့အချက်လက်တွေ ကျန်ခဲ့နိုင်သလို ဘာအကျိုးဆက်ဖြစ်သလဲဆိုတဲ့ နောက်ဆက်တွဲရလဒ်တွေကိုပါ မရနိုင်ပဲရှိတတ်ပါတယ်။ ဒါကြောင့် အရုပ်ပုံ
တွေပေါ်မှာ ကြည့်ရှုရုံသက်သက်မဟုတ်ပဲ ဘာကြောင့်ဆိုတဲ့ ခေတ်အခြေနေရိုက်ခတ်မှု၊ ပညာရပ်ပိုင်းအ ပြောင်းအလဲ၊ နိုင်ငံရေးလူမှုရေးအခြေနေနဲ့ စိတ်အတွင်းဝိညာဉ်တွေရဲ့ စေစားမှုများကိုပါ နားလည်မြင်တွေ့နိုင်
မယ်ဆိုရင် မိမိတို့ လက်ရှိအခြေနေနဲ့ နှိုင်းယှဉ်သုံးသပ်မိလာပြီး နိုင်ငံရဲ့ အနုပညာရပ်ပိုင်းတိုးတက်ဖွံ့ဖြိုးလာဖို့ လိုအပ်ချက်တွေ၊ ပြုပြင်ပြောင်းလဲသင့်တာတွေကိုပါ သိမြင်ပြီး ကိုယ်တိုင်လည်းလက်ရာသစ်စိတ်ကူးသစ်တွေ
ကိုဖန်တီးလာနိုင်ကြမှာပါ။ ဆက်လက်ပြီး ပန်းချီသမိုင်းမှာ မော်ဒန်အတွေးခေါ် များအဖြစ်စတင်ပြောင်းလဲ တိုး တက်လာတဲ့ အပိုင်းကနေ စတင်လေ့လာကြည့်ရအောင်။
to be continue to next post.
.....
Photo: Hans Hofmann | Rising Moon (1965) | Artsy

 

No comments:

Post a Comment