Pages

ရေဆေးပန်းချီကို ဘယ်လိုရေးဖြစ်ခဲ့လဲ... အင်တာဗျူး

 

ရေဆေးပန်းချီကို ဘယ်လိုရေးဖြစ်ခဲ့လဲ...
………
ဒီနေ့တော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကအတိတ်ခြေရာတစ်ချို့ကို ပြန်ကောက်မိတယ်၊ အမြဲတမ်းရယ်လို့ အတိတ်ကိုပြန်လွမ်းဆွတ်နေတာရယ် မဟုတ်ပါဘူး၊ အတိတ်ကိုမျက်နှာမူလွန်းတာဟာ အသစ်ကိုရှောင်ရှားလိုခြင်းပဲလို့ဆိုသမို့လား။ ဒါပေမယ့်လဲ ပြီးခဲ့ပြီမို့.. အတိတ်လို့ဆိုချင်ဆို မရှေးမနှောင်းလို့ပြောချင်ပြော...သိပ်တော့လည်း မကြာလှသေးပါ...ပေါ့လေ။
...............
မန္တလေးပန်းချီကျောင်းဆင်းပြီးတော့ ကျနော် ရေးဆေးကိုခုံခုံမင်မင်ရေးခဲ့တယ်၊ နှစ်၂ဝနီးပါးပေါ့၊ အားလုံးသောမျိုးဆက်တွေလိုပါပဲ တစ်ယောက်တစ်မျိုးစီ ကိုယ့်အရသာအကြိုက်လေးတွေနဲ့ပါပဲ၊ ကျနော်ရေးတော့ ကျနော့်အရသာပေါ့။ (အခုဆောင်းပါးလေးက ၂၀၀၆ ဖေဖေါ်ဝါရီ ဗြူးတီးမဂ္ဂဇင်းမှာပါခဲ့တဲ့ ဆရာအောင်မင်းရဲ့အင်တာဗျုးပါ။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်စင်ကနေထွက်လာ၊ ဖြတ်သန်းခဲ့တဲ့ဘဝ အရင်ကအချိန်တွေဆီပြန်ရောက်။)
ခုချိန်မှာဆို ဒီလိုဒိုင်ယာလော့ခ်တွေပြောမိလိမ့်မည်မဟုတ်၊ ဒါက တကယ့်ပြန်မရနိုင်တဲ့အမှတ်တရတွေပါ။ ပြီးတော့ အဲဒီကာလတွေက မဂ္ဂဇင်းထဲကိုယ့်အကြောင်းပါတယ်ဆိုတာ ကြီးမားတဲ့ရလဒ်ကြီးတစ်ပါးမို့လား၊ ဒီထဲ… အခုဆောင်းပါးလေးကတော့ တစ်မျိုးထူးခြားချက်ကလေးနဲ့ဆိုပါတော့၊ ကဲ…ဆောင်းပါးကိုသာ ပြန်လည်ခံစား ဖတ်ရှုတော်မူကြပါဗျား....။
(မှတ်ချက်။ စာတော့နဲနဲရှည်ပါတယ်၊...သိမ်းထားချင်လို့”၏သည်”မရွေးအကုန်ပြန်ရိုက်လိုက်တာပါ၊ မဂဇင်းSs ကနေဖတ်လည်းရပါတယ်)၊ ဖတ်ပီးမှ ပွားလိုကပွားကြတာပေါ့.. 🙂 Credit: with thanks to Dr. Aung Min
………….
အောင်မြတ်ဌေးရဲ့ “အော်ပရာ”
အခုပြထားတာ ရေဆေးပွဲပါပဲ။
ရေဆေးဆွဲရတာ ပိုပြီးတော့ ကိုယ့်စိတ်နဲ့လိုက်ဖက်တယ်လို့ထင်တယ်။
ကိုယ်ကတစ်ခုခုလုပ်တော့မယ်ဆိုရင် ဗျတ်..ဗျတ် ဆိုပြီးသွားချင်တဲ့စိတ်၊
ချက်ချင်းရချင်တဲ့စိတ်၊ အဲဒီစိတ်ကြောင့်လို့ထင်တယ်။ ရေဆေးကအဲဒါကိုပေးနိုင်တယ်။ ဒါပေမယ့်တစ်ခြားမီဒီယံလည်းမပေးနိုင်ဘူးတော့မဟုတ်ဘူး၊ ပေးနိုင်တာပဲ၊ ဥပမာ အခရိုင်လစ်တို့ ဆီဆေးတို့နဲ့လည်းဆွဲလို့ရပါတယ်၊ မြန်မြန်ရချင်တဲ့ Effect ပေါ့၊ Accident လို့လဲပြောလို့ရတယ်၊ ဒါပေမယ့်
ရေဆေးပေးတဲ့ Accident effect နဲ့ တစ်ခြားဟာနဲ့မတူဘူး။ ရေဆေးက သူ့ကိုဆွဲလိုက်ပြီဆိုရင် သူက နတ်ကြီးတယ်ပြောရမယ်။ သူ့ရလာတဲ့ Effect က လူကိုဆွဲဆောင်စေတယ်။ နောက်တစ်ကြိမ်ထပ်လုပ်ချင်နေတယ်။ ဥပမာ-ထားပါတော့ ရေကိုမျောလိုက်တယ် ရသွားတဲ့ Effect က တော်တော်ကောင်းတယ်ပေါ့၊ ဒါပေမယ့် နောက်တစ်ကြိမ် အဲဒီလိုမျောလို့
ထပ်မရဘူး။ ဒီတစ်ကြိမ်မျှောတာနဲ့ နောက်တစ်ကြိမ်ထပ်မျှောတဲ့ဟာနဲ့က မတူဘူး။ သေချာပေါက်မတူဘူး။ အဲဒီတော့ဆွဲဆောင်မှုရှိတယ်။ မပျင်းဘူးပေါ့။ ဥပမာ-ထားပါတော့ ဆေးပုံးထဲက ဆေးကိုစုတ်တံနဲ့ ဒီတိုင်းပဲသုတ်မယ်ဆိုရင်...အကြိမ် ၂၀ သုတ်လည်း ဒီအတိုင်းပဲထွက်မှာပဲ။
ရေဆေးက အဲဒီလိုမဟုတ်ဘူး။
ရေဆေးရဲ့ အားသာချက်ကတော့ လွတ်လပ်အောင်ဆွဲရင် လွတ်လပ်တယ်။
တစ်ချို့ကတော့ ရှိတယ်၊ မီဒီယံသာရေဆေးသုံးတယ်၊ ဒါပေမယ့် ရေအရသာကိုကျတော့ မယူဘူး။ အဲဒီလိုပန်းချီဆရာတွေလည်း ရှိကောင်းရှိမယ်။ သူတို့က ခုနကျနော်ပြောသလို ဒီနေရာက ဒီနေရာထိအပြာသုတ်ရမယ်။ ဒီနေရာက ဒီနေရာထိ အစိမ်းသုတ်ရမယ်..ဆိုတော့ သူ့ကောက်ကြောင်းလေးထဲမှာ သတ်မှတ်ထားတဲ့ အရောင်ကလေးတွေဖြည့်ပြီးတော့ ပန်းချီကားတစ်ကားပြီးသွားတယ်။ ဘာမီဒီယံလဲဆို ရေဆေးလို့ပြောရမယ်၊ ရေရဲ့ အရသာတော့ မပါဘူး။ အဲဒီလိုမပါတာတွေလည်း ရှိတယ်။ သူတို့က အကြောင်းအရာ Subject ကိုဦးစားပေးတာ။ ဥပမာ…ကိုရင်လေးဆိုရင် ကိုရင်လေး ၃ပါး၊ နွားလှည်းလေးဆိုလဲ နွားလှည်းလေးမောင်သွားတယ်။ အဲဒီလိုအကြောင်းအရာကိုဦးစားပေးတော့ ခုနရေအရသာကိုဖော်ဖို့ အားလျော့နေတာပေါ့။ ကျနော်ကတော့ ရေရဲ့အရသာကိုကြိုက်တယ်၊ ခုနပြောသွားတဲ့ Effect ကဒီတစ်ခုပဲ၊ ဒီတစ်ခါပဲရတယ်။ နောက်တစ်ခါမရဘူး။ နောက်ပြီးမြန်တယ်၊ ဒီအချက်ပဲ။
…………..
ရေဆေးမှာ Superimposing နည်းရှိတယ်၊ Wet-in-wet အစိုပေါ်အစိုထပ်တာ တို့ dry-in wet method အစိုနဲ့အခြောက်တွဲရေးတာတို့ ရှိတယ်၊ အဲလိုနည်းစနစ်ပိုင်းကျတော့ ပြောရင်ရှည်မယ်၊ များမယ်။
ကျနော့်သဘောကတော့ ကိုယ့်စတိုင်သီးသန့်ရဖို့ ကိုယ့်ဟန်ဖြစ်ဖို့ကတော့ ကိုယ့် Method နဲ့ကိုယ်ပဲ။ ခုနပြောတဲ့ ကျောင်းမှာသင်တဲ့နည်းစနစ်တွေထဲက ဆိုင်ရင်လည်းဆိုင်မယ်၊ အဲဒီထဲကတစ်ခုကိုယူချင်လဲယူမယ် အဲဒီထဲကအကုန်လုံးသုံးပြီးတော့ရေးတာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ ကျနော်ကတော့ Wet ရေးပါတယ် Superimposing ရေးပါတယ်လို့မရှိဘူး၊
Method အကုန်သုံးတယ်။ ဒီပွဲမှာဆိုရင် Subject က သုံးလေးခုပဲပါတယ်။ ဒီဟာတွေက Outdoor ဆွဲတာမဟုတ်ဘူး၊ ပေးတဲ့အခြေနေပေါ်မူတည်ပြီး ကျနော်လုပ်တယ်။
ခုချိန်မှာ Outdoor ထွက်ဆွဲဖြစ်လို့ရှိရင်လည်း ကျနော်ဒီဟန်တွေကနေပြီး ခွဲထွက်ဆွဲမှာမဟုတ်ဘူး။ ဥပမာ Outdoor ထွက်ဆွဲတယ်ဆိုရင် သဘာဝအတိုင်းအတိအကျမြင်ရမယ်။ နေပူရင်ပူတယ်၊ မိုးအုံ့ရင်အုံ့မယ်၊ ဥပမာ- ဒီရှေ့မှာ ဘုရားဆိုရင်ဘုရား၊လမ်းဆိုရင်လမ်းကိုမြင်မယ်၊ ဒါပေမယ့် ခုချိန်မှာအောက်ဒိုးထွက်ရေးရင်လည်း မြင်နေရတဲ့အတိုင်းရေးမှာမဟုတ်တော့ဘူး၊
တစ်ခုခုတော့ မြင်နေရတဲ့အထဲကနေ ဘယ်အရာဝတ္ထုဟာ ဆွဲဆောင်မှုရှိသလဲ၊ ဘယ်အရာဝတ္ထုတစ်ခုခုကိုတော့ ဟိုက်လိုက်လုပ်သင့်သလဲ
ကြည့်ပြီးတော့ အဲဒါကိုပဲဖေါ်မှာပဲ။ ကျနော်ထင်တယ် တော်တော်များများပန်းချီဆရာတွေလဲ အဲဒီလိုပဲယူမယ်ထင်တယ်။ တစ်ကယ်မြင်နေရတဲ့ဟာနဲ့ သူ့စိတ်ထဲကအကြိုက်နဲ့ မရရအောင်ဝင်ယူပြီးတော့ပေါ့၊ အောက်ဒိုးဆိုရင်ပြောတာပါ။ Indoor ရဲ့အရသာတော့ ကျနော်ပိုကြိုက်တယ်။
…………..
ကျနော်က Indoor ကိုပိုကြိုက်တယ်၊ Outdoor မထွက်နိုင်လို့တော့ မဟုတ်ဘူးပေါ့၊ Indoor ပိုကြိုက်တာက ပိုပြီးစိတ်ကူးလို့ကောင်းတယ်ထင်လို့၊ Imagination ပေါ့၊ စိတ်ကူးလို့ပိုကောင်းတယ် ကြိုက်တဲ့နေရာရောက်သွားလို့ရတယ်၊ နောက်ပြီး အကူညီတွေယူလို့ရတယ်။ ယူလို့ရတဲ့အကူညီတွေရှိတယ်၊ ဥပမာ ဝတ္ထုစာအုပ်တွေဖတ်တာမျိုး၊ ဗီဒီယိုကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး ဒါကအကူညီတွေပဲ၊ အခုပွဲက သီချင်းနားထောင်ပြီးရေးတာတော့ နဲတယ်။
အရင်ပွဲတွေ ဥပမာ-ဂျက်ဆင်မှာပြတဲ့ပွဲဆို သီးချင်းနားထောင်ရေးတယ်၊ ဘာနားထောင်ဖြစ်လဲဆိုတော့ အမေရိကန်တယောဆရာကြီးတစ်ယောက် ပါလ်မန်းဆိုတာ၊ အဲဒီဆရာကြီးထိုးတဲ့ ဂျစ်ပစီဗိုင်အိုလင်းရှိတယ်၊ ဂျစ်ပစီတွေထိုးတဲ့တေးသွားတွေ၊ အဲဒါကိုကျနော်စွဲစွဲမြဲမြဲကြိုက်တယ်။ အဲဒီတီးလုံးမျိုးက အထောက်ပံ့ပေးတယ်လို့ ကျနော်ယူဆတယ်။ ကိုယ်တိုင်လည်း အဲဒီတီးလုံးထဲမှာ မျောပြီးတော့ရေးဖူးတယ်။ ရေးတဲ့အကြောင်းရာတွေကတော့ ထူးထူးခြားခြားမဟုတ်ဘူး၊ လူတွေပဲ။ ကျနော်နေ့တိုင်းမြင်နေရတဲ့ မြို့..ဥပမာ ရန်ကုန်မြို့ထဲ၊ ဒါပေမယ့် ထွက်လာတဲ့ဥစ္စာက မြင်တွေ့နေကျမဟုတ်တော့ဘူး။
အခုပွဲကျတော့ အခုလက်ရှိအခြေနေမှာ ကျနော်က Dramatic ဖြစ်တဲ့ဟာလေးတွေကြိုက်တယ်။ ရုပ်ရှင်ကားကြည့်ရင်လည်း Finding Neverland လိုမျိုး စိတ်ကူးနဲ့ဖန်တီးတဲ့ သူတွေအကြောင်း ရိုက်ထားတဲ့ Biography တွေဘာတွေအဲလိုမျိုးကြိုက်တယ်။ အဲလိုမျိုးတွေစွဲစွဲမြဲမြဲကြိုက်တာတော်တော်လေးကြာပါပြီ။
ငယ်ငယ်ကတော့ ပြဇာတ်တွေဘာတွေကြိုက်တာပေါ့။ စင်တင်ပြဇာတ်တို့ဘာတို့၊ အငြိမ့်တို့ဘာတို့ပေါ့။ ကျနော်ကမန္တလေးကကိုး၊ အငြိမ့်ရာသီဆိုရင် ဟိုရပ်ကွက် ဒီရပ်ကွက် တစ်ညလုံးလှည့်ကြည့်နေတာပဲ။ မနက်သုံးလေးနာရီလောက်မှအိမ်ပြန်တယ်၊ စက်ဘီးတစ်စီးနဲ့လေ။ ဆိုတော့ အဲဒီအတွေ့ကြုံတွေကလဲ ပြန်ပြီးတော့ဝင်နေတယ်။ ပြီးတော့ ဒီမှာ Subject တွေပါတယ်၊ ပုဂံဘုရားလိုလို၊ မန္တလေးက ဘုရားလိုလိုပေါ့။ ဒါပေမယ့် အဲဒါတွေကို Setting ပေါ်ကိုတင်လိုက်တဲ့အမြင်...ဥပမာ-ဒီဟာဆိုရင် Sound of Nirvana၊ သုံးထပ်သားနဲ့ကာထားတယ်၊ အဲဒီထဲမှာ နီးနီးလေးကို ဝေးသွားအောင် ဝင်သွားလို့ရအောင်ပြန်ပြီး Setting လုပ်ထားတာ။ အဲဒီအမြင်ကလေးတွေကို ကျနော်ရေးတာ။ သဘာဝမှာ ဟိုနားမှာဘုရားရှိတယ်၊ ဒီကနေဟိုထဲဝင်သွားလို့ရတယ်။ ဒီနားမှ အုတ်တံတိုင်းလေးရှိတယ်။ အဲဒီလိုမျိုး သဘာဝအမြင်ကိုရေးတာမဟုတ်ဘူး။ အဲဒီတော့ Setting သဘောတွေအများကြီးပါတယ်။
……………….
အဲဒီတော့ Setting သဘောတွေအများကြီးပါတယ်၊ ဟုတ်တယ်၊ ကိုယ့်ဟာကိုယ်တည်ဆောက်လိုက်တာ။ ရှေ့နောက်ခွဲတာတို့ Composition ပြန်ချတာတို့။ သဘာဝမှာ ဒီအုတ်တံတိုင်းနောက်က ဒီဘုရားကိုဒီလိုမြင်နေရလို့ဆိုပြီးတော့ ဆွဲတာမျိုးမဟုတ်ဘူး။ ဒီပြပွဲက ကားတော်တော်များများအဲဒီလိုဟာမျိုးများတယ်။ အပြင်မှာရှိတဲ့ဟာလည်း ပါတာပေါ့။ ဒီအဆောက်ဦးဆိုလို့ရှိရင် သူကတော့ အလင်းမှောင်ပဲ အဓိကပြောတာ။ သူက Setting သဘောမပါဘူး။ သူက သဘာဝနဲ့ပိုနီးစပ်တယ်။ ဒီဟာက ပုဂံက ပုထိုးတော်တစ်ခုထဲဝင်လိုက်ရင် တကယ်ပဲအဲဒီလောက်မကျယ်ဘူး။ တစ်ကယ်တော့ ဒီလောက်အကျယ်ကြီးမမြင်ရဘူး။ ကျနော်က အရမ်းအကျယ်ကြီးလုပ်ပြစ်လိုက်တာပေါ့။ ကျနော်တို့က ဇာတ်တစ်ခုခုကဖို့ Setting လုပ်မယ်ဆိုရင် အဲဒီလိုမျိုးခမ်းနားအောင်လုပ်သင့်တယ်လို့ထင်တယ်။ ကျနော်တို့ဆီမှာ ရှေးတုန်းကထဲက ရှိခဲ့တဲ့အဆောက်ဦးတွေနဲ့ အခုလိုခမ်းနားအောင် ကျနော်လုပ်ချင်တဲ့ အတွေးပေါ့။ အဲဒါနဲ့သူက အလင်းကိုပိုပြီးတော့ ဦးစားပေးတယ်။ ဟိုးဖက်မှာရှိနေတဲ့ဘုရားဆီကိုသွားရတာ။ ကားနာမည်ကို ခမ်းနာတန်ဖိုးရှိသော အပျက်အစီးများလို့ ပေးထားတယ်။
အရောင်ရွေးတာက ကျွန်တော်က ပန်းချီကားတစ်ကားရေးတော့မယ်ဆို အချိန်ကာလဆိုတာပေါ့၊ sense ပေါ့။ ရိုးရိုးပြောရလို့ရှိရင် ညနေခင်းကိုရေးမလား။ မနက်ခင်းကိုရေးမလား။ ညကိုရေးမလား။ အဲဒါကိုအရင်ဆုံးဖြတ်တယ်။ ပြီးတော့ ကိုယ်ရေးမယ့်ကားတစ်ကားလုံးကို ဘာအရောင်လွှမ်းမလဲ၊ အဲဒါအရင် ဆုံးဖြတ်တယ်။ ဘာအရောင်လွှမ်းမလဲလို့ ကိုယ့်ဟာကိုယ်စဉ်းစားရတဲ့အချိန်က ဒီပန်းချီကားထွက်လာဖို့အတွက် ငါးဆယ်ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ဘာအရောင်လွှမ်းမယ်ဆို
ကတည်းက ပြီးသွားပြီ။ သူက အချိန်ကာလကိုပြောမယ်။ အဓိပ္ပါယ်ကို ပြောမယ်။ သူ..ဒီပန်းချီကားတစ်ကားလုံးကိုလွှမ်းတဲ့အရောင်က ဒီကားရဲ့အဓိပ္ပါယ်ပဲ။ ကျနော်ဒီကားကို အဝါတွေနဲ့ရေးကြည့်ရင် ဒီအရသာမရတော့ဘူး။ ဟိုလိုကားမျိုးကို အစိမ်းတွေအပြာတွေ ခရမ်းတွေနဲ့ ရေးလိုက်ရင် ဒီအရသာမရတော့ဘူး။ နေဖြင့်ပူသွားမယ်၊ နေ့လည်ခင်းကြီးလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဒီလိုမျိုးကို Historic လို့ပြောရမလား၊ အခုမရှိတော့ဘူး ဒီအဆောက်ဦးကြီးဟာဆိုတဲ့ Sense လေး။ ဟိုတုန်းကပေါ့ ဆိုတဲ့ဟာမျိုးလေး။ ရုပ်ရှင်တွေထဲမှာလို တစ်ခုခုကိုအရောင်လွှမ်းပြတဲ့သဘောရှိတယ်။ ဥပမာ စစ်ကားဆိုရင် ပြီးသွားတဲ့တိုက်ပွဲကိုပြန်ပြီးပြမယ့်အကွက်ဆိုရင် အရောင်တစ်ခုလွှမ်းပစ်လိုက်တယ်။ အဲဒီလွှမ်းလိုက်တဲ့အရောင်က အဓိပ္ပါယ်အများကြီးပြောတယ်။ ကျနော်က အဲဒီဥစ္စာကို ပန်းချီကားတွေထဲမှာထည့်တယ်။
……………….
အရှိအတိုင်းမြင်ရတဲ့အတိုင်းနဲ့ မဆိုင်ဘူး။ အရှိတိုင်း မြင်ရတဲ့အတိုင်း ကျွန်တော်အများကြီးရေးခဲ့ပြီးပြီ။ အများကြီးရေးဖြစ်ခဲ့တယ်လို့ ကျွန်တော်ခံယူတယ်ပေါ့။ ရေးခဲ့ပြီးပြီလို့တော့ မပြောချင်ပါဘူး၊ Limit တစ်ခုထိ ကျွန်တော်ရေးထားခဲ့တယ်။ ဥပမာ- ဒီလိုဘုရားမျိုး တကယ်အရှိမြင်ရတဲ့အတိုင်းရေးခဲ့ဖူးတယ်။ ဟိုမှာမြင်ရတဲ့ Lighting ဟိုမှာတကယ်မြင်ရတဲ့ ကနုတ်ပန်းလေးတွေ၊ အပြောက်မွှန်းလေးတွေ၊ ကျွန်တော်ရေးခဲ့ပြီးပြီ။ ခုချိန်မှာ ကျွန်တော်အဲဒါကို ဓာတ်ပုံလဲပြန်မကြည့်ဘူး၊ အရင်ရေးခဲ့ပြီးတဲ့ ကားအဟောင်းကဟာလည်း ပြန်မကြည့်ဘူး။ ကျွန်တော်အလွတ်ရတယ်။ ဒါပေမယ့် ကျွန်တော်အလွတ်ရတဲ့ရပုံရနည်းမျိုးက ဓာတ်ပုံရိုက်ယူလိုက်တဲ့ အလွတ်ရနည်းမျိုးမဟုတ်ဘူး။ တစ်ခုခု..အစိုင်ခဲတစ်ခုခု အဲဒီလို ဘယ်နေရာမှာဘာရှိတယ်ဆိုတာမျိုးလောက်တော့ မှတ်မိတယ်။ အဲဒီမှတ်မိသလောက်သာ ရှိတယ် ဆိုတာလောက်လေးပဲ ကျွန်တော်ရေးထားတာ။
ဆိုပါတော့...ကိုယ်က မွေးရပ်ဇာတိကနေ အဝေးကိုရောက်နေတယ် ထားပါတော့။ ကိုယ့်မွေးရပ်မြေက အဆောက်ဦးတစ်ခု၊ လူတစ်ယောက်၊ သစ်ပင်ဖြင့်သစ်ပင်၊ တံတားကလေးဖြင့်တံတားကလေး မှတ်မိတယ်ဆိုရင် အတိအကျကြီး ဟိုနားလေးက တိုင်ကနှစ်ချောင်း၊ ဒီနားက တံခါးပေါက်က နှစ်ပေါက်၊ အဲဒီလိုအမှတ်ရနည်းမျိုး မဟုတ်ဘူးလေ။ ကိုယ်သတိရမိတဲ့တံတားကလေးက တကယ်ရှိနေတာထက်လည်း လှချင်လှမယ်၊ ပိုပြီးတော့လည်း ကဗျာဆန်ချင်ဆန်မယ်။ တွေးလို့ရတယ်။ ကျွန်တော်က အဲလိုတွေးနည်းကားမျိုး။ အဲလိုတွေးပုံမျိုး ဥပမာ- ဒီလို ဓမ္မရံကြီး ဘုရာကြီးထုထည်အားကောင်းတယ်၊ အဲဒီဘုရားကြီးကို ကျွန်တော်ရေးဘူးတယ်၊ မှတ်မိတယ်။ ဒါပေမယ့် အဲဒီဘုရားကြီးကိုပဲ ပြဇာတ်ဆန်အောင် Dramatic ဖြစ်အောင် ကိုယ်ကြိုက်တဲ့အမြင်မျိုးရအောင် ဘယ်လိုပြန်ပြီးတော့ရေးမလဲ...။ ကျွန်တော်အရောင်တစ်ခုလွှမ်းလိုက်တယ်။ လွှမ်းပြီးတော့ ဇာတ်တွေမှာ ရှိတယ်လေ...ရှေ့ကလူတွေကသွားနေတာပဲ နောက်က ပိတ်ကားအဖြူကြီးကို ဆလိုက်လေးထိုးလိုက်တာ...သြော်...ဒါ နေပြည်တော်ကြီးရောက်သွားပြီပဲ...ဆိုပြီးဇာတ်ကကြတာပေါ့ နော်။ ကျွန်တော်အဲဒီ Setting မျိုး ပြန်ဖွဲ့ထားတာ။
အပြင်မှာမြင်ရတဲ့အတိုင်းအတိအကျကူးမဆွဲဘဲ ကိုယ်အာရုံရရင်ရသလောက်လေးပဲ ပန်းချီကားဖွဲ့တော့ ..အဓိကအားသာချက်က အနှောင်ဖွဲ့တွေ လွတ်တာပေါ့။ ပထမဆုံးက အနှောင်ဖွဲ့လွတ်တယ်၊ ကြိုးချည်မထားဘူးပေါ့၊ အဲဒီလိုကြိုးချည်မထားတော့ လူဖြစ်ဖြစ်တရိစ္ဆာန်ဖြစ်ဖြစ် တော်တော်လန်းတာပေါ့။ နံပါတ်တစ်က အဲဒါလေးရတယ်၊ စိတ်ကလွတ်လပ်တယ်၊ ပျံလွင့်ချင်တာပျံ့လွင့်လို့ရတယ်။ အဲဒီတော့ တကယ့်ဘုရားမှာမရှိတဲ့... ဥပမာ- မုဒ်ဦးလေးတစ်ခုထပ်တိုးလိုက်တာမျိုး၊ အပေါက်မပါပေမယ့်အပေါက်ထပ်ဖေါက်ပေးလိုက်တာမျိုး လုပ်လို့ရတယ်။ အဲဒီပြတင်းပေါက်မှာ မီးရောင်ကလေးမမြင်နိုင်ဘူး။ ဒါပေမယ့်ကိုယ်က လင်းပေးလိုက်မျိုးလုပ်လို့ရတယ်။ စိတ်ကူးတဲ့သလိုလုပ်လို့ရတယ်။ အမှန်တော့ ကျွန်တော်အရင်ရေးခဲ့ဖူးတဲ့ မှတ်မိဖူးတဲ့ Subject တွေကို မှန်းပြီးပြန်ရေးတဲ့သဘောပါပဲ။ ကျွန်တော် ဟိုနေ့ကတောင် ပန်းချီဆရာတစ်ယောက်နဲ့ပြောဖြစ်သေးတယ်။ ဒီလို Sense ကို အခရိုင်းလစ်နဲ့မျှောရင် တူအောင်လုပ်လို့ရချင်ရမယ်။ ရေ ကတော့ ရေ အရသာပဲ။ ရေအရသာကိုတော့ တခြားတစ်ခုက လိုက်လုပ်လို့ရမှာမဟုတ်ဘူး။
……………….
ကျွန်တော်တို့မန္တလေးပန်းချီကျောင်းက ပိုပြီးတော့တောင် ဘာသာရပ်များတယ်။ ရန်ကုန်ပန်းချီကျောင်းက အဲဒီကတည်းကတော်တော်အဆင်မြင့်နေပြီပြီလို့ ပြောရမှာပေါ့။ ကိုယ်ကြိုက်တဲ့လိုင်းကို ရွေးယူလို့ရတယ်။ ဥပမာ-စီးပွားရေးပန်းချီ၊ Fine Art၊ Traditional art ရိုးရာသီးသန့်ယူချင်လဲယူပေါ့။ မန္တလေးကျောင်းမှာက အကုန်သင်ပေးတယ်။ ဆရာကတော့အကုန်သင်တာကောင်းတယ်လို့ပြောတာပေါ့၊ အကုန်တက်ရတယ်။ အဲဒီတော့ကျနော်က ရိုးရာလဲရေးခဲ့ဖူးတယ်၊ကော်မာရှယ်တွေလဲသင်ရတယ်၊ Fine Art ကတော့ ကိုယ်ပိုပြီးအားသန်တယ်။ ကျောင်းမှာကတော့ အဖြစ်သဘောလောက်ပဲ၊ လုပ်ကြည့်ဖူးတယ်ဆိုတာလောက်ပဲ၊ ကိုယ်ဆက်မလုပ်ရင်တော့ ပြတ်ကျန်ခဲ့မှာပဲ။
ရေးနည်းကို လွှတ်လို့ရတာမှန်ပေမယ့် …ကိုယ်ကရေးနည်းတွေကို လွှတ်လိုက်ပြီးလို့ပြောနေပေမယ့် ဒီရေးလိုက်တဲ့ထဲမှာ ခုနကပြောတဲ့အတွေ့ကြုံတွေက သင်ပေးထားတဲ့စုတ်ချက်တွေပေါ့...နော်၊ ပါနေမှာပဲ။ အဲဒီလိုထင်တယ်။ အကျင့်ပေါ့၊ အစွဲပေါ့။ ဥပမာ-ဒီလိုမျိုး Lighting လေး အမှောင်လေးကို ဒီလိုမျိုးရေးနေကျဆိုရင် အဲဒီလိုရေးဖြစ်သွားမယ်။ အဲဒီဥစ္စာက ကျောင်းတွေမှာသင်တဲ့နည်းစနစ်လည်းဖြစ်ချင်ဖြစ်မယ်။ လွှတ်လိုက်ပြီရယ်လို့တော့ မဟုတ်ဘူး။ Technique တွေကိုလေ။ ဟိုလိုကြီး ဒါက ကျောင်းကနည်းစနစ်ရယ်လို့ဆိုတာမျိုးတော့ မရှိတော့ဘူး။ အဲဒီလိုမရှိသင့်ဘူးလို့လဲထင်တယ်။ ဒါမှကိုယ်ဖန်တီးချင်တာ လွတ်လွတ်လပ်လပ်ဖန်တီးလို့ရမယ်။
……………….
အရင်က သဘာဝကိုကူးပြီးယူတယ်။ ဆရာတွေရေးပုံရေးနည်းမျိုးပေါ့။ ဥပမာ-ဆရာတွေ တိမ်နေရာမှာဘယ်လိုရေးသွားတယ်၊ မြေကြီးကိုဘာအရောင်သုတ်သွားတယ်၊ ဆိုတော့ ကိုယ်ရေးတော့ အဲဒါတွေပါနေတာပေါ့။ ဒါပေမယ့် ခုချိန်မှာ တော်တော်မပါသလောက်နီးပါး ဖြစ်သွားပါပြီ။ ဒါပေမယ့် ဆရာတွေသင်ပေးတဲ့ဥစ္စာ စိတ်ထဲမှာရှိတော့ရှိနေမှာပဲ၊ အမြဲတမ်းရှိနေမှာပဲ။ အခုကျနော်ယူတာ တစ်ခြားလူတွေနဲ့တူချင်မှတူမယ်။ ကျနော်ကတော့ အားလုံး ကိုယ့်စိတ်ထဲကအတိုင်းပဲ။ မြေကြီးမှာ အနီမရှိရဘူးလဲမဟုတ်ဘူး၊ မြေကြီးမှာအပြာမရှိရဘူးလဲမဟုတ်ဘူး၊ အဲလို ခုနပြောသလို ပန်းချီကားတစ်ချပ်လုံး ဘာရောင်လွှမ်းရေးမလဲဆိုတာပဲ။ အဲဒီရွေးလိုက်တဲ့အရောင်ထက်ပိုပြီးတော့ ဟိုဖက်ကို ပိုပြီးမတို့ဖြစ်တော့ဘူး။ အကြိုက်ပေါ့။ ဒါကို အရောင်ကိုချုပ်တည်းထားတယ်လို့ပြောလို့မရဘူး။ ဟိုဆေးကိုမတို့နဲ့ ဒီအရောင်ပဲတို့ လို့တော့ချုပ်တီးထားတာမျိုးမဟုတ်ဘူး။ စိတ်ကကို အလိုလိုဟိုကိုမသွားတော့တာ။ ဟိုဆေးကိုမတို့တော့ဘူး၊ ဒါပဲ။ အဲဒီ အရောင်ရွေးနည်းမျိုး။
ဥပမာ- အရောင်တွေနဲ့ စိတ်ကိုခွဲမယ်ဆိုရင် စိတ်ရိုင်းဝင်နေတဲ့အခါ အနီတို့ဘာတို့လွှမ်းပစ်လိုက်တာ။ အနီပဲ Plain တွေရေးတာ၊ အဲဒီသဘောပါပဲ။ ရောင်ကိုစိတ်ကနေလွှမ်းတာပေါ့။ ကိုယ့်စိတ်ကြိုက်အရောင်ကိုပဲ ဥပမာ-ကောင်းကင်ကလင်းတယ် ပြာတယ်၊ ဒါပေမယ့် ကိုယ်ကမပြာဘူး၊ ၀ါတယ်၊ အဲဒီလိုမျိုးဖြစ်သွားတယ်။ သဘာဝကိုလုံးလုံးကြီးဆန့်ကျင်တာမျိုးတော့လည်း မဟုတ်ဘူး။ မတူချင်တာ။ အရင်တုန်းက သဘာဝကို တူဖို့ကြိုးစာတယ်။ တူပြီလို့ နီးစပ်ပြီလို့ ကိုယ့်ဟာကိုယ်ခံယူပြီးတဲ့နောက်ကျတော့ အလိုလိုပြောင်းသွားတယ်။ မတူချင်တော့ဘူး။ ဘာဖြစ်လို့မတူချင်တာလဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဒီသဘာဝထဲမှာရှင်သန်နေရတာ။ နေ့တိုင်းထမင်းစားတယ်၊ အလုပ်သွားတယ်၊ လမ်းလျှောက်တယ်၊ မြို့ထဲစျေးဝယ်တယ်၊ အဲလိုမျိုးပေါ့...ဒီအထဲနေနေတော့ မတူတာကို ကိုယ်ကခုံမင်လာတယ်၊ သဘာဝနဲ့မတူတာကိုစိတ်ဝင်စားမိလာတယ်။ သဘာဝကိုလုံးလုံးကြီးဆန့်ကျင်တာမဟုတ်ဘူး၊ သဘာဝကနေယူမယ်၊ ဒါပေမယ့် အခြားတင်ပြပုံတစ်ခု ပြချင်တယ်။ သဘာဝကနေ နဲနဲခွဲထွက်ချင်တယ်၊ ဒါပါပဲ။
…………….
ဒီ Opera ဆိုတဲ့နာမည်က ကျွန်တော် ဒီပွဲလုပ်ဖြစ်မယ် မလုပ်ဖြစ်မယ် မသိခင်ကထဲက ဒီနာမည်လေးနဲ့ ပွဲတစ်ပွဲလုပ်ချင်တယ်လို့ စဉ်းစားမိထားတာ။ အဓိပ္ပါယ်က သံစုံဇာတ်မြူးလေးပေါ့။ ဂီတသံစုံဇာတ်မြူးလေး၊ ဇာတ်လမ်းတိုလေးတွေလဲ ပါတယ်ပေါ့လေ...၊ တေးသံစုံလေးနဲ့ပျော်စရာကောင်းတယ်၊ အလေးအပင်ကြီးလည်းမကြည့်ရဘူး၊ ပေါ့ပေါ့ပါးပါးလေး...။
.....................
ပုံစာများ-
................... Dazzling Light စူးရှတောက်ပတဲ့ ဘန်းကနဲ စူးကနဲ ဖြစ်သွားတဲ့အရောင်။ ဒီမှာဆို တခြားအရာတွေအကုန်လုံးက မှောင်နေတယ်၊ အရောင်လွှမ်းပြီးတော့ မြူလည်းဖြစ်ချင်ဖြစ်မယ်။နှင်းလဲဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုဆိုင်းနေတဲ့အထဲမှာ အဲဒီအလင်းလေးက ဖျတ်ခနဲလေး ”ထ” နေတာ။
………………… ပုံစာ- Greenish Theatre အစိမ်းရောင်လွှမ်းတဲ့ပြဇာတ်ရုံ။ အမှန်တော့ ပြဇာတ်ရုံကြီးကို ရေးထားတာမဟုတ်ဘူး၊ ဇာတ်ရုံနဲ့တူတဲ့ဟာလည်း တစ်ခုမှမပါဘူး၊ ဒါပေမယ့် တစ်ကယ်သာ ကျွန်တော်တို့က ပွဲတစ်ခုကို အခုလို Setting ကြီးနဲ့သာ ကလိုက်ရရင်ဆိုတဲ့စိတ်...။
………………. ပုံစာ- Mystic Silence လှို့ဝှက်သောတိတ်ဆိတ်မှုပေါ့။ မဟာမုနိ ဂန္ဓကုဋိတိုက်နဲ့တန်ဆောင်းနဲ့ကို ဆက်ထားတဲ့ထဲမှာ အဲဒီမြင်ကွင်းလေးရှိတယ်ပေါ့..နော်။ ဒါပေမယ့်အမှန်တစ်ကယ်ဟိုမှာကတော့ ဒီအတိုင်းမဟုတ်ဘူး။ ဘေးမှာကာထားတဲ့ဟာတွေ အများကြီးရှိတယ်။ ကျနော်ကဖယ်သင့်တာတွေဖယ်ပြီးတော့ … သူ့မှာတိတ်ဆိတ်နေတဲ့အကြောင်းလေးတစ်ခုရှိတယ်၊ ဘုရားဆိုပြီးတော့ ဆူဆူညံညံကြီးဖြစ်မနေဘူး။
………………. ပုံစာ- Flame Pyramid ဒါက ကျနော့်စကားလုံး မဟုတ်ဘူး။ (ဆရာကြီး) ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျီအိတ်ချ် လုစ်ရဲ့ ကဗျာစာအုပ်လေးထဲက လုစ်ရဲ့ကဗျာ။ အဲဒီထဲမှာ သဗ္ဗညုဘုရားကြီးကို အပြာရောင်တောက်နေတဲ့အဆောက်ဦးကြီးတစ်ခုပေါ့၊ ပိရမစ်ကြီးတစ်ခုလို့ သူကမြင်တယ်။ ကျနော်တို့က ဗမာမျက်စိနဲ့ ဘုရားပေါ့။ သူကတော့ အပြာရောင်မွဲမွဲကြီးဖြစ်နေတဲ့ ပိရမစ်ကြီးလို့မြင်တယ်။ မီးကျွမ်းထားလို့ဖြစ်နေတဲ့အပြာရောင်ပိရမစ်ကြီး။ ကျနော်က အဲဒါကို ဒီကားနာမည်အဖြစ် ယူထားတာ။
………………. ပုံစာ- Hypnotic Rhythm မင်းသမီးကလေးကနေတာပေါ့။ အလင်းနောက်ခံနဲ့၊ အလင်းကိုနောက်ခံပြီးတော့ အမှန်ကတော့ လူရုပ်လဲကောင်းကောင်းမပေါ်ပါဘူး။ ခြေတွေလက်တွေလည်း ကောင်းကောင်းမမြင်ရပါဘူး။ သူရွှေ့လိုက်တဲ့လွှားကနဲရွေ့လိုက်တဲ့အရွေ့ကလေး ပြီးတော့ပုဝါကလေးလွင့်သွားတာတို့.... ဘာတို့။ အဲဒီမှာအလင်းနောက်ခံနဲ့မြင်ရတဲ့အမြင်၊ စွဲငြိစေတဲ့ရစ်သမ်ပေါ့။
………………. ပုံစာ- Sylvan Setting စုံတောမြိုင် ဂနိုင်၊ ဇာတ်ခုံပေါ်မှာ စုံတောမြိုင်၊ ဂနိုင် Setting လေးတွေချထားတာပေါ့၊ ဒီနားက ပန်း၊ ဒီနားက ကနုတ်လေးတွေ၊ ဘူးနွယ်လေးတွေ...နေရောင်ထိုးကျနေတာ။
......
အောင်မင်း
၃၀-၁၂-၀၅
(Studio Square Gallery, 24th Dec to 30th Dec 2005)
………….
စာကြွင်း...၊ ဒီအင်တာဗျူူးမှာ မေးခွန်းတွေမပါတာ သတိထားမိမယ်ထင်ပါတယ်။ ပုံမှန်ဆို မေးခွန်းနဲ့အဖြေက တွဲရက်ရှိရမှာပေါ့။
ကျနော်စိတ်ထင် မေးခွန်းတွေမလိုလို့ပဲလား..၊ စာမျက်နှာကြောင့်လားတော့ မသိပါဘူး၊ ဘာပဲဖြစ်ဖြစ် ခုလိုဆက်တိုက် မိုနိုလော့ခ်လိုလို ဝတ္ထုလိုလို အရသာကိုပဲ တော်တော်သဘောကျမိပါတယ်၊ ပြပွဲစီစဉ်ပေးတဲ့ Studio Square အဖွဲ့ ကိုငြိမ်းချမ်း၊ ကိုမင်းဇော်၊ ကိုဟိန်းသစ်တို့နဲ့... အထူးသဖြင့် မေးခွန်းကောင်းတွေမေးပြီး အဖြေတွေလေရှည်နေတာကို ဖြတ်မပစ်တဲ့... ဒေါက်တာအောင်မင်းတို့ကို အမြဲကျေးဇူးတင်ရှိနေမှာပါ။
…………………
၁၃-၅-၂၀၂၀

 

No comments:

Post a Comment