Weight ဆိုတာဘာလဲ?
Weight and balance ဘယ်လိုဆက်စပ်သလဲ?
(Actual/ physical weight) နဲ့(visual weight) ဘယ်လိုကွာတာလဲ?
အရောင်တွေမှာ အလေးချိန်ရှိသလား?
ဘယ်အရောင်တွေကအလေးစီးမှု (color density) ဆိုတာာလဲ?
ပန်းချီရေးဆွဲရာမှာ အရောင်တွေရဲ့အလေးချိန်က ဘယ်လိုသက်ရောက်မှုရှိကြသလဲ?
Weight and balance မသိရင်ရော ပန်းချီရေးလို့မရဘူးလား?မေးခွန်းများ၏ အဖြေကို လေ့လာကြည့် ပါ။
ပန်းချီရေးဆွဲရာမှာ အခြေခံကဏ္ဍကြီး၆ရပ် (Six elements of painting)ရှိသည်။ ၎င်းတို့မှာ (drawing,tone, texture, weight ( and balance), workmanship, color တို့ဖြစ်သည်။(ဆရာကြီးဒေါက်တာ ဦးလွန်းကြွယ်၏ပို့ချချက်)texture, Weight, workmanship တို့သည့်သီးသန့် ရပ်တည်နိုင်သောအရာများ မဟုတ်ကြဘဲ (drawing, tone, color )တို့နှင့်ဆက်စပ်နေသည်။
အလေးချိန်နှင့်ဟန်ချက်သဘောတရား(Weight and balance)သဘောတရားသည် အိုင်ဆက်နယူတန်ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာမြေဆွဲအားနိယာမ (gravitational law)နှင့်ဆက်စပ်နေသည်။ကမ္ဘာမြေဆွဲအားမရှိလျှင် ဟန်ချက်လည်းမရှိနိုင်ပါ။ သင်အနေဖြင့် အီလွန်မတ်စ်၏ (Space X) အာကာသ ယာဉ်စီးပြီးအင်္ဂါဂြိုလ်သို့မဟုတ်လပေါ်တွင်ပန်းချီ ရေးလျှင် ကမ္ဘာဂြိုလ်ပေါ်တွင် ပန်းချီရေးသကဲ့သို့ (Weight and balance )ကိုထည့်တွက်စရာလိုမည်မဟုတ်ပေ။
ပန်းချီရေးနည်းသုံးမျိုးရှိသည်။သဘာဝသရုပ်မှန်ကိုအခြေခံသောရေးနည်း၊ သရုပ်မှန်သဘောကိုပြုပြင်ပြောင်းလဲချဲ့ထွင် သောရေးနည်း၊ သရုပ်မှန်သဘောနှင့်မဆက်စပ် သောရေးနည်းဟူ၍ ပိုင်းခြားနိုင်သည်။(ဆရာကြီးဦးဝင်းဖေ၏ဟောပြောပို့ချက်)
သရုပ်မှန်ရေးနည်းတွင်ဟန်ချက်သဘောသိထားရန်လိုအပ်သည်။
ပန်းချီရေးတဲ့သူက ပထဝီသဘော ၊သိပ္ပံသဘော တွေသိထားဖို့လိုအပ်တယ်။မဟုတ်ရင်သဘာဝနဲ့လွဲချော်လိမ့်မယ်။ (ဆရာဦးဝင်းဖေမြင့် WPM) သဘာကိုလေ့လာရေးဆွဲမည်ဆိုလျှင်တောသိပ္ပံနည်းကျသဘောတရာများနားလည်ထားရန်လိုအပ်မည်။
ကမ္ဘာမြေပေါ်တွင်နေထိုင်ပြီးသရုပ်မှန်ရေးနည်းကိုအခြေခံပြီးပန်းချီရေးမည်ဆိုလျှင်တော့ အလေးချိန် အင်အားနှင့်ဟန်ချက်ကိုသိထားရန်လိုမည်ဖြစ်သည်။ပြင်ပအရှိအလေးချိန်ကို(physical/ actual weight)ဟုခေါ်သည်။အုတ်ခဲတုံး၊သစ်သားတုံး၊ဖော့တုံးတို့သည် အရွယ်အစားတူဖြစ်နေနိုင်သော်လည်း အလေးချိန်စီးမှု (density)မတူနိုင်ပေ။ မှို့တစ်ပိဿာနှင့် သံတစ်ပိဿာသည် အလေးချိန်တူသော်လည်း အလေးစီးမှုမတူပေ။ဤသဘောမှာ (physical weight )သဘောဖြစ်သည်။ ပန်းချီရေးရာတွင် သစ်ရွက်ခြောက် ၊ဖော့၊ ဝါဂွမ်းကဲ့သို့အရာများ (light weight)ကိုရေးလျှင် ကြည့်ရှုသူ၏အမြင် အာရုံတွင် ပေါ့ပါးသည်ဟုခံစားရစေပြီး သံတုံးကျောက်တုံး(Heavy Weight)များရေးထားလျှင်လေးလံသည်ဟုခံစားရစေခြင်းသည် အမြင်အာရုံခံစားမှုတွင်ဖြစ်ပေါ်သောအလေးချိန်(Visual weight)၏သဘောဖြစ်သည်။၄င်းတို့မှာလှုပ်ရှားပြောင်းလဲမှုမရှိသော အငြိမ်အလေးချိန်( dead weight)များဖြစ်ကြသည်။ကမ္ဘာမြေဆွဲအားကြောင့် ထိုင်ခုံတစ်လုံး မော်တော်ကားတစ်စီး၊လူတစ်ယောက်မတ်တပ်ရပ် နိုင်ခြင်းစသောအရာအားလုံးသည် ဟန်ချက်မညီလျှင်ယိုင်လဲသွားမည်။ထိုသဘောသည် (Weight and balance)သဘောဖြစ်သည်။
အားကစားပြိုင်ပွဲဓာတ်ပုံများတွင် ဒိုင်ဗင်ထိုး၊ ဘောလုံးကစား၊အပြေးတာထွက်စသောပုံများတွင် ဟန်ချက်မရှိသောပုံအချို့ကိုတွေ့မြင်နိုင်သည်။သို့သော်ထိုသို့ဖြစ်ခြင်းသည် အလွန်တိုတောင်းသော စက္ကန့်ပိုင်းအတွင်းအဖြစ် အပျက်ကိုရိုက်ကူးထားခြင်းသာဖြစ်သည်။ဌက်ပျောခွံကိုတက်နင်းမိပြီး ချော်လဲ မလဲခင်အချိန် အမိအရရိုက်ထားသော ပုံမျိုးဖြစ်သည်။ရုပ်ရှင်တွင်အနှေးပြကွက်ဖြင့်ပြကွက်များတွင်သိသာသည်။ ဆိုလိုသည်မှာ ဟန်မချက်မရှိဘဲ စက္ကန့်ပိုင်းသာဖြစ်နိုင်သည်။လူနှင့် တိရိစ္ဆာန်တို့၏လှုပ်ရှားမှုရုပ်ပုံ များ (Action and motion, weight and force)သည် လှုပ်ရှားမှုကိုလိုက်၍ ပြောင်းလဲနေသောသက်ရှိအရာများ(life weight ) ဟန်ချက်များဖြစ်ကြသည်။ တွင်ထိုသဘောကို သိထားမှသာရေးဆွဲရာတွင် အဆင်ပြေ သဘာဝကျသောပုံများကိုရနိုင်သည်။ပန်းပုထုလုပ်ရာတွင် ဟန်ချက်သဘောမှာအဓိကကျပြီးအလွန်အရေးပါသည်။
အရောင်များတွင်လည်း (visual weight) အသီးသီးရှိကြသည်။နမူနာပုံများတွင်ရေးထားသောစာနှင့်တွဲပြီးလေ့လာကြည့်ပါ။အခြေခံမူလအရောင်များတွင် အနီရောင်သည်သည်( visual weight) အများဆုံး၊ အဝါသည် ဒုတိယ ၊အပြာရောင်သည်အနည်းဆုံးဖြစ်သည်။ပုံ(၁)
ယေဘူယျအားဖြင့်အရောင်များတွင် အပူရောင်အုပ်စုသည် (visual weight)များပြီးအအေးရောင်များတွင်နည်းပါးသည်ဟုပြောနိုင်သည်။အရောင်များကို( visual weight)အနည်းအများကိုအစဉ်လိုက်ကြည့်လျှင် အနီရောင်သည်( visual weight)အများဆုံး၊ အနီနှင့်အဝါ ရောစပ်ထားသောလိမ္မော် ဒုတိယ၊အဝါတတိယ၊အနီနှင့်အပြာရောစပ်ထားသော ခရမ်းစတုတ္ထ၊ အဝါနှင့် အပြာရောစပ်ထားသော အစိမ်းပဉ္စမ၊ အပြာဆဌမ၊ မီးခိုးရောင် သတ္တမဟု သတ်မှတ်နိုင်သည်။
အဝါနှင့်အပြာရောင် အရွယ်တူနှစ်ခုကို ဘေး ချင်းယှဉ်ထားပါကအမြင်အာရုံခံစားမှုသဘော အရ အဝါရောင်ကိုအလွယ်တကူသတိပြုမိစေ သည်။ (ပုံ-၁ ကိုကြည့်ပါ)ထို့ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းအဝါရောင်ကိုအသုံးပြုလေ့ရှိကြသည်။ အန္တရာယ်ရှိသောလမ်းအမှတ်သားပြဆိုင်းဘုတ်များတွင် သိသာထင်ရှားစေရန် အနက်ရောင်အောက်ခံပေါ်တွင်အဝါရောင်အမှတ်သားဖြင့်ဖော်ပြလေ့ရှိကြသည်။အကယ်၍ အဝါရောင်နေရာမှာအဖြူဆိုရင်ပိုမလင်းဘူးလားဟုမေးစရာရှိနိုင် သည်။ အဖြူရောင်သုတ်ထားလျှင် အဖြူရောင်တွင်အလင်းပြန်ပါကအရောင်ဖွေးဆွတ်သွားပြီးမြင်ကွင်းကိုဝေဝါးစေ သောကြောင့် ဖြစ်သည်။
အရောင်များတွင်( visual weight )မတူကြသဖြင့် အရွယ်အစားတူသော်လည်း အမြင်အာရုံသက်ရောက်မှုမတူညီကြ ပေ။အဝါနှင်အပြာတွင်အပြာရောင်ကိုသေချာ ဂရုတစိုက် ကြည့်မှအပြာ ရောင်ကိုသတိ ထားမိစေသည်။အဝါနှင့်အပြာသည်အရွယ်အစားတူ၊ပမာဏထုထည် ( size and volume ) တူညီသော် လည်း ပုံ-၂တွင်ပြထားသည်အတိုင်း vasual weight သဘောအရဟန်ချက် (balance)မညီဘဲတစ်ဖက် သတ်ဖြစ်နေမည်။ ထိုကြောင့်အရောင်ဖွဲ့စည်းမှုသဘောအရ ဟန်ချက်မညီ မျှဖြစ်နေသည်။ (color composition is out of Balance)ထို့ကြောင့်ညီမျှစေရန် အဝါ၏အရွယ် အစားကို ၁၀ပုံ၁ပုံကျော်ခန့် လျှော့ချပေးမှသာ ပုံ-၆တွင်ပြထားသည့်အတိုင်းဟန်ချက်မျှတမှုရှိမည်။ အကယ်၍ အရွယ်တစ်ခုတည်းမထားချင်ပါက ပုံ-၅အတိုင်းအတူညီသော အဝါရောင်လေးခုဖြင့်ဟန်ချက်ကိုထိန်းညှိနိုင်သည်။အပြာရောင်နောက်ခံကိုအပြည့်ထားပြီး အဝါရောင်ဖြင့်ဟန်ချက်ကိုထိန်းလိုပါက နံပါတ်-၅ပုံအတိုင်း အဝါရောင်အတုံး၄-ခုဖြင့်ဟန်ချက်ကိုထိန်းညှိနိုင်သည်။
လူပုံနှင့်တိရိစ္ဆာန်လှုပ်ရှားမှုသဘောကိုသရုပ်မှန် ရေးနည်းဖြင့်ရေးလျှင်မသိမဖြစ်သိရှိထားရမည်။ဒြပ်မဲ့ပန်းချီသဘောဖြင့်ရေးလျှင်မလိုပါ။အရောင်ဖြင့် ပန်းချီကားဖွဲ့ရာတွင် visual weight သဘောကိုသိရှိနားလည်ထားမှသာ အလေးချိန်နှင့်ဟန်ချက်သဘော(weight and Balance)ကိုချိန်ဆနေရာချထားနိုင်မည်ဖြစ်သည်။ အကယ်၍ ဒြပ်မဲ့ပန်းချီ color field သဘောရေးလျှင်ပင် အရောင်များ၏ visual weight သဘောကိုသိရှိနားလည်ထားရန်လိုအပ်သည်။မေးခွန်းများ၏အဖြေကို သိရှိနားလည်နိုင်နိုင်ပြီး အသိပညာတစ်ခုခုရနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။
ဆရာကြီးများ၏ဟောပြောချက်နှင် color theory စာအုပ်ကိုမီငြမ်းရေးသားပါသည်။
No comments:
Post a Comment