ကိုလှိုင်ဘွားက လက်ယာရံ။ လက်ဝဲရံကား ကိုဩ။
ဆရာဦးသိန်းဟန် ၏တပည့်နှစ်ယောက်။
သူတို့ကိုစသိတော့ ကျနော်က တက္ကသိုလ်ပန်းချီခန်းမှာ။
ဆရာဦးသိန်းဟန်၊ ဆရာဦးလွန်းကြွယ်တို့ကို ခရီးဦးကြို
ပြုဧည့်ခံရမည်က ကျနော့်တာ၀န်၊ ဒါကြောင့်မို့ သူတို့
နှင့် ကိုအောင်ရင်လဘက်ရည်ဆိုင်တွင်ထိုင်နေကျ။
တနေ့ကိုလှိုင်ဘွားကပြောသည်။ ပန်းချီကားတွေကို
မုန့်ဟင်းခါးရောင်းသလို ဆိုင်းထမ်းနှင့်လှည်းတန်းတွင် သွားရောင်းရကောင်းမည်ဟု။
အနေတည်သော်လည်း သူ့တွင်ဟာသရှိသည်။
ဆရာဦးလွန်းကြွယ်က "ကိုလှိုင်ဘွားတို့ဘဲအေးတယ်၊
မိန်းမ မရှိ၊ဘာမရှိနဲ့" ဟုပြောသည်ကို "ဆရာကသိမှ
မသိဘဲ၊ဒီမှာဖြင့်လိုချင်လိုက်တာ၊ မရလို့" ဟုရယ်သွမ်းသွေးတတ်သူ။ ကျနော် အမျိုးသားမော်ကွန်းတိုက်တွင်လုပ်နေစဥ်ကျနော်တို့ရုံးမှာ ပြင်သစ်သံရုံးနှင့်ကပ်လျှက်။ ထိုပြင်သစ်သံရုံးတွင် ဒီဗွာနီ ဟုခေါ်သော သံမှူး
တယောက်ရှိသည်။ ၎င်းသံမှူးက ကျနော်ထံမှပန်းချီကားတချပ်၀ယ်ဘူးပါသည်။ ထိုသူသည် ကိုလှိုင်ဘွားကိုအသည်းစွဲ။ ကိုလှိုင်ဘွား၏ မဲတဲ၊ မဲတဲ ပန်းချီကားများကိုအလွန်ကြိုက်သည်၊ အလွန်၀ယ်သည်။ ကိုလှိုင်ဘွား၏
ပန်းချီကားများမှာ အမှောင်ရောင်အသုံးများသဖြင့်
"မဲတဲ၊မဲတဲ" ဟုကျနော်က နောက်ခြင်းဖြစ်သည်။
ဒီဗွာနီနှင့်သူဇာတ်လမ်းတွေကိုကျနော်သိသည်။
ကိုလှိုင်ဘွားသည် ထိုခေတ်က မော်ဒယ်မလေး ဖိုဘီကိတ် (Phoebe Cates) နှင့်လည်းကြိုက်ခဲ့ဘူးသည်ကို
ကျနော်သိသည်။ ဖိုဘီကိတ်ကို သူ ပန်းပေးနေသည့်ပုံ
ကျနော်သူ့အိမ်တွင်တွေ့ဘူးသည်။
ဖိုဘီကိတ်ကတော့လူ့လောကကြီးတွင် သူရှိမည်ကို
သိချင်မှသိမည်။ သူကကြိုက်သည်မှာတော့သေချာသည်။
နောက်သူ nude ပုံတွေရေးတော့ ကျနော်ကြိုက်လိုက်တာ။ တခါတော့ "ကိုလှိုင်ဘွားရယ်၊ nude ရေးရင်
ကျနော့်ခေါ်စမ်းပါ၊ ကျနော်လည်းရေးချင်လို့" ဟု
ပြောဘူးသည်။ "မြင့်စိုးရာ မရေးချင်စမ်းပါနဲ့၊ ငါ့မှာ
ဒီပုံတွေရေးရတာရာဇဝတ်မှုကျူးလွန်မိသလို ဖြစ်
နေရတယ်" တဲ့၊ နောက်ထပ်လည်း သူ့ကျတာ့ ကျူးလွန်
မြဲ ကျူးလွန်နေတာ။ ကျနော့်ကျတော့ အဲဒီလို
ပြောတယ်ဗျာ။
နောက်မှတ်မှတ်ရရ၊ ကိုးရီးယားသံအမတ်ကတော်
မဒမ်ကွမ်း (Madam Kwang)လုပ်သော ကိုရီးယား- မြန်မာပန်းချီပြပွဲတွင် သူရေးသော မိန်းမပျိုလေး၊ကြောင်
ပိုက်လျှက်အိပ်နေပုံမှာ ကျနော်ကြိုက်လှသည့် ကား။ မိန်းမပျိုလေးက တကယ်အိပ်နေသည့်အလား၊
ကြောင်ကလေးကိုလည်းပိုက်လိုက်သေး။
ထိုတကားတည်းနှင့်ပင် သူ့ကိုကျနော်ခရက်ဒစ်ပေးသည်။
အဲဒီကားကိုဖော်ပြထားပါသည်။ ခင်ဗျားတို့လည်းကြိုက်မှာပါ၊ တကယ့်ကို ပန်းချီကားပါဘဲ။ နောက်သူရေးသမျှကားတွေကို ကြိုက်တာများသည်။ မိန်းကလေးပုံတွေကိုချည်းရွေးကြိုက်ပါသည်။ ကောင်းတယ်ဗျ။
သူဟန်ကတမျိုး၊ ဘယ်သူနဲ့မှမတူ။ ကျနော့်တွင်ပိုက်ဆံ
ရှိလျှင် သူ့ကားတွေအများကြီး၀ယ်၍ တကိုယ်တော်ပြပွဲလုပ်ပစ်လိုက်ရလျှင်ပေါ့။ စိတ်ကူးကြည့်မိတာပါ။
သူ့လက်ရာတွေက ပီကာဆို(Picasso) ကားတွေနဲ့
ဆင်သလားလို့ကျနော်တွေးမိသည်။ ပီကာဆိုကသူ့ကို
မှီး၍ရေးချင်ရေးမည်။ ပေါက်ပေါက်ရှာရှာပါ။
မြင့်စိုး
Summit
2nd of March 2022
Wednesday
No comments:
Post a Comment