Pages

မော်ဒန်ပန်းချီမိတ်ဆက်(၃)


အနာဂါတ်ဝါဒပန်းချီ(Futurism)
လူငယ်တွေအတွက်ရည်ရွယ်ရှင်းပြထားတဲ့ မိနစ်ဝက်အတွင်းနားလည်သိရှိလွယ်မယ့် ရှင်းလင်းချက်တွေဖြစ်ပါတယ်။
၂၀ ရာစုအစောပိုင်းမှာ အီတလီပန်းချီပန်းပုဆရာတစ်ချို့ဟာ ခေတ်ရဲ့နောက်ဆုံးပေါ်စက်မှု နည်းပညာတီထွင်မှုတွေကို စိတ်လှုပ်ရှားလာကြတယ်၊ လေယာဉ်ပျံတွေ၊မော်တော်ကားတွေ နဲ့စက်ကိရိယာသစ်တွေရဲ့ မြန်ဆန်မှုအရှိန်တွေ၊ စွမ်းအားတွေကနေ ပန်းချီပန်းပုသစ်တွေဖန် တီးဖို့ စိတ်ကူးတေါရလာကြတယ်။ ပန်းပုတွေ ပန်းချီတွေနဲ့ ဗိသုကာလက်ရာတွေဟာ နည််း ပညာနဲ့လူသားတွေရဲ့အနာဂါတ်ကိုဂုဏ်ပြုမျှော်မှန်းလျှက် ပေါ်ထွက်လာတယ်။
အနာဂါတ်ဝါဒီတွေဟာ ပြီးခဲ့သောခေတ်ဟောင်းအနုပညာတွေကို စိတ်မဝင်စားကြတော့ဘူး။ ၁၉၀၉ မှာ မာရီနက်တီ (Filippo tommaso Marinetti) ဆိုသူအီတလီစာရေးဆရာတစ်ဦး ဟာ ဖျုချာရစ်ဇင် ကြေညာစာတမ်းတစ်စောင်ရေးခဲ့တယ်။ သူ့ရဲ့ဖေါ်ပြချက်ထဲမှာ အီတလီရဲ့ အနုပညာပြတိုက်ပြခန်းတွေအားလုံးက ယခင်လက်ရာတွေအားလုံးကိုပယ်ပြီး ဒီအနုပညာ သစ်အတွက် ပြင်ဆင်ပြောင်းလဲရမယ်လိ့ုဆိုတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီလိုမဖြစ် ခဲ့ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဖျူချာရစ်ဇင် အနုပညာသမားတွေဟာ ယခင်အနုပညာတွေကို ပယ်ပြီး အနာဂါတ်အမြင်ကိုသာ အာရုံစိုက်ခဲ့ကြတယ်။
အနာဂါတ်ဝါဒဟန် ပန်းချီတွေက အရောင်တောက်တောက်တွေဖြစ်တယ်၊ အရှိန်နဲ့ ခွန်အား ပါတဲ့ မျဉ်းလိုင်းတွေ၊ လှုပ်ရှားရုံးကြွနေတဲ့လူတွေအရာဝတ္ထုတွေကိုဖန်တီးတဲ့ ပန်းပုဆရာ အန်ဘာတို ဘိုစီရိုနီ(Umberto Boccioni) ရဲ့ ကြေးနဲ့ထုတဲ့ပန်းပုဆိုရင် ပြေးနေတဲ့လူပုံဖြစ် ပြီး အရှိန်တွေဟာ ပန်းချီမျဉ်းလိုင်းတွေလို အသက်ဝင်နေတယ်။
( ပြထားသောပန်းချီကားတွင် မြင်းထုန်းစိုင်းစီးနေသောလူပုံကိုတွေ့ရပြီး မြင်း၏အရှိန် စီးနေသူ၏လှုပ်ရှားမှုများနှင့် ပုံရိပ်များထပ်လျှက်တွေ့ရမည်၊နောက်ခံစက်ရုံမီးခိုးများမှာ စက်မှုဖွင့်ဖြိုးလာခြင်း၏ပုံရိပ်များဟုဆိုနိုင်မည်)
(ဖျူချာရစ်ဇင်) ၃ စက္ကန့် အတိုချုပ်...။
အရောင်၊ ရေးချက်၊ မျဉ်းလိုင်းများကို သုံးပြီး ပန်းချီကား၏ရုပ်ပုံများ လှုပ်ရှားမြန်ဆန်ဟန်ရေးဆွဲ။ နည်းပညာနှင့်စက်မှုဖွံ့ဖြိုး လာခြင်း၏ အရှိန်များ၊ စွမ်း အားနှင့်အနာဂါတ်အမြင် များကို ရည်ရွယ်ဖန်တီးခြင်း။
ကိုယ်တိုင်လေ့ကျင့်လိုပါက...။
အရောင်တစ်ရောင်ပါသော စက္ကူတွင် ခဲတံဖြင့် လှုပ်ရှားပြေးလွှားနေသော လူသို့မဟုတ် တရိစ္ဆာန်တစ်ကောင်၏ပုံကိုရေးဆွဲပါ။ ထိုကောက်ကြောင်းပေါ် တွင် ပါစတယ်ရောင်စုံဖြင့် မျဉ်းပြတ်မျဉ်းတိုအရောင်များဖြည့်ပါ၊ အရှိန်များ ရွေ့နေသည့်အတွက် အရောင်ရေးချက်များမှာစောင်းရွဲ့နေရန်လိုအပ်မည်။ ထို့နောက် မိမိလက်သို့မဟုတ်တစ်ရှုးစဖြင့် ထိုဆေးများအပေါ်ပွတ်တိုက်ပြီး ပြေးနေသည့်လားရာဖက်အရှိန်များကို ထပ်ဖြည့်ပါ။ ပန်းချီကားမှာပိုမိုလှုပ်ရှား သက်ဝင်လာလိမ့်မည်။

No comments:

Post a Comment