Pages

ပန်းချီစာအုပ် ဦးလှထွန်း မြန်မာပန်းချီရေစီးကြောင်း

 ဦးလှထွန်း မြန်မာပန်းချီရေစီးကြောင်း

https://u.pcloud.link/publink/show?code=XZwnV5VZv3zllyHDappIwcK9IusfE8jv9U47

ပန်းချီကို အင်္ကျီတစ်ထည်လို ဝတ်ခဲ့တယ်

အရှက်လုံအောင် ဝတ်ရမယ့် အင်္ကျီ တစ်ထည်ကို 
ကဗျာကသီ ဝတ်ခဲ့တယ်
မလုံမလဲ ပန်းချီတွေ ရေးချင်တော့လဲ 
ကိုယ်တိုင် ရှက်မိပါသေးတယ်။

ရေအိုးတွေနဲ့ ‌ရေခပ်ဆင်းခဲ့တဲ့ 
ပျိုဖြူတို့ရဲ့ အလှဟာ အနုပညာဖြစ် ပြောင်းလဲသွားတယ်
ရေစိုနေတဲ့ အဝတ်တစ်စုံနဲ့
အခုထိ စွဲမက်စရာကောင်းလွန်းနေတယ်။

ဆောင်းတစ်ရာမင်း
၂၈-၃-၂၀၂၂


ဗင်းဆင့်ဗန်ဂိုး 🎸🎤🎧🎼

 

ထူးအိမ်သင် ဆိုခဲ့တဲ့

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း ကျတော့

တော်ရုံလူ နားမလည်ဘူး


အဲဒီသီချင်းကို နားထောင်မယ့်လူက

ဗင်းဆင့်ဗန်ဂိုးအကြောင်း သိဖို့လိုမယ်

အဲဒါမှ ခံစားလို့ရမှာ

အဲဒီသီချင်းကိုလည်း

ပရိသတ်တချို့က စွဲလမ်းကြပါတယ်


အထက်ပါအကြောင်းအရာတွေကို

ပြောကြားခဲ့သူကတော့

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းကို 

ရေးဖွဲ့ခဲ့သူ ဆရာဝင်းမင်းထွေး ဖြစ်ပါတယ်


၂၀၀၇ ခုနှစ်၊ ဧပြီလထုတ်

Life Style မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ

ပြောကြားသွားခဲ့ခြင်း ဖြစ်ပါကြောင်း


ကိုငှက်ရဲ့ "ဗင်းဆင့်ဗန်ဂိုးတမ်းချင်း" သီချင်းကို

စွဲစွဲမြဲမြဲ နားထောင်ဖူးပြီး

'ဗင်းဆင့်ဗန်ဂိုးဘဝဇာတ်ကြောင်း' ကို

မသိ/မဖတ်ဖူးတဲ့ ပရိသတ်အများစုထဲမှာ

ကျွန်တော်လည်း တစ်ယောက်အပါအဝင်

ဖြစ်ပါတယ်။ ဒါပေမဲ့ ခင်မင်ရသော

ဘော်ဒါတစ်ယောက်ရဲ့ ကျေးဇူးကြောင့်

'ဗင်းဆင့်ဗန်ဂိုး ဘဝဇာတ်ကြောင်း' ကို

မနေ့က ဖတ်ရှုလိုက်ရပါတယ်။

ဘာသာပြန် ရေးသားခဲ့သူကတော့

ဆရာဈာန်မင်း ဖြစ်ပြီး

ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ

ဆောင်းပါးခေါင်းစဉ်ဖြင့်

idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီဆောင်းပါးကို မဖတ်ဖူးသေးတဲ့လူများ

ဖတ်လို့ရအောင် အပြည့်အစုံ

စာပြန်စီပြီးတော့ တင်ပေးလိုက်ပါတယ်


ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ


ဒတ်ခ်ျလူမျိုး ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုးကို သည်နေ့အချိန်မှာ အကျော်ကြားဆုံး ပန်းချီဆရာကြီး တစ်ယောက်အဖြစ် အသိအမှတ် ပြုနေကြပါပြီ။ ပန်းချီပြတိုက်ကြီးများနှင့် ပန်းချီချစ်သူများက သူ့ရဲ့ ပန်းချီကားများကို ဒေါ်လာသန်းပေါင်းများစွာ ပေးပြီး မက်မက်မောမော ဝယ်ယူနေကြပါပြီ။ သူဆွဲခဲ့တဲ့ "အိုင်းရစ်ပန်းများ" ပန်းချီကားဟာ ၁၉၈၇ ခုနှစ်က ဒေါ်လာ ၅၃.၉ သန်း ရရှိပြီး နှစ်ဆယ်ရာစုအတွင်းမှာ ဈေးနှုန်းစံချိန်တင်ခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ အသက်ရှင်စဉ်အတွင်း ပန်းချီကား တစ်ချပ်ပဲ ရောင်းခဲ့ရသူပါ


ဗင်ဂိုးကို ၁၈၅၃ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ မွေးဖွားပါတယ်။ သူ့အဖေက ခရစ်ယာန်ဘာသာရေး ဝန်ထမ်းတစ်ဦးပါ။ မွေးချင်းရှစ်ယောက်မှာ သူက အကြီးဆုံး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရောက်တော့ သူ့ဦးလေးရဲ့ ပန်းချီဆိုင်မှာ အလုပ်သင် အဖြစ် စလုပ်တယ်။ နောက်တော့ ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူ ဖြစ်လာတယ်။ ဖောက်သည်တွေနဲ့တော့ အမြဲငြင်းခုန်နေတာပဲ။ "အပေါစားပန်းချီတွေပဲ ကြိုက်တဲ့သူတွေ"လို့ သူက ဖောက်သည်တွေကို ဝေဖန်တယ်။ ပန်းချီဆိုင်က လန်ဒန်နှင့် ပဲရစ်မှာလည်း ဆိုင်ခွဲတွေ ရှိတာကြောင့် သည်ဆိုင်ခွဲတွေမှာလည်း သူ သွားလုပ်တယ်။ နောက်တော့ စာအုပ်ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးဝင်လုပ်တယ်။ စာအုပ်ဝယ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ရိုင်းပြတယ်ဆိုပြီး အလုပ်ပြုတ်လာပြန်တယ်


အလုပ်အမျိုးမျိုးပြောင်းလုပ်ရင်း ဘာသာရေးဖက် စိတ်လည်လာတယ်။ သူ့အဖေကလည်း ဘာသာရေးဝန်ထမ်းဖြစ်တာကိုး။ ဘာသာရေးတက္ကသိုလ်တစ်ခုကို တက်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲဖြေတာ ရှုံးပါတယ်။ လက်တင်ဘာသာနဲ့ ဂရိဘာသာတွေကို မသင်ဘူးလို့ ငြင်းဆန်တဲ့အတွက် ရှုံးရတာပါ။ သည်နောက်မှာတော့ ဘယ်လ်ဂျီယန် တောင်ပိုင်းဒေသက ကျောက်မီးသွေးတူးတဲ့နေရာမှာ တရားဟောဆရာ အလုပ်ကို ရတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ သူ့ရဲ့ ကြောင်တောင်တောင် နေပုံထိုင်ပုံတွေကြောင့် အလုပ်ပြုတ်ရပြန်တယ်။ သူက အိပ်တော့လည်း ကောက်ရိုးအခင်းပေါ်မှာပဲ အိပ်တယ်၊ စားတော့လည်း စားကြွင်းစားကျန်တွေပဲ စားတယ်။ အဝတ်အစားကိုလည်း ဘယ်တော့မှ မလဲဘူး။ သူ့ရဲ့ အနေအထိုင် ညစ်ပတ်မှုကို ကျောက်မီးသွေးတူး အလုပ်သမားတွေကတောင် လက်ဖျားခါရတယ်။ လမ်းသွားတဲ့အခါ ဘယ်တော့မှ ဖိနပ်မပါတဲ့ သူ့နောက်ကို ကလေးတွေက လိုက်ပြီး "အရူးအရူး" လို့ အော်ဟစ်တတ်ပါတယ်။


တရားဟောဆရာအလုပ်က ပြုတ်လာတော့ ဗင်ဂိုးအသက်က ၂၇ နှစ်ထဲ ရောက်နေပါပြီ။ အကြီးအကျယ် စိတ်ပျက်အားငယ်နေရင်း ပန်းချီရေးဆွဲတဲ့ အလုပ်ထဲမှာ စိတ်သက်သာရာ ရှာတွေ့ခဲ့ပါတယ်။ သည်အချိန်ကစပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်တဲ့ ၁၈၉၀ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်းမှာ ပန်းချီကားပေါင်းရာနဲ့ချီ တရစပ် ရေးဆွဲနေခဲ့ပါတယ်


သူဆွဲခဲ့တဲ့ ပန်းချီတွေက ဈေးကွက်မဝင်ပါဘူး။ သူဟာ သူ့ညီရဲ့ ထောက်ပံ့ငွေနဲ့ပဲ ရပ်တည်နေခဲ့ရပါတယ်။ သူ့ရဲ့ အယူအဆတွေကလည်း သူ့ခေတ်နှင့် အံမဝင်ပဲ ဖြစ်နေပါတယ်။ ဘယ်လ်ဂျီယန်နိုင်ငံရဲ့ အန့်ဝပ်ပန်းချီကျောင်းက ပန်းချီနည်းပြနဲ့ ရန်ဖြစ်တာကိုကြည့်ရင် ဗင်ဂိုးရဲ့ အယူအဆကို သိနိုင်ပါတယ်။ တစ်ခါတော့ နည်းပြဆရာက ဗင်ဂိုးကို ဗီးနပ်စ် အချစ်နတ်သမီးပုံ ရေးဆွဲခိုင်းပါတယ်။ ဗင်ဂိုးက အချစ်နတ်သမီးပုံကို ရေးဆွဲရာမှာ နတ်သမီးရဲ့ တင်ပဆုံကို ထွားထွားကားကား ရေးဆွဲလိုက်ပါတယ်။ ဒါကိုမြင်တော့ နည်းပြဆရာက ဒေါသပေါက်ကွဲပြီး သူ့ပန်းချီကားကို ဓားနဲ့ခွဲဖျက်ပစ်လိုက်တယ်။ ဗင်ဂိုးကလည်း မခံဘူး။ ဆရာ့ကို ပြန်အော်တယ်။ "ငရဲအိုးထဲ ဇောက်ထိုးကျပါစေဗျာ၊ မိန်းမဆိုတာ ကိုယ်ဝန်လွယ်ဖို့အတွက် တင်ပဆုံရိုးကားရမယ်ဆိုတာ ခင်ဗျားမသိဘူးလား"တဲ့


၁၈၈၆ ခုနှစ်မှာ ပဲရစ်မြို့ကို သူ ပြောင်းလာတယ်။ ပြင်သစ်ပန်းချီလောကကို ကန့်လန့်တိုက်နေကြတဲ့ "တူးလူးလိုးထရက်"တို့၊ "ပေါဂေါ်ဂင်"တို့နဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တော့တာပဲ။ ၁၈၈၈ ခုနှစ်ကုန်ပိုင်းမှာ သူနဲ့ ဂေါ်ဂင်တို့ နှစ်ယောက်သား ပြင်သစ်ပြည် အရှေ့တောင်ပိုင်းက မြို့ကလေးတစ်မြို့မှာ အတူတူနေရင်း ပန်းချီဆွဲကြတယ်။ ပန်းချီကားတွေ အများကြီးတော့ ရေးဆွဲဖြစ်ကြပါရဲ့။ ဒါပေမယ့် စိတ်သဘောထားခြင်းတော့ ကွဲလွဲခဲ့ကြတယ်။ မတည့်အတူနေမိကြတဲ့ ပန်းချီဆရာနှစ်ယောက်ဟာ မကြာခဏ စကားများပြီး ရန်ဖြစ်ကြပါတယ်။ တစ်ခါတော့ ဂေါ်ဂင်က ဗင်ဂိုးနဲ့ တစ်စားပွဲတည်းထိုင်ပြီး အစားအသောက် မစားဘူးလို့ ငြင်းဆန်တဲ့အထိ ခါးခါးသည်းသည်း ဖြစ်ကြပါတယ်။ ဗင်ဂိုးဆီက ရောဂါကူးမှာ ကြောက်တဲ့အတွက်ကြောင့်လို့လည်း ပြောတယ်။ နောက်တစ်ကြိမ် အကြီးအကျယ် စကားများပြီးတဲ့နောက်မှာတော့ ဗင်ဂိုးဟာ သူ့ရဲ့ ဘယ်ဘက်နားရွက်ကို ဓားနဲ့ လှီးဖြတ်ပြီး ဂေါ်ဂင်နဲ့ ကြည်နေတဲ့ ပြည့်တန်ဆာမလေးဆီကို ပို့လိုက်ပါတယ်။ ပြည့်တန်ဆာမလေးတွေက သူ့ကို မကြည်ပဲ ဂေါ်ဂင်နဲ့ပဲ အလွမ်းသင့်နေတာကို မနာလိုစိတ်နဲ့ လုပ်လိုက်တာလို့ ဆိုကြပါတယ်။ နားရွက်ပြတ်ကို စာအိတ်ထဲမှာ အသေအချာထည့်ပြီး ပို့လိုက်တာပါ။ "သည်ပစ္စည်းကို ရတနာတစ်ခုလို သေသေချာချာ သိမ်းဆည်းထားပါ" လို့ ပြောရင်း စာအိတ်ကို လှမ်းပေးလိုက်တယ်။ ခရစ်စမတ်အကြိုနေ့မှာ ပေးတာဆိုတော့ ခရစ်စမတ်လက်ဆာင်လို့ပဲ ထင်မိတာပေါ့။့ပြည့်တန်ဆာမလေး ရေချယ်ဟာ ဝမ်းသာအားရနဲ့ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ သွေးရဲရဲနဲ့ နားရွက်ပြတ်တစ်ခုကို အလန့်တကြား တွေ့လိုက်ရပါတယ်။ တစ်ခါတည်း မူးလဲပြီး သတိလစ်သွားတော့တာပဲ


ယခုခေတ် ဆေးပညာအရဆိုရင် ဗင်ဂိုးဟာ Manic Depression ဆိုတဲ့ စိတ်ရောဂါတစ်မျိုး စွဲကပ်နေသူပါ။ သူဟာ စိတ်ရောဂါကု ဆေးရုံတစ်ခုမှာ တစ်နှစ်လောက် တက်ရောက်ကုသခံခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ စိတ်ဝေဒနာကို နာကြည်းခံပြင်းရင်း ပန်းချီကားရေးဆွဲမှုနဲ့ ချေဖျက်ကုစားနေတာ ဖြစ်နိုင်ပါတယ်။ ၁၈၉၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ သူ့ဗိုက်ကို သေနတ်နဲ့ ပစ်ပြီး  ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ မသေခင် သုံးလအလိုက သူပြောခဲ့တဲ့ စကားတစ်ခွန်းက "ကျိန်စာတိုက်ထားတဲ့ သည်ရောဂါဆိုးကြီးကို မခံစားရဘဲ အလုပ်လုပ်နိုင်ခဲ့မယ်ဆိုရင် ငါ ဘာတွေလုပ်နိုင်ခဲ့မှာပါလိမ့်"တဲ့။ ဒါပေမယ့် ဒဏ်ဏ္ဍာရီပုံပြင်တစ်ပုဒ်မှာ ကျိန်စာတိုက်ခံရတဲ့ ကလေးရဲ့ မျက်ရည်များဟာ ပုလဲလုံးများအဖြစ် ပြောင်းလဲသွားခဲ့သလိုပဲ သူ့ရဲ့ အပယ်ခံပန်းချီကားများဟာလည်း အနုပညာရတနာများအဖြစ် ပြောင်းလဲသွားတာကိုတော့ ဗင်ဂိုးတစ်ယောက် မသိနိုင်ခဲ့ရှာဘူး


အချစ်ရေးဘဝ


တကယ်လို့သာ ဗင်ဂိုးဟာ အချစ်ရေးမှာ အောင်မြင်မှုရခဲ့မယ်ဆိုရင် အသက် ၃၇ နှစ်လို ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ့်ကိုကိုယ် သတ်သေတာမျိုးကို လုပ်ခဲ့မှာမဟုတ်ဘဲ သည့်ထက် အသက်ရှည်ရှည်နေသွားမှာ သေချာပါတယ်။ ဒါပေမယ့် ပန်းချီစုတ်တံကိုတော့ ကိုင်ကောင်းမှကိုင်ခဲ့ပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံး တည်တံ့ခိုင်မာတဲ့ အမျိုးသမီးအဖော်မွန်တစ်ယောက်ကို မရနိုင်ခဲ့တဲ့အဖြစ်ဟာ သူ့ရဲ့ စိတ်ဓာတ်ကို ပြိုကွဲစေခဲ့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့အဖြစ်ဆိုးမှာ နိဂုံးချုပ်စေခဲ့ပါတယ်


ဗင်ဂိုး ပထမဆုံးချစ်မိသူက အာဆူလာလွိုင်ယာ ဆိုတဲ့ မိန်းမပျိုလေး ဖြစ်ပါတယ်။ လန်ဒန်က ပန်းချီဆိုင်ခွဲမှာ အလုပ်လုပ်နေစဉ် သူငှားနေတဲ့ အိမ်ရှင်ရဲ့ သမီးလေးပါ။ အသက်နှစ်ဆယ့်တစ်နှစ်အရွယ်ရှိတဲ့ ဗင်ဂိုးဟာ မိန်းကလေးရဲ့ အခြေအနေကို ဘာမှမစုံစမ်းဘဲ တန်းတန်းစွဲ ဖြစ်နေပါတယ်။ တကယ်တော့ မိန်းကလေးက စေ့စပ်ကြောင်းလမ်းပြီးနေပါပြီ။ လပေါင်းများစွာကြာတဲ့တစ်နေ့တော့ ဗင်ဂိုးဟာ သူ့ရဲ့ အချစ်ကို ဆက်မအောင့်အည်းနိုင်တော့ဘဲ မိန်းမပျိုထံသွားပြီး ကောက်ခါငင်ခါ ချစ်ရေးဆိုပါတော့တယ်။ မိန်းမပျိုကတော့ သူ့ကိုကြည့်ပြီး ကြောက်ရွံ့  ရွံရှာစိတ်တွေဖြစ်လို့ပေါ့။ အချစ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဗင်ဂိုးလည်း စိတ်ကျဝေဒနာကို အလူးအလဲခံစားရပါတော့တယ်


ဒုတိယမြောက် ချစ်ရသူကတော့ သူ့ညီမဝမ်းကွဲ စထရစ်ကာဗော့စ် ဖြစ်ပါတယ်။ စထရစ်ကာဗော့စ်ဟာ ယောက်ျားဖြစ်သူ သေဆုံးသွားပြီးနောက် မကြာခင်မှာ ဗင်ဂိုးတို့အိမ်ကို အလည်လာပါတယ်။ ဗင်ဂိုးဟာ မုဆိုးမအသစ်စက်စက်လေးအပေါ် အကြင်နာစိတ်တွေ ယိုဖိတ်ပြီး တိတ်တခိုးချစ်မိပြန်ပါတယ်။ ဒါပေမယ့် ကြာကြာမအောင့်နိုင်ပါဘူး။ ပထမတိုက်ပွဲမှာတုန်းကလိုပဲ လျှပ်တစ်ပြက်စစ်ဆင်ရေးနဲ့ စထရစ်ကာဗော့စ်ရဲ့ နှလုံးသားကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ သူ့အကိုဝမ်းကွဲရဲ့ လက်ထပ်ခွင့်တောင်းတဲ့စကားကို ကြားရတဲ့အခါ စထရစ်ကာဗော့စ်က "မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး" လို့ ချက်ချင်းပြန်ဖြေလိုက်တယ်။ ဗင်ဂိုးတို့အိမ်မှာလည်း ကြာကြာဆက်မနေတော့ဘဲ သူ့မိဘများရှိရာ အမ်စတာဒမ်မြို့ကို အမြန်ပြန်သွားပါတော့တယ်


သည်တစ်ခါတော့ ဗင်ဂိုးဟာ ပထမအကြိမ် အငြင်းပယ်ခံရတုန်းကလို အလွယ်တကူနဲ့ လက်မြှောက်အရှုံးမပေးပါဘူး။ ငွေချေးပြီး အမ်စတာဒမ်ကို လိုက်သွားပါတယ်။ စထရစ်ကာဗော့စ်ရဲ့ အိမ်ကိုရောက်တော့ ညစာစားနေတဲ့အချိန်ပါ။ သူဟာ အိမ်ထဲကို ဝင်ပြီး ညစာစားနေတဲ့နေရာကို ဂမူးရှုးထိုး ရောက်လာပါတယ်။ ဗင်ဂိုးမှန်းသိတာနဲ့ စထရစ်ကာဗော့စ်ဟာ သူ့အခန်းထဲ ဝင်ပြေးတော့တာပဲ။ ဗင်ဂိုးခမျာ စကားတစ်ခွန်းမှ မပြောလိုက်နိုင်ဘူး


စထရစ်ကာဗော့စ်ရဲ့ မိဘများကတော့ ဗင်ဂိုးအပေါ်မှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဗင်ဂိုးက သူ့ရဲ့ ချစ်ညီမကို တွေ့ရမှ ပြန်မယ်လို့ပြောပြီး ငုတ်တုတ်ထိုင်စောင့်နေပါတယ်။ စထရစ်ကာဗော့စ် ထွက်နှုတ်ဆက်မှ ပြန်သွားပါတယ်။ ဒုတိယအကြိမ် လာလည်တော့လည်း သည်အတိုင်းပဲ။ တတိယအကြိမ် လာလည်တဲ့အခါမှာ စထရစ်ကာဗော့စ်ကို မတွေ့မချင်း ဖန်မီးအိမ်ရဲ့ မီးတောက်ထဲမှာ သူ့လက်ကို ထည့်ထားမယ်ဆိုပြီး တကယ်လည်း ထည့်ထားခဲ့ပါတယ်။ သူ့ရဲ့ တောင်းဆိုချက်ဟာ အဓိပ္ပာယ် မရှိဘူးလို့ ဦးလေးနဲ့ အဒေါ်က ပြောယူရပါတော့တယ်


သည်တစ်ကြိမ် ရှုံးပြီးတဲ့နောက်မှာ ဗင်ဂိုးဟာ သူ့ကိုယ်သူ ဘယ်လိုမှ ထိန်းလို့မရတော့ပါဘူး။ ထွက်ပေါက်မရတဲ့ သူ့အချစ်စိတ်တွေဟာ သူ့တစ်ကိုယ်လုံးကို ထိုးဆွနှိပ်စက်နေပါတယ်။ "မိန်းမတစ်ယောက်တော့ မရှိလို့မဖြစ်တော့ဘူး။ ငါ့အနားမှာ မိန်းမတစ်ယောက်မရှိရင် ငါ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းပြီး ကျောက်တုံးတစ်တုံး ဖြစ်သွားလိမ့်မယ်" လို့ သူညည်းတွားဖူးပါတယ်


ဗင်ဂိုးဟာ စိတ်လေလေနဲ့ လမ်းတကာလျှောက်သွားရင်း ပြည့်တန်ဆာမတွေနဲ့ တွေ့ကြုံသိကျွမ်းပါတယ်။ ပြည့်တန်ဆာမတွေကိုလည်း သဘောကျသွားပါတယ်။ သူနဲ့ဘဝတူ အပယ်ခံတွေ မဟုတ်လား။ ဘယ်တော့မှ မငြင်းဆန်သူတွေ မဟုတ်လား။ ဗင်ဂိုးအဖို့ ပြည့်တန်ဆာမတွေဟာ ချစ်ညီမတွေ ဖြစ်နေပါတယ်။ ချစ်မိတ်ဆွေတွေလည်း ဖြစ်နေပါတယ်။ ဗင်ဂိုးဟာ ပြည့်တန်ဆာလောကမှာ ပျော်မွေ့နေခဲ့ပါတယ်


ဗင်ဂိုးဟာ အသက်အရွယ်ကြီးရင့်တဲ့ ပြည့်တန်ဆာမျိုးကို ပိုပြီး သဘောကျတတ်ပါတယ်။ သည်လိုနဲ့ပဲ ကိုယ်ဝန်ရှိနေတဲ့ ပြည့်တန်ဆာမတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားတယ်။ သူ့နာမည်က မာရီယာတဲ့။ မာရီယာဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးနဲ့အတူ ဗင်ဂိုးဆီမှာ လာနေပါတယ်။ မကြာခင်ပဲ သားတစ်ယောက်ကို မွေးဖွားလိုက်တယ်


ဗင်ဂိုးရဲ့ မိသားစုဟာ သည်သတင်းကို ကြားရတော့ တော်တော် ရှက်ကြပါတယ်။ ပိုဆိုးတာက ဗင်ဂိုးဟာ မာရီယာနဲ့အတူ တစ်နှစ်ကျော် ပေါင်းသင်းနေထိုင်ပြီး လက်ထပ်ဖို့အထိ စဉ်းစားနေတဲ့အချက်ပါပဲ။ မာရီယာဟာ ဗင်ဂိုးရဲ့ အချစ်စိတ်ကို ဖြည့်ဆည်းပေးရုံမက ပန်းချီဆွဲရာမှာလည်း စံပြမယ်အဖြစ် ထိုင်ပေးပါတယ်။ ဗင်ဂိုးဟာ မာရီယာရဲ့ ကျေးဇူးကြောင့် လုံးတီးပုံတချို့ ရေးဆွဲနိုင်ခဲ့တဲ့အပြင် ဂနိုးရီးယားကာလသားရောဂါကိုပါ ရရှိပြီး ဆေးရုံမှာ သုံးပတ်ကြာအောင် ကုသခံခဲ့ရပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ မာရီယာကို စိတ်မကွက်ပါဘူး။ သူ့သားလေး ဝီလျမ်ကို မွေးပေးရတဲ့ ဆင်းရဲက သူ့ဆင်းရဲထက် ပိုကြီးတယ်ဆိုပြီး ခွင့်လွှတ်ခဲ့ပါတယ်။


ဗင်ဂိုးရဲ့ ခွင့်လွှတ်စိတ်ဟာ တာရှည်တော့ မခံခဲ့ပါဘူး။ မာရီယာရဲ့ အကျင့်ဆိုးတွေက သူ့ကို ကောင်းကောင်းနှိပ်စက်ပါတယ်။ မာရီယာဟာ စည်းမရှိကမ်းမရှိ ဖြစ်ကတတ်ဆန်း နေထိုင်တယ်။ အပြောအဆို သိမ်မွေ့မှုမရှိဘဲ အပေါက်ဆိုးတယ်။ အမြဲတမ်း အရက်မူးနေတတ်တယ်။ နောက်ဆုံးတော့ မာရီယာဟာ လမ်းပေါ်ပြန်ရောက်သွားပါတယ်။ သားသမီးတွေလည်း သူ့နဲ့ပါသွားတယ်။ အိမ်ထောင်ပျက်တစ်ယောက်လို ဖြစ်သွားတဲ့ ဗင်ဂိုးဟာ နယ်သာလန်ရဲ့ မြို့တော်ကို ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်


၁၈၈၄ ခုနှစ်မှာ ထူးခြားတဲ့ ချစ်ကိစ္စတစ်ခုကို ဗင်ဂိုး တွေ့ကြုံရပါတယ်။ သည်တစ်ကြိမ်မှာတော့ ဗင်ဂိုးက လိုက်သူမဟုတ်ဘဲ အမျိုးသမီးက လိုက်သူဖြစ်နေတယ်။ သူ့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာဂေါ့ဘီဂီမန်ဆိုသူပါ။ မာဂေါ့ဘီဂီမန်ဟာ ရိုးရိုးအအ ဝတ်စားတတ်တဲ့ အသက် ၄၁ နှစ်အရွယ် အပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။ သူ့ထက် ဆယ်နှစ်ငယ်တဲ့ ဗင်ဂိုးကို သူ့ဘဝရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ယူဆပြီး ချည်းကပ်ပုံရပါတယ်။ ဗင်ဂိုးက မာဂေါ့ဘီဂီမန်ကို "မကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကြောင့် ပုံပျက်ပန်းပျက်ဖြစ်သွားရတဲ့ ကရီမိုနာ တယောတစ်လက်"လို့ ခိုင်းနှိုင်းပြောဆိုပါတယ်။ ကရီမိုနာတယောဟာ အီတလီနိုင်ငံ ကရီမိုနာမြို့က ထုတ်လုပ်တဲ့ တယောဖြစ်ပြီး လှလည်းလှပ၊ အသံလည်း အလွန်သာယာတဲ့ ကမ်ဘာကျော်တယော ဖြစ်ပါတယ်


ဗင်ဂိုးဟာ အပျိုကြီးမမကို လက်ထပ်ဖို့ သဘောတူခေါင်းညိတ်လိုက်ပါတယ်။ သနားလို့ပဲ သတောတူခဲ့တာလား။ တကယ် ချစ်ခင်စုံမက်လို့ပဲ သဘောတူခဲ့တာလား။ ဂရုဏာစိတ်နဲ့ မေတ္တာစိတ်တို့ ဖက်စပ်ပေါင်းစည်းပြီး ဗင်ဂိုးရဲ့ ခေါင်းကို ညိတ်စေခဲ့တာလား။ ဘာကြောင့်ဆိုတာကိုတော့ ဗင်ဂိုးကိုယ်တိုင်ပင် သိမှာမဟုတ်ဘူး။ ဒါပေမယ့် မာဂေါ့ရဲ့ မိဘများက သဘောမတူပါဘူး။ မာဂေါ့ဟာ မိဘနှစ်ပါးရဲ့ သဘောတူညီချက်ကို မရတဲ့အခါ ရှင်ကွဲကွဲတာထက် သေကွဲကွဲတာက ပိုကောင်းမယ်ထင်ပြီး အဆိပ်သောက်ပါတော့တယ်။ ဒါကို ဗင်ဂိုးက သိလို့ အချိန်မီ အန်ထုတ်အောင် လုပ်နိုင်ခဲ့တယ်။ မာဂေါ့အသက်ဆက်ရှင်ပေမယ့် သူတို့နှစ်ယောက် လက်မထပ်ဖြစ်ခဲ့ပါဘူး


နောက်ပိုင်းမှာတော့ ဗင်ဂိုးဟာ တူးလူးလိုးထရက်တို့လို မိတ်ဆွေပန်းချီဆရာတွေနဲ့အတူ ပဲရစ်က ပြည့်တန်ဆာအိမ်များကို သွားရောက်ပျော်ပါးနေခဲ့ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်နဲ့ ဖြစ်လိုက်ပါသေးတယ်။ ပြည့်တန်ဆာများနဲ့ ပျော်ပါးတဲ့ အကျိုးရလဒ်အဖြစ် ကာလသားရောဂါဟာ သူ့ဆီမှာ ပူးတုံ ခွာတုံဖြစ်နေခဲ့ပါတယ်။ သူ့ကိုယ်သူ သတ်သေတဲ့ကိစ္စမှာ ဘဝတစ်လျှောက်လုံး သူခံစားနေရတဲ့ စိတ်ရောဂါအပြင် သည်လိုကာလသားရောဂါနဲ့ ဖိစီးနှိပ်စက်တဲ့ ဒဏ်တွေလည်း ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ နာမည်ကျော် "ကြယ်တွေစုံတဲ့ည" ပန်းချီကားထဲမှာ အံ့ချီးဖွယ်ရာအရောင်တွေနဲ့ ပြိုးပြိုးပြက်ပြက်နေပေမယ့် ချစ်ခြင်းမေတ္တာရဲ့ အရောင်တော့ စုတ်ချက်တစ်ချက်စာပင် မပါဝင်ဘူးလို့ ဝေဖန်မယ်ဆိုရင် အချစ်ငတ်သမားကြီး ဗင်းဆင့်ဗင်ဂိုးအတွက် ရက်စက်ရာကျ ကောင်းကျလိမ့်မလား


ဗင်ဂိုး၏ နီတိစကား


ပန်းချီဆွဲခြင်းနှင့် လိင်ဆက်ဆံခြင်းတို့သည်

သဟဇာတမဖြစ်ပါ။ လိင်ဆက်ဆံခြင်းကြောင့်

ဦးနှောက်ခွန်အားကို ဆုတ်ယုတ်စေပါ၏

ပန်းချီရေးဆွဲသည့် အလုပ်ကို

စွမ်းအားထက်မြက်စွာ လုပ်လိုပါက

လိင်ဆက်ဆံမှုကို လျှော့သင့်ရှောင်သင့်ပါ၏


                           

     ဈာန်မင်း

             (စာညွှန်း - The Intimate Sex

                 Lives of Famous People)

Credit

မိုးနေရဲ့ကြာကန်ကောင်းကင်ထဲ စီးမြောခြင်း...။


…………........
ပြင်သစ်ပန်းချီဆရာမိုးနေး(၁၈၄၀-၁၉၂၆) အကြောင်း…ကျနော်စာတစ်အုပ်ရေးဖူးတယ်…ရုပ်ပုံအက်ဆေးနဲ့ခေတ်ကာလတွေယှဉ်ပြပုံမျိုးပါ။ မိုးနေးကို သူ့ပန်းချီကားတွေမြင်ဖူးယုံ
ကာလကထဲကကြိုက်ခဲ့သလို..သူ့အကြောင်းသေချာသိရတော့လဲလေးစားနှစ်သက်တာပါပဲ။ အခု ပန်းချီကားတစ်ကားကို ပညာရပ်ပိုင်းရောခံစားသုံးသပ်မှုပိုင်းပါ ဘယ်လိုလေ့လာမလဲဆိုတာ ပြောပြလိုက်ပါတယ်။ အခု ..နယူးယော့ခ်က မိုမာမှာပြထားတဲ့ ကလောဒ် မိုနေးအခန်းထဲက ကြာကန်နံရံအပြည့် ပန်းချီကားကြီးရှေ့ ရောက်ခဲ့ပြီ။ ဆေးချက်စုတ်ချက်အရောင်ခတ်ထားတဲ့ တဖျပ်ဖျပ်အလင်းစက်တွေထဲ တပ်အပ်မြင်ရပြီ။ ပန်းချီဆရာရဲ့စိတ်အာရုံမှာဖျက်ခနဲမြင်ရပုံမျိုး (သို့မဟုတ်) သဘာဝအမြင်ထက် ပန်းချီဆရာကပိုပြီးချယ်မှုန်းလို့ လေဟာပြင်ထဲကမြုမှုန် အလင်းစက် ရောင်ပြန်တွေရောယှက်နေတဲ့ စိတ်သိသဘာဝသဘောတရားကို ရေးပြခဲ့တဲ့ ပန်းချီမြင်နိဗာန်ဟန်တစ်ခု လို့သာဆိုချင်တာပါပဲ။
ဒီ အခန်းအပြည့်လောက်နီးပါး နံရံပန်းချီကားချပ်ကြီးဟာ မိုနေးရဲ့ဘဝနောက်ဆုံးဆယ်စုနှစ် ပိုင်းကာလတွေမှာရေးခဲ့တဲ့လက်ရာတွေထဲကတစ်ခုပါ။ Grand Decoration လို့ သူသုံးနှုန်းတဲ့ ခန်းနားတဲ့တန်ဆာဆင်ဟန်ဆီကို သူ့အနုပညာနှစ်မြဲပ်လိုက်ဖို့ဆုံးဖြတ်ပြီးချိန်ပေါ့။ ဘဲဥပုံခန်းမရှည်တွေထဲ ၇ပေနီးပါးမြင့်ပြီး ၁၄ ပေလောက်ရှည်တဲ့ နံရံပြည့်ကင်းဗတ်ဘောင်တွေ ကိုတစ်ဆက်ထဲ ရေးခဲ့တာဖြစ်ပါတယ်။ ဘာလိုအကွေးပုံရေးသလဲဆိုတော့…သူ့ရေကန်ထဲက မြင်ကွင်းကိုရေးတာမှာ ရေကန်ဟာသဘာဝအတိုင်းအဝိုင်းပုံဖြစ်ပီး ပန်းချီပြခန်းကိုလည်း ထောင့်ချိုးတွေမရှိပဲ ရေကန်အတိုင်းဖြစ်ဖို့လို့ဆိုတယ်။ နောက်ပီး…ရေကန်မြင်ကွင်းမှာ မြင်နေကျမိုးကုတ်စက်ဝိုင်းထိမယူပဲ ရေပြင်အပြည့်ယူပြီး…ကောင်းကင်ရောင်ပြန်အရိပ်တွေ ကိုရေတာဟာ…ကောင်းကင်မှာအနားသတ်ထောင့်တွေမရှိတာကြောင့်လို့ ဆိုတယ်။သဘာဝကိုတုပတဲ့နေရာမှာ အရုပ်အမြင်တူအောင်ထက် အခြေနေနဲ့လက်တွေ့ ဖြစ်ရှိတည်နေတဲ့ သဘောသဘာဝကိုပါ အရယူပြထားတာ လေ့လာဖွယ် နမူနာကောင်းပါ။
သဘာဝကိုတုပတဲ့ အင်ပရက်ရှင်ပန်းချီဟန်ခေတ်မှာ…သဘာဝကိုဘယ်လိုထပ်ဖန်တီးနိုင်ဦး မလဲဆိုတာ ရှာဖွေခဲ့ခြင်းမျိုးဖြစ်ပြီး…ပုံမှန်ထောက်တိုင်ပေါ်မှာမြင်နေကျကားချပ်အဖြစ်ကနေ သင်ကိုယ်တိုင်ပိုမိုကြီးကျယ်သွားတဲ့….ကန်ရေပြင်ရှေ့ အဆုံးမဲ့မိုးကောင်ကင် ထဲရောက်အောင်ခေါ်ပြခဲ့တာဖြစ်ပါတယ်။ (ကျနော်တို့က အရင်က ပန်းချီလက်ရာအပေါ်မှာသာ ရေးချက်ကဘယ်လိုအရောင်ကဘယ်လိုစသဖြင့်ကြည့်မိကြတာ..ဒီသဘောကိုအခုပြတိုက်ကရှင်းလင်းချက်မှာမှ သိမြင်ရတော့တယ်။ ဒါဟာ သာမာန်ပန်းချီလောကလုပ်ရိုးအစဉ်လာ ပုံကားချပ်ဖန်တီးမှု အလုပ်ပုံစံကို တွန်းလှန်ကျော်ဖြတ်ပြသွားတာပါပဲ)။ (သိပ်စောတဲ့ခေတ်ပြိုင်အတွေးတစ်ခုပါ)။
၁၉၁၄-၂၆ အတွင်းရေးခဲ့တဲ့ဒီလက်ရာတွေဟာ..ဆီးဆေးပန်းချီတွေပါ။ ပန်နယ်(ဘောင်)၃ချပ်ရှိပြီး…တခုကို ၆ပေမြင့် ၁၄ပေရှည်တယ်။ တစ်ခုစီခွဲကြည့်လို့မရ၊ ပေါင်းစပ်ကြည့်မှရမယ်။ ရေပြင်အပြည့်ရေးထားတာဖြစ်ပြီး…မြင်ကွင်းကိုကန့်သတ်တဲ့ ဘယ်လိုလိုင်းမျိုး အကာရံမျိုးမှမထည့်ထားဘူး၊ ရေပြင်မှာ အပေါ်က သစ်ပင် တိမ် နေရာင် တွေအပြင်  ရေပြင်က မှော်ပင်ကြာပင် ပန်းတွေ ဒေါင်းမြှီးစိမ်း..တွေဟာ ကင်းဗတ်မှာကြည့်ရင် ရှုပ်ထွေးနေတဲ့ ရောင်စုံစုတ်ချက်တွေထောင်သောင်းချီရောယှက်နေတာပါပဲ။ မိုးနေးရဲ့ ဘဝအနှစ်သာရပျော်ရွှင်မှုတွေကို ဆင်ယင်ထားတာပါပဲ။ ရလဒ်ကတော့ ပန်းချီထဲမှာတရားရှာရင်း…သူ့ရဲ့ကန်ရေပြင်ဥယျဉ်ကြီးကို ထင်ဟပ်မှတ်မိပုံပါ။
မျက်စီအမြင်ချို့ယွင်းနေတဲ့ အဖိုးအိုတယောက်ဒီလက်ရာကြီးတွေကိုဖန်တီးခဲ့ တာဆိုတဲ့စိတ်နဲ့ကြည့်တော့…စိတ်ထဲနွေးသလိုအေးသလိုဟာသွားမိမှာပဲ။ သူကခပ်ဝါးဝါးမြင်ရတဲ့မျက်လုံးနဲ့ရေးခဲ့တာဟာ…မျက်စိကောင်းတဲ့နောက်လူတွေအဖို့ ဘဝသစ်ထဲရောက်စေခဲ့တာပါပဲ။ ဒါ့အပြင်.. ၁၉၅၀ အစောပိုင်းတွေမှာ အိတ်စပရက်ရှင်နစ်ဇင်ကို အနဲငယ်သာစိတ်ဝင်စားရာကနေဒီကြာကန်တွေပေါ်လာပြီးနောက်မှာ သိသိသာသာ စိတ်ဝင်စားမှုတိုးလာကြတာတယ်…ဒါကြောင့် ဖော်ထုတ်မှုဝါဒပန်းချီရှေးပြေးတွေထဲမှာ မိုးနေးရဲ့ကြာကန်ဟာ ထင်ရှားတဲ့တခုဖြစ်ခဲ့တယ်။ အခုတွေ့ရတဲ့ ကြာကန်တွေဟာ…သူကွယ်လွန်ပြီးနှစ် ၂၀ ကျော်ထိ ဂီဗာနီက သူ့စတူဒီယိုထဲမှာ သိမ်းထားခဲ့တဲ့လက်ရာတွေဖြစ်ပြီး..၁၉ ၅၅ ခုနှစ်မှ မိုမာကဝယ်ယူစုဆောင်းခဲ့လို့ ထင်ရှားလာတာဖြစ်ပါတယ်။ ၁၉၅၆ မှာ ပြတိုက်မီးလန့်ခဲ့ပေမယ့် လက်ရာတွေတခုမှမပျက်စီးပဲကျန်ခဲ့တာကံကောင်းတယ်တဲ့။
(အခုပြောခဲ့တာတွေက ပြတိုက်ပညာရှင်တွေရှင်းလင်းတင်ပြချက်ပါ)..။
(((ကျနော့်ထင်မြင်ယူဆချက်အနေနဲ့…ဒါဟာ…၁၉၅၀ မှာပန်းချီခေတ်ကို တနည်းနည်းနဲ့ရှေ့သို့တွန်းပိုးခဲ့တဲ့လက်ရာထဲကတစ်ခုပေါ့…။ အခုခေတ်မှာရောင်စုံဓာတ် ပုံတွေဗီဒီယိုတွေခေတ်မှာ ဓာတ်ပုံကတဆင့်ပြန်မြင်ရတာတွေနဲ့ယှဉ်တုရေးမိရင်း…အခုသူရှေးရှုခဲ့တဲ့မူရင်းသဘောတွေကင်းပပြီး…ရေးချက်လုပ်ပုံ လက်စွမ်းပသာဒထဲပြန်ရောက်ဖို့ လေ့လာတာမျိုးထက်…သူရှာဖွေခဲ့တဲ့ ပိုမိုအနှစ်သာရသဘောဆီလေ့လာမှုရောက်စေချင်ပါတယ်။ သူ့ကြောင့် ဖော်ထုတ်ရေးဟန်တွေ ဒြပ်မဲ့တွေဆီလှမ်းနိုင်ခဲ့လို့….ဆိုတာမမေ့ထားပဲ…ဒီကနေ့ရောက်ရှိနေတဲ့အနုပညာခေတ်ကိုလည်းအမှန်မြင်နိုင်စေချင်ပါတယ်။)))
ကလေးတွေအတွက်..ပြတိုက်ကရှင်းလင်းချက်ကလေးရော..နားထောင်ဦးမလား။သဘောကျစရာပါ…နဲနဲပြောပြမယ်.......။
ကလေးတို့…နားထောင်ပါ…ပန်းချီထဲကပန်းတွေသွားမထိနဲ့…ရေထဲကိုခုန်မဆင်းရဘူးနော်… မွန်ဇီယာ မိုးနေးက မင်းတို့ သူ့ပန်းခြံထဲရောက်နေတာသိချင်သိနေမှာ။ အခု သူ့ရဲ့နာမည်ကျော်ရေကန်ကြီးရှေ့မင်းတို့ရောက်နေတယ်….ကြာပန်းတွေရေမှာပွင့်တာ သိတယ်နော်..။ ရေပြင်ကကြည်လင်နေတော့ ကောင်းကင်ကြီးက ပန်းတွေနဲ့ရောပြီး..မြင်ရတာပေါ့။
မနက်ခင်းဆို ဒီဦးလေးကြီးက သူ့ရေကန်ထဲလှေလှော်ပြီး..ရေမှော်တွေလိုက်ဆယ်…ပန်းတွေလိုက်ကြည့်တာတဲ့။ ပန်းချီကားကို နောက်ဆုတ်ကြည့်….ကလေးတို့ ရေကို ဘယ်လိုပန်းချီရေးမလဲ သိပ်ခက်တာနော်…ရေကမှန်လိုပဲကြည်နေတော့ ဘာမှရေးဖို့မလိုတော့ဘူး။ ဒါပေမယ့် သူ့မှာအရိပ်ထင်တဲ့ ကောင်းကင်တိမ်တွေကိုရေးနိုင်တာပေါ့။ အခု ပန်းချီကားထဲမှာ ပန်းနုရောင်တိမ်တွေမြင်တယ်မို့လား…ရေပြင်ကအရိပ်တွေက နေရောင်ကြောင့်သဘာ၀ ကိုပြောင်းလဲပေးတယ်…ရေပြင်ပေါ်ကလေပြေညှင်းတွေကြောင့်ရော…ဖားလေးတွေခုန်ကူးလို့ရော ..ပြောင်းနိုင်တာပေါ့။ ငှက်ကလေးတွေရေပေါ်နားရင်လဲပြောင်းနိုင်တယ်…ရေပြင်စိမ့်ရင့်ကြီးကျတော့ အပေါ်ကအပင်တွေကြောင့်ရင့်သွားတာပေါ့။ ပန်းချီကားနားကိုသေချာပြန်ကပ်ကြည့်လိုက်ဦး…သူ့ရဲ့..အလွန်များပြားတဲ့ စုတ်တံရေးချက်လေးတွေတွေ့ရလိမ့်မယ်။……..
အောင်မြတ်ဌေး
၁၇ ၉  ၁၄

ဗင်းဆင့်ရှာပုံတော် - မောင်ထွန်းသူ


ဆရာ့ အမှာစာမှာ ပါတဲ့ အတိုင်းပြောရရင် ဒီစာအုပ်ဟာ ဗင်းဆင့်ဗင်းဂိုး၏ ဘဝကို ရေးဖွဲ့ထားသည့် 'ရမ္မက်မီး' နဲ့မတူပါ။
ထိုစာအုပ်က ဗင်းဆင့်၏ ဘဝတစ်ခုလုံးကို မွေးသည်မှ သေသည်အထိ အသေးစိတ်ခြယ်မှုန်းထားသည့် အထ္ထုပ္ပတ္တိ ဝတ္ထုကြီး ဖြစ်ပါတယ်။
ဗင်းဆင့်ရှာပုံတော် ဟာ ဗင်းဆင့် ဗင်းဂိုး၏ ဘဝကို တစ်စွန်းတစ်စပြကာ သူ့လက်ရာ ပန်းချီများ၏ အနှစ်သာရများကို လေ့လာရှာဖွေကြည့်ခြင်း စသည်များကို ပြုလုပ်ထားသည့် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ငါးခန်းပါ ရှိပါတယ်။
၁။ သူ့ဘဝ
၂။ သူ့အချိန်သူ့ကာလ
၃။ ကျွန်မသိသော ဗင်းဆင့်ဗင်းဂိုး ( မဒပ်ဂျေ၊ ဗင်းဂိုးဘွန်ဂျာ)
၄။ ဗင်းဆင့်ရှာပုံတော်
၅။ သူ့စိတ်၏ ပုံရိပ်
တို့ဖြစ်ပါတယ်။
နောက်ပြီး သူ့ပန်းချီပုံများနဲ့ ထိုပန်းချီများရဲ့ ရှင်းလင်းချက်ပါပဲ။
ကိုယ် အကြိုက်ဆုံးကတော့ Paper quality ကောင်းကောင်းနဲ့ ပန်းချီတွေကို colour paper တွေနဲ့ စာအုပ်ထုတ်ထားပါပဲ။
၁။ သူ့ဘဝ
ဗင်းဆင့်ရဲ့ Biography အကျဉ်း ဖြစ်ပါတယ်။
၂။ သူ့အချိန်သူ့ကာလ
ဗင်းဆင့် အသက်ရှင်နေတုန်း သူ့ပန်းချီကားကို တန်ဖိုးထားသူနည်းပါးပါတယ်။
Symbolism ကို အလေးအနက်ပြုသည့် ကာလ။
ထိုစဉ်အခါက ခေတ်မီ ပန်းချီဆရာများဖြစ်ကြသော အင်ပရက်ရှင်းနစ်များ အုပ်စုနှစ်စုကွဲလျက်ရှိ။
ဗန်းဂိုးက ဆွေးနွေးငြင်းခုံခြင်းပြုသော်လည်း နောက်လိုက်အဖြစ်ကိုမူ မရောက်။
အဖွဲ့နှစ်ဖွဲ့၏ ယူဆမှုများကို လုံးဝစွန့်ပယ်ခြင်းမပြု။
သူ့အတွက် အသုံးဝင်မည့် နည်းနာဟူသမျှကို ရယူ။
၃။ ကျွန်မသိသော ဗင်းဆင့်ဗင်းဂိုး ( မဒပ်ဂျေ၊ ဗင်းဂိုးဘွန်ဂျာ)
ယခု အခန်းကတော့ ဗင်းဆင့်၏ညီ သီအိုရဲ့ ဇနီး မဒပ်ဂျေ၊ ဗင်းဂိုးဘွန်ဂျာ ရေးထားသော ဆောင်းပါး ဖြစ်ပါတယ်။
သီအိုနဲ့ ဗင်းဆင့်တို့ စာအပြန်အလှန် အဆက်အသွယ်လုပ်သမျှကို ထိန်းသိမ်းခဲ့သူလည်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဗင်းဆင့်အကြောင်း အသေးစိတ်အချို့ ကို လေ့လာတွေ့ရှိနိုင်ပါတယ်။
" ဇူလိုင်လ ၂၉ ရက်နေ့နံနက် စောစောတွင် ဗင်းဆင့်သည် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ သီအိုက ကျွန်မထံစာရေးခဲ့ရာ ထိုစာတွင် ' သူ့ရဲ့ နောက်ဆုံးစကားက အခု အစ်ကို သေချင်တယ်တဲ့။ သူ့ဆန္ဒဟာ ပြည့်သွားခဲ့ပါတယ်။ သူဟာ ကမ္ဘာမြေကြီးပေါ်မှာ ရှာလို့ မရနိုင်တဲ့ နားနေမှုကို တွေ့သွားခဲ့ပါတယ်။ ' "
စာမျက်နှာ ၁၁၈
" နဂိုကမှ ချည့်နဲ့ လွန်းလှသော သီအို့ကျန်းမာရေးသည် ပျက်စီးချို့ယွင်းသွားခဲ့သည်။ ဗင်းဆင့်ဆုံးပြီး ခြောက်လအကြာ ၁၈၉၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် သီအိုသည် သူ့အစ်ကို နောက်သို့ လိုက်သွားခဲ့သည်။
သူတို့ ညီအစ်ကိုသည် သြဗားစ်ဂျုံခင်းများကြားရှိ သုသာန်လေးတစ်ခုအတွင်း၌ ဘေးချင်းယှဉ်၍ အနားယူ အိပ်စက်ကြလေသည်။"
စာမျက်နှာ ၁၁၉
၄။ ဗင်းဆင့်ရှာပုံတော်
ဒီအခန်းကတော့ Joel L. Swerdwlow လေ့လာထားတာကို မြန်မာပြန်ရေးသားထားတာပါ။
Joel L. Swerdwlow ဟာ ဗင်းဂိုးနဲ့ သူ့ပန်းချီတွေကို အထူးစိတ်ဝင်စားသူ တစ်ယောက်။
သူဟာ ဗင်းဆင့်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။
ဗင်းဆင့် ဘဝ စလယ်ဆုံးနေခဲ့တဲ့ နေရာတွေ အကုန်လုံးကို သွားရောက်ခဲ့တယ်။
ဘိုးရင်းနိတ်ချ်
ဟေ့ဂ်မြို့
နူနင်
ပါရီ
အားလ်စ်
စိန့်ရီမီရှိ စိန့်ပေါလ်ဒီမော်ဆိုလီ စိတ်ရောဂါကုဆေးရုံ
ပါရီမြောက်ပိုင်း သြဗားစ်- ဆား - အွိုက်စ်
ထို နေရာ အဆင့်ဆင့် တွင် ဗင်းဆင့် နေခဲ့သောဘဝ၊ ထိုမြို့ တွင် နာမည်ကျော်ပန်းချီများဆွဲဖြစ်ပုံ၊ စိတ်ခံစားချက် များကို လေ့လာရေးသားထားပါတယ်။
၅။ သူ့စိတ်၏ ပုံရိပ်
ဒီအခန်းကတော့ စိတ်ပညာရှင်များရဲ့ ဗင်းဆင့်အပေါ် လေ့လာသုံးသပ်မှုပါ။
တစ်ယောက်နဲ့တစ်ယောက် အမြင်တူတာတွေ ရှိသလို မတူတာတွေလည်း ရှိခဲ့ပါတယ်။
ဝက်ရူးပြန်ရောဂါကြောင့်လား၊
စိတ်ကစဉ့်ကလျား ရောဂါကြောင့်လား၊
ပေါ်ဖီးရီးယားရောဂါကြောင့်လား၊
Nervous disorder, mental derangement ကြောင့်လား၊
အမျိုးသမီး စိတ်ပညာရှင် ကေးရက်ဒ်ဖီးလ် အမြင်ကဲ့သို့ Manic depressive illness ကြောင့်လား၊
မည်သို့ပင်ဆိုစေ သူ့ပန်းချီကားများကတော့ လူအများအတွက် နှစ်သက်စရာအဖြစ် ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
ဆရာမောင်းထွန်းသူ မှီငြမ်းကိုးကား ရေးသားခဲ့သော ဆောင်းပါးစာရင်း
1. Portrait of madness - Gloria Hochman - Inquirer Magazine
2. The Illness of Vincent Van Gogh - Dietrich Blumer, M.D. " The American Journal of Psychiatry" April 2002
3. Vincent Van Gogh 1853- 1890
Alberto Martini
Tge greatest Artists
A library of their Lives, times and paintings Book. 1 ( Van Gogh)
4. Vincent Van Gogh
Lullaby in Colour
National Geographic magazine
Vol. 192, No. 4, October 1997
5. Memoir of Vincent Van Gogh
His Sister in law
J. Van Gogh Benger တို့ ပါ။
Vincentf Van Gogh ရဲ့ နာမည်ကျော် ပန်းချီပုံ အချို့ ကိုလည်း ဝေမျှလိုက်ပါတယ်။
ရှင်းလင်းချက်တွေကိုတော့ ထည့်မရေးထားပါ။
စာအုပ်ကို ဝယ်ယူ ဖတ်ရှုစေချင်လို့ ဖြစ်ပါတယ်။
စာအုပ်ထဲတွင်လည်း ပုံများ ပိုများပါတယ်။
အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
ရွှင်လန်း ချမ့်မြေ့ ကြပါစေခင်ဗျာ 🙂

အနုပညာမှာရှိသင့်တဲ့ရည်ရွယ်ချက်...။


 အနုပညာတစ်ခုမှာ ရည်ရွယ်ချက်တစ်ခုခု ရှိသင့်သလားဆိုတာနဲ့ပတ်သက်ပြီး၊ တစ်စုံတစ်ခုကို ရည်ရွယ်မျှော်ကိုးပြီး အနုပညာတစ်ခုကိုမဖန်တီး အပ်ဘူး လို့တော့ဆရာပေါ်ဦးသက် တစ်ခါကပြောဖူးပါတယ်၊ ဆရာပေါ်ဦးသက်ဘာကိုဆို လိုခဲ့သလဲဆိုတာ သေချာနားလည်ဖို့လိုပါတယ်။ ယူနက်စကိုရဲ့ ဖိတ်ခေါ်အနုပညာပြိုင်ပွဲတစ်ခုမှာ အလွန်အကျွံအချက်လက်စုံအောင် အကျိုးမျှော်ကိုးပြီးလုပ်လိုက်တဲ့လက်ရာ မစွံခဲ့တဲ့အကြောင်း ဆရာကဥပမာပေးခဲ့တယ်။ အရာရာတိုင်းမှာအကျိုးနဲ့အကြောင်းရှိစမြဲပါ။ စိတ်ထဲကမပါပဲ အလုပ်ဖြစ်မှုကိုဦးတည်ဖန်တီးကြရတဲ့ အခြေ နေတွေ၊ မသိစိတ်က တွန်းအားတစ်ခုချုပ်ကိုင်မှုတစ်ခုကြောင့် မထင်မှတ်ပဲရရှိလာ
တဲ့ရလဒ်ကောင်းတွေကို ချိန်ညှိစဉ်းစားဖို့ဆိုလိုတယ်လို့နားလည်မိတယ်။ ဆရာက ရည်ရွယ်ချက်တစ်ခုနဲ့ ဖန်တီးကြရတဲ့ကာတွန်းနဲ့ သရုပ်ဖေါ်ပန်းချီတွေနဲ့မတူကြောင်းလည်းနှိုင်းယှဉ်သုံးသပ်ပြထားပါတယ်။ ကာတွန်းနဲ့သရုပ်ဖေါ်ဟာ ရည်ရွယ်ချက်သီးခြားရှိတဲ့အခြားအနုပညာပုံစံလို့ယူဆပါတယ်။
 အနုပညာဖန်တီးဖို့ သင့်လျော်ကောင်းမွန်သောရည်ရွယ်ချက်ရှိဖို့လိုသလို၊ ချစ်ခြင်းနဲ့စေတနာတွေလည်းလိုတယ်လို့ ယေဘုယျမှတ်သားရပါတယ်။ အနုပညာ သမိုင်းမှာဖန်တီးတီထွင်မှုတွေရဲ့မူလဇစ်မြစ်ဟာလူသားကောင်းကျိုးတိုးတက်မှုတွေ နဲ့ပါတ်သက်ပါတယ်။ ပိုပြီးယဉ်ကျေးအသိဉာဏ်ရှိလာတဲ့ လူသားများရဲ့ယုံကြည်မှု၊သိမြင်မှု၊ ဘဝနေမှုတွေကိုဦးဆောင်ပြီး နမူနာပြဖို့ရည်ရွယ်ချက်တွေရှိနေပါတယ်။ နောက်ပိုင်းကမ္ဘာ့အခြေနေတွေအရ စစ်မက်တွေ၊ ပဋိပက္ခတွေနဲ့ ရက်စက်မှုတွေဟာ အနုပညာရှင်တွေကိုပြောင်းလဲပေးခဲ့တယ်၊ ဘဝနေနည်းကိုပိုမိုခက်ခဲရင်ဆိုင်ပြီး ရှာဖွေလာကြရတယ်၊ ဒီလိုခက်ခဲမှုတွေကို အနုပညာအဖြစ်ဖေါ်ထုတ်တင်ပြကြတယ်၊
 ဝေမျှကြတယ်၊ မှတ်တမ်းတင်ကြပါတယ်။ဒါတွေဟာလည်း စေတနာအရင်းခံဖြစ်ဖို့ များပါတယ်။ တစ်ကယ်လည်းအနုပညာသမားဟာ သူ့အာသိသတစ်ခုကြောင့် ဖန်တီးမှုတစ်ခုပြုလုပ်ခြင်းမှာသူ့ရည်ရွယ်ချက်ကိုက တစ်စုံတစ်ခုရှိလာစေဖိ့ုဆိုတဲ့ ဆန္ဒတစ်ခု၊ သူတပါးကိုဝေမျှလိုတဲ့စေတနာတစ်ခုမှစတင်ပြီး သူရရှိခံစားမိသမျှကို လူအများထိတွေ့သိရှိခံစားမိကြစေဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားဖန်တီးပါတယ်။
အနုပညာရှင်ရဲ့လူမသိသူမသိဖန်တီးမှုဟာလည်းတစ်ချိန်ချိန်မှာလူသူရှေ့ကိုရောက်လာ နိုင်ပါတယ်။ မည်သည့်အကြောင်းရာပင်ဖြစ်စေကာမူ လူ့အသိုင်းဝိုင်းကိုအဆိုးမြင် အပျက်သဘောမဆောင်ဖို့တော့လိုပါတယ်။ အနုပညာရှင်ဟာမကောင်းကျိုးဆိုပြစ် တွေကို ဝေဖန်ထောက်ပြဖို့ရှိခဲ့ရင်လည်း အသိုင်းဝိုင်းတစ်ခုလုံးကိုတိုးတက်ဖွင့်ဖြိုး စေဖို့ သတိပြုစရာ စေတနာရည်ရွယ်ချက်သာဖြစ်ပါလိမ့်မယ်။
 လူအများနှင့်ဆိုင်တဲ့ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာတွေဟာ ဒီလိုပုဂ္ဂလဖန်တီးမှုတစ်ခုပေါ်မှာဘယ်လိုတည်မှီနေလည်းဆိုတာလေ့လာစရာပါ။ အနုပညာတစ်ခု ပြီးမြောက်သွားရုံနဲ့ အရာအားလုံးကိုရိုက်ခတ်စေမှာမဟုတ်ပါ၊ မလုံလောက်ပါ၊ ဝေဖန်ဆန်းဆစ်နားလည်စေနိုင်မှသာ လက်ခံအသုံးပြု လူထုဆီဆက်သွားနေမှာဖြစ်ပါတယ်။
မိမိဖာသာဖန်တီးပြီး သိမ်းထားတဲ့အနုပညာများဟာ ကောင်းချင်ကောင်းနေ နိုင်ပေမယ့်ဆက်လက်မစီးဆင်းတဲ့စမ်းချောင်းတစ်ခုလိုပါပဲ ရည်ရွယ်ရာကိုမရောက် နိုင်ပါ။ အနုပညာသမားတိုင်းဟာ စေတနာရည်ရွယ်ချက်ကောင်းရှိကြမြဲဖြစ်ပေမယ့် အခွင့်မသင့်လို့ရည်ရွယ်ချက်အထမမြောက်ခြင်းသာဖြစ်နိုင်ပါမယ်။ဒီတော့ဝန်းကျင်ကိုအနုပညာနဲ့ များများလှုံဆော်မှုပေးနိုင်ရပါတယ်၊ စေတနာအကျိုးအကြောင်း ရည်ရွယ်ချက်ကောင်းရပါမယ်။ ရသအသစ်ပေးနိုင်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံမှာလိုအပ်နေတဲ့အချက်ဟာရေစီးရေလာကောင်းဖို့နေရာနဲ့အခွင့်လမ်းတွေပါ။ ရည်ရွယ်ချက်ကောင်းတဲ့ အနုပညာမြောက်ပြပွဲတွေ ထွန်းကားလာဖို့လိုပါတယ်။

မော်ဒန်အတ်အကြောင်း (ပန်းချီဆောင်းပါး) ။ခေတ်ပန်းချီ(၁၉၆၀) ခင်မောင်(ဘဏ်)


====================
..............မော်ဒန်အတ်ကို လေ့လာရသည်မှာ ဘဲဥအစရှာရသလို ဖြစ်နေသည် ။ယင်းပန်းချီကားများသည် ဒု-ကမ္ဘာစစ်နောက်ပိုင်းတွင် ဆက်တိုက်ထွက်လာသည်။ ၎င်းတို့၏ပုံပန်းကို ကြည့်ရသည်မှာ လူတိုင်းအဘို့အဆန်းဖြစ်နေသည် ။ထူးခြားနေသဖြင့် စိတ်ဝင်စားကြသည်။နောက်ဆုံးကြံရာမရဖြစ်သဖြင့် လက်လျှော့လိုက်ရသည်။
..............သာမာန်လူမဆိုထားဘိ။ပန်းချီဆရာများကလည်း နှာခေါင်းရှုံကြသည်။"အရူးချေးပန်း၊ပန်းချီ"ဟု အမည်ပေးကြသည်။မဆိုးလှပေ ။လူတကာလုပ်ရိုးလုပ်စဉ်ထက် ထူးခြားသော အပြုအမှုရှိသူတို့ကို အရူးဟု ခေါ်ခဲ့ကြသည်။အင်္ဂလန်ပြည်ရှိတော်ဝင်ပန်းချီအသင်း -Royal Academy-ဥက္ကဠ -Sir Gerald F.Kelly,P.R.A..,က "တိုတိုပြောရရင် မော်ဒန်အတ်ဆိုတာ အဓိပါ္ပယ်မရှိဘူး"ဟု ခနဲ့သည်။ ၎င်းတို့အဖို့ မှန်ပေမည်။မလေ့လာလျှင် မရိပ်စားနိုင်ချေ ။
.
အရူးကောင်း
........................
စာပေရူး ၊ဗေဒင်ရူး ၊ပန်းချီရူး ၊စသော၊ ပညတ်များကို ပြန်လည်သုံးသပ်သင့်သည်။ ပညာတရပ်ကို သူ မတူ လိုက်စားသူကို " အရူး " စကားတလုံးတပ်ကြသည်။ ဤနေရာတွင် အကောင်းသဘော ။အမှန်သဘောကို ဖော်ပြဟန်ရှိသည်။အဆိုးသဘောမဟုတ်ပေ ။မည်သို့ဖြစ်စေ မော်ဒန်အတ်ပေါ်လာပုံမှာ ။တခမ်းတနားရှိလှသည်။ကမ္ဘာ့ထိပ်တန်းပြတိုက်ကြီးများက အရေးတယူ ချိတ်ဆွဲပြသထားကြပြီ။ ကုလသမဂ္ဂအစည်းအဝေးခန်းမကြီးတွင် ကမ္ဘာကျော် မော်ဒန်ဆရာကြီးများ၏ မော်ဒန်ပန်းချီကားများကိုသာ ချယ်လှယ်ကြသည်။မည်သည့်တိုင်းပြည်တွင်မဆို တည်ဆောက်ဆဲ ။အဆောက်အဦကြီးများတွင် ၊မော်ဒန်ပန်းချီကိုသာ ဦးစားပေးနေကြပြီ။ကျွနု်ပ်တို့ဗမာနိုင်ငံမှ ပန်းချီဆရာများလည်း ငိုက်မြည်းနေခြင်းကို စွန့်လွှတ်သင့်ပြီ။
............................" အရူချေးပန်း"ကိစ္စသည် အကသဘင်ဘက်တွင်လည်း ထိုးဖောက်လာသည်။Roak-N-Roll `က´နည်းကို ခေတ်သစ်လူငယ်များတိုင်း သဘောတွေ့ကြသည်။ရှေးလူကြီးများ အဘို့ များစွာမျက်စိနောက်စေသည်။
.................ထိုတွင်မကသေး အတီးအမှုတ်သဘင်တွင် -JAZZ တီးမှုတ်နည်းတစ်မျိုးရှိသေးသည်။
.................ဓာတ်ခွဲကြည့််လျှင် ။အယိုင်သဘော ။ငြိမ်သက်နေသော လူ၏ အတွင်းစိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သော '' အား ''များပါရှိသည်။ မန္တလေးမြို့မှ ''အောင်ပင်လယ် ဒိုး " တီးဝိုင်းမှာ ၎င်းသဘောပါသည် ။ခြင်းခတ်ရာတွင်လည်း " အယိုင်"ခေတ်ဟု တမျိုးတဖုံ ဆန်းလာပြန်သည်။ဆိုလိုသည်မှာ အများလက်ခံပြီးသော ရှေးမူသဘောမှ ။အဆန်းသော ''အယိုင်''သို့ ပြောင်းလဲခြင်းဖြစ်ပါသည်။
.
အပြင်ရုပ်သည်- အစစ်အမှန်မဟုတ်။
..................................................
......အမှန်ကို သာမာန်မျက်စိနှင့် မမြင်နိုင်ဟုဆိုသည်။သတ္တုရုပ်တခုဖြစ်ပျက်ပုံကို ယ္ခုခေတ်တွင် တီးခေါက်ကြည့်ရုံနှင့် အားမရမတင်းတိမ်နိုင်ကြပေ ။သက်ရှိဆိုလျှင် သွေးကို ဖောက်၍ သွေးကလပ်စီးကို မိုက်ခရိုမှန်ဘီလူးများဖြင့် ကြည့်ရှုစစ်ဆေးသည်။သက်မဲ့ဆိုလျှင် ဆားပေါင်ဒါအဖြစ် ထုတ်၍ ဓာတုဗေဒဠာနမှ စမ်းသပ်ကြည့်သည်။ဘာတွေ့ပါသည်။ဘာဖြစ်နေပါသည်ဟု အမှန်ဆွဲထုတ်ကြသည် ။
................................သို့ အမှန်သဘာဝကို ရှာရာတွင် ဓာတ်ပုံအကူအညီယူရသည် ။ဓာတ်ပုံက ဤဖြစ်ရပ်။ ဤသို့ မြက်ခင်းအသစ်တကဏ္ဍ ဖွင့်ပေးလိုက်သည်။ ပုံ နံပါတ် (၁)(၂)(၃)တွင် ကြည့်ပါ ။လောကဓာတ်ပညာက၊ ရှေးက မမြင်ဖူးသေးသော ပုံသစ်ပုံဆန်းများ ဆွဲထုတ်ပြသည်။၎င်း အသစ်အဆန်းများသည်ပင်လျှင် မော်ဒန်ပန်းချီကို အရောင်ဟပ် ဆန်းသစ်စေသည်။
.
အတွင်းရုပ်ကို ဘယ်လိုဖော်ပြအံ့နည်း
....................................................
မျက်စိဖြင့် မြင်၍ မရသော ခံစားမှုများဖြစ်သော ဥပမာ။အသံလှိုင်း။ဆွဲငင်တတ်သော သံလိုက်ဓာတ် ။သေမင်းရောင်ခြည်စသောအရာများကို အဘယ်သို့ပေါ်လွင်အောင် ရေးဆွဲမည်နည်း ။သို့သော် လောကဓာတ်ပညာက ။သူတို့တတွေ လောက၌ ရှိနေသည်ပြောသည် ။သူတို့ကို အဓိပါ္ပယ်ပေါ်လွင်လာအောင် ဘယ်လိုသရုပ်ဖော်မည်နည်း။သူတို့ပုံစံ သူတို့အလှသဘောများ ဘယ်လိုနေပါလိမ့် -စသော မေးခွန်းများ ထွက်လာသည်။ မြင်နေကျ။ တွေ့နေကျ ။သမရိုးကျပန်းချီမှ လွှဲဖယ်၍ အသစ်အဆန်း တောင့်တနေသော ပန်းချီဆရာများက သရုပ်ဖော်စမ်းသပ်လိုကြသည် ။
....................လောကဓာတ်ပညာသည် ။ရှေးဆန်သောအယူအဆများ။အပေါ်ယံအတုများကို ဖယ်ထုတ်၍ မျက်စိဖြင့် မမြင်နိုင်သော ဝတ္ထုရုပ်များ၏ မြင်ကွင်းသစ်များ ပြသည်။မြင်ကွင်းသစ်များသည် ပန်းချီဆရာအား "အား " သစ်တစ်ခု လှုံ့ဆော်ပေးလိုသည်။၎င်း အားသစ်သည် -Re-creation-ပြန်လည် ဖန်ဆင်းမှုတစ်ရပ်ဖြစ်သည်။ပန်းချီဆရာသည် ထိုမှတဆင့် တက်ပြန်သည်။ထိုအဆင့်မှာ မိုက်ကရိုမှန်ဘီလူူး မပါဘဲအလားတူ။ မိမိစိတ်၌ ခံစားမှုဝေဒနာများကို ။ကားချပ်ပေါ်တွင် ပြန်လည်သရုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ၎င်းအယူအဆကို -Expressionism-ဟုခေါ်သည်။
...................မော်ဒန်ပန်းချီဆရာသည် ။သစ်ပင်ရိပ် ။ဝါးတစ်ပင်အောက်တွင် တရားထူးကို ရှာနေသည့်ယောဂီအလား ။နာမ်သဘောကျက်စားပုံ ။လောက၏ ဒုက္ခ ၊သုခ၊ ဖြစ်ပျက်ပုံကို အပြင်မှ မြင်သော ရုပ်ဝါဒကို ပြည်ဖုံးကားချ၍ ။အတွင်းသဘောများကို နှုက်ချွတ် ။ဝေဖန်တင်ပြသော -Abstrat Painter-စိတ္တဇပန်းချီဆရာသဘောသို့ ရွေ့လျားလာသည်။သို့ဖြစ်၍ သဘောအမှန်ရှာ၍ ရေးဆွဲသောပန်းချီကားများကို အကောင်းအဆိုးဝေဖန်ခြင်း ပြဿနာမရှိတော့ပြီ ။သဘောသည်ပင်လျှင် ဆိုးသလော။ကောင်းသလော?
.
မော်ဒန်ပန်းချီတွင် ရုပ်အထူးအဆန်းများ ပါတတ်သည် ။ထူးဆန်းပုံမှာ ဘာရုပ်ဟု ထောက်ပြ၍ မရ။ ယခင် မြင်ဖူး သိဖူးသော အရုပ်များမဟုတ် ။မီးခိုးရောင်ရောင် တောင်တောင်ရောင်ရောင် ။သက်ရှိလူ ။တိရိစ္ဆာန် ၊ရောင်ရောင်။ တနည်းအားဖြင့် ။အဝိုင်း ။လေးထောင့် ။သုံးထောင်ပုံစံများလည်း မဟုတ် ။ ပညက်ပေး၍ မရနိုင်သော အသွင်များ ဖြစ်သည်။၎င်းတို့မှာ လက်တွေ့ စမ်းသပ်၍ မရစကောင်း။ စိတ်၌သာလျှင် ခံစားမှုဖြစ်သဖြင့် "စိတ္တဇ"ဟု မြန်မာပြန်ကြပုံရသည်။
...................စိတ္တဇဆေးရုံဟု ဘယ်အချိန်အခါက ပညက်ပေးထားသည်မသိ။ Abstract Art-ကို စိတ္တဇပန်းချီဟု ဘာသာပြန်ရသည်မှာ ။ရှေ့သ္မား စကားလုံးတစ်ခုကပင် နံမည်ပျက်ရှိနေသဖြင့် "စိတ္တဇ"ဆိုလျှင် လူတိုင်းက "အရူး" ထင်စရာဖြစ်နေသည်။
............Abstract-ကို စိတ္တဇမှလွဲ၍ အခြားအဓိပ္ပါယ်များပေါ်ပေါက်ပါသေးသည် ။၎င်းတို့မှာ ။အတိုချုံးခြင်း ။အဆီထုတ်ခြင်း ။
-ရှင်းလင်းစေရန် -ပုံနံပါတ်(၄) သစ်ပင်ပုံကို ကြည့်ပါ ။၎င်းမှ တဖန် အတိုချုံးရာ ပုံပါတ်(၅) (၆) (၇) -စသည်ဖြင့် အဆင့်ဆင့်ပေါ်ပေါက်လာသည် ။နောက်တစ်မျိုး ပုံနံပါတ် (၈) အဆောက်အဦ ပုံကို အတိုချုပ်ရာ (သို့မဟုတ်) အဆီထုတ်ရာ နောက်ဆုံးတွင် မူလပုံပျောက်၍ -Abstract -ပုံစံတစ်ခုဖြစ်ပေါ်လာသည် ။
.
အကြောင်းတရား
..............................
ဘာကြောင့်အတိုချုံးချင်သလဲ ။
--------
(၁)-လျှင်မြန်စွာတိုးတက်နေသော လောကဓာတ်ပညာအစွမ်းကြောင့်ဖြစ်ပါသည်။ လူနေမှု အဆင့်အတန်းကို ၎င်း ပညာအစွမ်းက ချယ်လှယ်နေသည်နှင့်အမျှ ။လူ၏ စိတ်ဓာတ်များကိုပါ လွှဲပြောင်းပေးနေသည် ။
.
(၂) အမြန်ကြိုက်ခြင်း ။
- လူတိုင်း မော်တော်ကားနှင့် သွားလိုသည် ။လှည်းကြမ်းမစီးလို ။ဂျက်လေယာဉ်နှင့် သွားလိုသည် ။သင်္ဘော မီးရထားမစီးလိုပေ ။စာတိုက်မှ စာထည့်အကြောင်းကြားရန် နှေးကွေး၍ ကြေးနန်းရိုက်ကြသည်။ ၎င်းမှတဆင့် တယ်လီဖုန်းဖြင့် ပြောလိုကြသည်။စကားလုံး (၁၁၁၁)နားထောင်ရမည်ထက် (၁၁)လုံးလောက်ကိုသာ ကြားချင်သည်။(၁၁၁၁)တို့ရမည်ထက် (၁၁)ချက်လောက်သာ ရေးဖွဲ့ချငပြီ ။
.
(၃)လိုရင်းကိုသာ ကြိုက်ခြင်း
- အဆီထုတ်ခြင်းသည် လိုရင်းကို အလွယ်တကူသုံးခြင်းဖြစ်သည် ။ရှေးက ဝမ်းနှုတ်ဆေးမှီဝဲရာတွင် ။တစ်လက်မခန့်ရှိ "သထုံဆီးဆေး "ကို သုံးကြရသည်။ယခုအချိန်တွင် ပဲနောက်စေ့ခန့်ရှိ ။ဓာတုဗေဒနည်းအရ အဆီထုတ်ပြီး ဝမ်းနှုတ်ဆေးများကိုသာ သုံးကြသည်။
.
(၄)ပဋိသန္ဓေတည်ချိန်
ယခုခေတ်လူတစ်ယောက်သည်၎င်း ။သူ၏သားမြေးစဉ်ဆက်သည်၎င်း ။တဆင့်ပြီးတဆင့် နားလည်လွယ်ခြင်း -INTELLIGENCE-မှာ နောက်ဆုံးလူက ပိုမီုလာသည်။ဗမာ့အယူအဆ -ဆုတ်-ခေတ်ဟု ပြောကြသည်။တနေ့သော် မြေဇာပင် ပုခက်လွှဲသည့်ခေတ်ရောက်ဦးမည်ဟု ကြားဖူးသည်။ခေတ်လူငယ်များ နားလည်လွယ်ပုံမှာ " ချက်ဆိုရင် နားခွက်က မီးတောက်သည်"ဟု ဆိုရမည် ။ထို့ကြောင့် မကြာခဏ " ဘူးဒါးကြီး " များနှင့်  " ချာတိတ် "တို့တစ်စုတို့ သဘောမတိုက်ဆိုင်သည်မှာ အံ့သြစရာမဟုတ်ပေ ။ နောက်လူများက အမြန်နှင့် အတိုချုပ်ကို ကြိုက်ကြသည်။
.........အထက်ပါအကြောင်းတရာများကို ပန်းချီနယ်သို့ စပ်ဟပ်သုံးသပ်သော် -ရှေးရိုး( Classic) ဆရာကြီးများနှင့် ခေတ် ( Modern)ဆရာကလေးများအဖြစ် တွေ့ရသည် ။မည်သူ့ကားကို ကြိုက်၊ မည်သူ့ကားကို မကြိုက် ဆိုသည်မှာ ခေတ်က ဆုံးဖြတ်သည် ။
.
ကျောက်ခေတ်ပန်းချီမှ-မော်ဒန်ပန်းချီ-ခရီးစဉ် ။
..............................................................
လူ့သမိုင်းတွင် ယဉ်ကျေးမှုကောင်းစွာ မထွန်းကားမှီ ကျောက်ခေတ်မှ စ၍ ပန်းချီ -ပန်းပုကို ကျောက်နံရံများ ရေးဆွဲထုလုပ်ကြသည် ။ထိုစဉ်က အကြမ်းဖျဉ်းလောက် ရေးဆွဲတက်ကြသည်။သို့နှင့်ပင် တဖြေးဖြေးတိုးတက်ခဲ့ရာ ( EVOLUTION)အရ ခရာဇ်တော် မပေါ်ဆီ နှစ်ပေါင်းငါးရာလောက်တွင် ရောမ။ခေါမတိုင်းပြည်များ၌ -အနုပညာ ထိပ်တန်း အကျဆုံး ပန်းချီ ပန်းပုများ ပေါ်ပေါက်ခဲ့ဖူးသည်။
................ထိုမှတဖန် အနောက်တိုင်းများတွင် (DARK AGE) ပန်းချီ ပန်းပုများ တိမ်ကောခဲ့ရာ ။ခရာဇ်တော်ပေါ်ပြီးသည့်နောက် ၁၃ရာစုလောက်တွင် ပြန်လည်ထွန်းကားလာပြန်သည် ။၁၆ရာစုလောက်တွင် ။ရှေးကကဲ့သို့ ပန်းချီ-ပန်ပုများ၏လက်ရာသည် သဘာဝနှင့် အတူဆုံး ၊အပီသဆုံး ထိပ်တန်းသို့ ရောက်ပြန်သည် ။၎င်းကို (RENAISSANCE) အဟောင်းကို ပြန်လည်ဆန်းသစ်သော ခေတ်.ဟု အမည်ပေးသည် ။
.....................ထိုမှတဖန် ပြန်လည်ဆန်းသစ်သော မူများသည် နှစ်ပေါင်း -၅၁၁-ခန့်အကြာတွင် ရိုးသွားပြီဖြစ်သဖြင့် ၎င်းမူကို (classic)ရှေးဟုထားရှိ၍ " မူသစ် " သို့မဟုတ် ဝါဒ(ism)များ ပေါ်ပေါက်စပြုသည်။ဥပမာ-ပန်းချီသည် အမြင်သဘောမဟုတ် ။အထင်သဘောဟူ၍ လည်းကောင်း (ဝါ)စိတ်၌ ခံစားမှုဟူ၍ လည်းကောင်း ။(IMPRESSIONISM) ပန်းချီသည် အပေါ်ယံမြင်သော ရုပ်ကို ရေးခြင်းသည် အမှန်မဟုတ် ၊ ရွှေမှုံကြဲမျှသာဖြစ် ။အတွင်းသဘောကို တင်ပြခြင်း (EXPRESSIONISM)သည်က အမှန်ဟု အချို့ဆရာများက ယုံကြည်ကြသည်။သို့နှင့် ဝီဝါဒကွဲပြန်ရာ(CUBISM) ယူကလစ်ပုံစံရေးနည်း။(SURREALISM)-အိပ်မက်သဘောရေးနည်း ။(ABSTRACT)-လောကတွင် မမြင်ဖူးသေးသော ဝတ္ထုရုပ်များရေးနည်း -သို့မဟုတ် သုည နောက် တဘူတာလွန်သော အတိုချုပ်ရေးနည်း စသည်ဖြင့် ပေါ်ပေါက်လာနေပေပြီ ။သို့ ပြောင်းလဲသောအချိန်မျာ -၁၉၁၁ခုနှစ်နောက်ပိုင်းဖြစ်သည်။ယနေ့ MODERN ART-မော်ဒန်ပန်းချီမှာ နောက်ဆုံးပေါ်အယူအဆများ ရောပြွန်းထားသော ဟင်းလေးအိုးပန်းချီဟုဆိုချင်ပါသည် ။
.
(ဆက်ရန်)
( အစောင် ၅၀ ကန့်သက်ထုတ်ဝေသောစာစောင်မှ...)

ကိုယ်လုံးတီးပန်းချီနဲ့ ဆင့်ကဲရိုက်ခတ်ချက်များ။ (ပန်းချီစန္ဒာခိုင်၏ Nude ပန်းချီကားများအပေါ်သုံးသပ်ခြင်း)


………
Double Trouble ဆိုတဲ့စကားလုံးက အနုပညာလောကမှာလူသိများတယ်၊ ဒီနာမည်နဲ့ရုပ်ရှင်တွေသီးချင်းတွေစာပေအနုပညာတွေ များစွာရှိတယ်။ ကိုယ့်အတွက်တော့ နာမည်ကျော်ဘလူးစ်အဆိုတော် စတီဗီရေဗောန်းနဲ့မှ စကြားဖူးတာ။ လောကမှာ ဘယ်အတွေ့ကြုံတွေမှ တစ်စုံတစ်ခုတည်းမလာတတ်ဘူး၊ ၂ ထပ်ရှိမှမှတ်မိဆိုတာမျိုး...ဆိုလိုချက်က နှစ်ဆင့်ထပ်လာတဲ့ထိုးနှက်ချက်တွေဟာ သာမာန်ထက်ပြင်းထန်တတ်တဲ့ သဘာဝပေါ့။
တစ်နေ့က မစန္ဒာခိုင်ရဲ့ စာဖတ်သူများဆိုတဲ့ ပန်းချီပြပွဲကိုရောက်တယ်၊ ခပ်၀၀အမျိုးသမီးပုံတွေ ပုံစံအမျိုးမျိုးနဲ့ သတင်းစာဖတ်နေကြတာ၊ ထူးတာက ကိုယ်လုံးတီးတွေနဲ့...၊ လွတ်လွတ်လပ်လပ်ပဲ..အရောင်ပြင်နောက်ခံတွေထဲ လွင့်လို့..။
မြန်မာပန်းချီသမိုင်းမှာ လူဝကြီးဆိုတဲ့ ဂန္ထ၀င်ပန်းချီလက်ရာတစ်ခုရှိတယ်၊ ဆရာကြီးဦးဘဥာဏ်ရဲ့လက်ရာ။ ဒီပန်းချီကားမှာ လွတ်လွတ်လပ်လပ် စိတ်ပျော်ပျော်နေတတ်ပုံရတဲ့ အလွန်၀တဲ့လူကြီးတစ်ဦးရဲ့အေးအေးဆေးဆေးထိုင်နေတဲ့သရုပ်ကိုဖေါ်ထားတယ်၊ ကမ္ဘာကျော်ဂန္ထ၀င် ပုံတူပန်းချီတွေရဲ့ထုံစံအတိုင်းပဲ ဘယ်သူလဲ၊ ဘာလုပ်နေလဲ၊ ဘယ်လိုအခြေနေလဲဆိုတဲ့ နောက်ခံအကြောင်းအရာတွေပါရှိတဲ့လက်ရာပေါ့။ အခြားတွေ့ရများတဲ့ပုံတူပန်းချီတွေနဲ့ကွဲပြားချက်က အဲဒီနောက်ခံတွေပဲ၊ ပုံတူဆိုတာလှပြီးတူနေရုံနဲ့မထူးဘူး၊ ရွှေငွေရတနာတွေဆင်မြန်းထားရုံနဲ့လဲတန်ဖိုးတက်မလာတတ်ဖူး...။ လူဝကြီးပန်းချီမှာ နောက်ထပ်ပေးတဲ့ရသက အဲဒီအလွန်ဝနေတဲ့ခန္ဓာကိုယ်ပဲ၊ သာမာန်ပုံတူထက်နောက်တစ်ဆင့်ထူးခြားစေတဲ့အလွှာတစ်ခု၊ ကြည့်သူကို ဂရုဏာမုဓိတာအကြင်နာစိတ်တခုခုပွားစေမယ်၊ သို့မဟုတ် လူသားတစ်ဦးရဲ့ပုံပန်းကို တစုံတရာသတိပြုမိဖို့....ရသတစ်ခုထပ်ဖြည့်လိုက်တဲ့အလွှာပေါ့။
ပန်းချီရေးတဲ့မစန္ဒာခိုင်နဲ့ ၉၀ ကျော်နှစ်တွေထဲကခင်မင်သိကျွမ်းတာကြာပြီ..၊ ခပ်ပြုံးပြုံးဖေါ်ဖေါ်ရွေရွေဆက်ဆံတတ်ပြီး အမြဲအေးဆေးတည်ငြိမ်နေတတ်တယ်။ အရင်က ရန်ကုန်မြို့ပြတိုက်ခေါင်မိုးတွေရေးတယ်၊ ပုဂံသဲပန်းချီတွေရေးတယ်၊ ရှုခင်းတွေ လူပုံတူတွေရေးခဲ့တယ်..အခုပြတဲ့ လူဝကြီးတွေစီရီးကိုတော့ သူလုပ်နေတာကြာပြီ၊ တစိုက်မတ်မတ်..ဇွဲနဲ့ကိုလုပ်နေတာပါပဲ။ စတွေ့ဖူးတုန်းက ကင်မရာနဲ့ဓာတ်ပုံရိုက်နေကြတဲ့ မမ၀၀ တွေ၊ကြည့်သူကိုကင်မရာကနေပြန်ကြည့်တဲ့ပုံမျိုး၊ Somebody is watching you ဆိုတဲ့ အိုင်တီခေတ်ဦးစ နိုင်ငံရေးမလုံခြုံမှုသဘောမျိုး၊ ပရိသတ်ကို မလုံမခြုံစိတ်ဖြစ်စေမလားပဲ၊ သူ့ပန်းချီတွေက Don’t look at me, i am shooting you လို့သတိပေးချက်ပေးနေသလိုပဲ။
ဒါက လူတွေရဲ့မိမိခန္ဓာကိုယ်ကမိမိအပေါ်လွှမ်းမိုးချက်(သို့မဟုတ်)ပြင်ပ၀န်းကျင်အပေါ်တုန့်ပြန်ချက်ပဲ၊ လုံခြုံမှုလား၊ ယုံကြည်မှုလား တစ်ခုခုလွန်ကဲခံစားမိတတ်တဲ့ လူ့စိတ်ကိုပေါ်လွင်တယ်။ အခု ပြပွဲကသတင်းစာဖတ်သူ မမတွေလည်းထို့အတူပဲ You watch me or not, I don’t care လို့ပြောနေသလိုပဲ။ ဒါက အနုပညာရှင်ရဲ့၀န်းကျင်အပေါ်ထားတဲ့စိတ်ကိုမြင်ရတယ်၊ မိမိကိုယ်ကိုယ်ယုံကြည်ချက်ထူးထူးကဲကဲပိုမြှင့်လိုက်တဲ့ အီမိုးရှင်းကိုလည်းပြတယ်လို့မြင်တယ်၊ ဒါမှမဟုတ်ရင်တော့ ခေတ်ကာလရဲ့ရိုက်ခတ်မှုအမျိုးမျိုးကို အရွဲ့တိုက်သရော်ထားတာမျိုးပဲ။ သတင်းတွေအဖြစ်ပျက်တွေပြောင်းလဲနေတယ်၊ လူသားဘဝတွေလဲပြောင်းနေတယ်...ကဲဘာတွေဆက်ဖြစ်ဦးမလဲ လာခဲ့ ဆိုတဲ့... လောကကိုခါးစောင်းတင်ချင်တဲ့ ခပ်မာမာစိတ်မျိုး....။
သူ့လက်ရာတွေမှာ ကြည့်သူကိုနှစ်ဆင့်ပေးထားတဲ့ ရိုက်ခတ်မှုတွေ့ရမယ်၊ တစ်ခုက အ၀တ်မဲ့ခန္ဓာကိုယ်။ ပန်းချီလောကမှာ လုံးတီးပုံရေးတဲ့ပန်းချီဆရာဆိုတာသိပ်ရှိလှတာမဟုတ်၊ ရှိပြန်လည်း အလှပန်းချီ(သို့မဟုတ်)ခန္ဓာဗေဒလေ့လာမှုပန်းချီပဲ။ ပန်းချီဆိုတာလှပရှုချင်ဖွယ်ရသပဲလို့ တသက်လုံးစွဲမြဲလာတဲ့ပရိသတ်ကိုလုံးတီးပုံနဲ့ရှော့ရိုက်လိုက်သလိုပဲ။ ဒါက ၀စ်လစ်စလစ်ပန်းချီတွေမှာတွေ့ရတဲ့သဘောပေါ့။ ဒီခေတ်မှာတော့(လုံးတီးပုံပန်းချီက)တွေ့ရများနေပါပြီ။ အခု...
မစန္ဓာခိုင်ကတော့ သာမာန် လုံးတီးမော်ဒယ်ပန်းချီဆိုတဲ့(တပ်မက်စွဲငြိဖွယ်)ရသကို ထိုးဖေါက်ထွက်ထားတယ်။ ကြည့်သူတွေအတွက် နောက်ထပ်ရှော့ခ်တစ်ခုဖြည့်လိုက်တာ၊ လုံးတီး(မော်ဒယ်)ပုံတိုင်းစွဲငြိဖွယ်လှပနေမှာလား..ဆိုတာ တန်ပြန်မေးခွန်းထုတ်လိုက်တာ။
ဒါဟာအမျိုးသမီးနဲ့ဆိုင်တဲ့အစ်ရှုးတခုမဖြစ်နိုင်ဘူးလားလို့မေးရင်...၊ ကိုယ့်အတွက်တော့ အခြားဒဲ့ဒိုးဆန်တဲ့အကြမ်းစားတွေထက် ပိုကြိုက်တဲ့ (ဖီမနစ်)အနုပညာပဲ၊ တကယ်တော့ (ဖီမနစ်)ထက် လူသား(ဟိုမို)နဲ့ပိုသက်ဆိုင်တဲ့သဘောရှိပါတယ်၊ အားလုံးဟာလူသားတွေပဲ။ ခံစားမိတဲ့အတိုင်းဆိုရင် ဟာသဖက်ကိုမရောက်ပဲ ဝေဒနာဖက်ကိုပိုရောက်ပါတယ်။ ပန်းချီသမိုင်းမှာ တိုးတက်လာသမျှအားလုံးဟာ အနုပညာသမားတွေကပဲ အနုပညာကိုတန်ပြန်ဆန့်ကျင်ပြောင်းလဲခဲ့ကြလိုပါပဲ Anti-Art ဆိုတာပဲ။ မည်သူမှဆန့်ကျင်ပြောင်းလဲမလုပ်ခဲ့ရင်ဘယ်အနုပညာလောကမှ မတိုးတက်နိုင်ပါဘူး။
အခု မစန္ဒာခိုင်ရဲ့လုံးတီးမိန်းမတွေက ကြည်သူအပေါ်ရိုက်ခတ်နေတာမပြီးသေးပါဘူး၊ အခြားခံစားမှုတစ်ခုရှိသေးတာက..ကြည့်တဲ့သူတွေအဖို့ အလွန်မွန်းကြပ်စေခြင်းပါပဲ။ အခုပြပွဲရဲ့အခန်းအနေထားကလည်း ပိုပြီးအဲဒီရသကိုပံ့ပိုးပေးနေသလိုပါပဲ..။ ခံစားမိတာဆိုရင် ပုဂံက မနုဟာဘုရားကိုဖူးရင် ဒေသနာထက်ဝေဒနာကိုခံစားရသလိုပါပဲ (နှိုင်းယှဉ်တာတော့မဟုတ်ပါ)။သူ့ပန်းချီတစ်ကားချင်းဟာ ခပ်ရှင်းရှင်းဘွင်းဘွင်း အိုးပင်းဗျူး.. အမျိုးသမီးတစ်ဦး စာထိုင်ဖတ်နေတာပဲ၊ ရီရယ်လစ်ဇင်ပန်းချီလိုနောက်ခံ၀န်းကျင်ရှုခင်းတွေဘာတွေမပါဘူး၊ အရောင်ပလိမ်းပေါ်မှာ အမဲရောင်မျဉ်းရေးချက်တွေနဲ့ မော်ဒန်ခေတ်ဦးပန်းချီကျော် မားတီးစ်တို့ရေးချက်မျိုး Wild beast အထာမျိုးပါပဲ။ သူ့မော်ဒယ်တွေဟာ ”ဒါပဲ” ဆိုပြီး ကျကျနနပြည့်ပြည့်၀၀ပန်းချီကားထဲမှာလွတ်မြောက်နေသလောက် ဒီကားကြီးတွေအပြည့်ချိတ်ထားတဲ့အခန်းထဲကျတော့ ပရိသတ်အားလုံးဟာသေးငယ်သွားသလို မွန်းကြပ်သွားသလိုဖြစ်မှာပါပဲ။ (တိုက်ဆိုင်ချက်က ပြပွဲကိုရောက်ချိန် ကိုယ့်မှာလည်း အပြင်ထွက်တိုင်းချွေးထွက်များတဲ့အကျင့်ကြောင့် မွန်းကြပ်နေတာလည်းဖြစ်နိုင်ပါတယ်)၊ အခြားသူတွေအတွက်ရွှင်လန်းဖွယ်ဖြစ်ချင်လဲဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်... ပြပွဲတစ်ခုနဲ့တစ်ခုဟာ ပေးတဲ့ ရသတွေ မတူတတ်ပါဘူး၊ အဲဒီရသကလည်း ပြထားတဲ့လက်ရာတွေကချည်းပဲပေးတာမဟုတ်ပါဘူး...။
...........................................................
လူသားနဲ့‌ေ၀ဒနာ။
တစ်ခါက အိုဆာကာခေတ်ပြိုင်အနုပညာပြတိုက်ကြီးမှာ လူသားကိုရှုမြင်ခြင်း ဆိုတဲ့ပြပွဲကြီးတစ်ခုနဲ့ကြုံတယ်၊ ပြပွဲအမည်က Ecce Homo တဲ့၊ခေတ်ပြိုင်အနုပညာတွေထဲက လူသားပုံများလို့ ခေါင်းစဉ်ခွဲပေးထားတယ်၊ ဒီပွဲရဲ့လက်ရာတွေက အများအားဖြင့် ဝေဒနာတွေပဲ၊ လူဆိုတာ ဝေဒနာရဲ့တဏှာယှဉ်ပြီးရပ်တည်ကြတာ၊ တဏှာဟာလူ့ဘ၀ သံသရာလည်ဖို့အဓိကအချက်လို့ ဘာသာရေးမှာဆိုသလိုပဲ၊ လူဟာတစ်စုံတစ်ရာကိုစွဲလမ်းတပ်မက်ပြီးရှင်သန်တယ်၊အလွန်လှတဲ့ခန္ဓာကိုယ်ဆိုရင် သူ့ကိုယ်သူစွဲလမ်းဖို့ပိုများမလားမသိ၊ ပြပွဲရဲ့လက်ရာတွေဟာ မထင်မှတ်စရာနက်ရှိုင်းလှတယ်၊ မိမိမျက်နှာကို မိုနာလီဇာလို၊ အခြားနာမည်ကျော်မျက်နှာတွေလို အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်တဲ့ ပြင်သစ်ပါဖောမင့်အနုပညာရှင်ORLANDရဲ့ ဒေါ်ကူမင်ထရီလဲပါတယ်။ အခုစာရေးနေတုန်း ဒီပွဲထဲက အဖြူမဲဓာတ်ပုံတစ်ခုကို သတိရမိလို့၊ ကြည့်ဖြစ်တယ်(ပုံမှာကြည့်ပါ)၊ Women En Lerge ဆိုတဲ့ဓာတ်ပုံစီရီးတွေရိုက်တဲ့ Toby Edison ဆိုတဲ့ဓာတ်ပုံဆရာရဲ့လက်ရာပါပဲ။ လုံးတီးရုပ်ပုံဆိုတာ လူရဲ့ အသားစိုင်ကို အကာရံမရှိမြင်ရတဲ့အရသာပဲ၊ လူရဲ့အသားဆိုတာ ပြောင်းလဲနေတယ်၊ ချောမွေ့မယ် ရွတ်တွမယ်၊ အဲဒီရသဟာ ဒြပ်မဲ့ပန်းချီတွေက ဆေးရောင်တွေစုတ်ချက်တွေလို မျက်နှာပြင်ထဲဆွဲခေါ်သွားတဲ့ရသပါပဲ။ တစ်နည်း..လူရဲ့စွဲလမ်းမှုတဏှာနဲ့မုန်းတီးစက်ဆုပ်မှုကြားက အလွှာကိုဖြတ်သန်းခိုင်းတာ၊ ပြီးတော့ကြည့်သူရဲ့ သမာဓိကိုစိန်ခေါ်တာမျိုး၊ အပေါ်ယံရုပ်မှာတင်စွဲလမ်းနေဆဲလား ပေါ့..။
မြန်မာပြည်မှာ လူဝကြီးပုံရေးသူတွေရှိပါသေးတယ်၊ ကျနော်တို့မိတ်ဆွေထဲမှာ ကိုမြင့်အောင်ရဲ့ အမျိုးသမီးလူဝကြီးလက်ရာတွေလည်းအပါ၀င်ပါပဲ၊ ထို့အတူ ကိုယ်လုံးတီးပုံပန်းချီဆရာတွေလဲရှိနေဆဲပါ ကိုမြင့်နိုင်၊ ကိုကိုနိုင်၊ ဟိန်းသစ် တို့ရဲ့ လုံးတီးပန်းချီတွေက တစ်မျိုးစီရသပေးပါတယ်၊ပြည်တွင်းမှာပြဖို့အရင်ကခက်ခဲခဲ့မှာပါ။(ရှေးက ၀ထ္ထုသရုပ်ဖေါ်တွေကတော့ချွင်းချက်‌ပေါ့..)။ ပြပွဲပန်းချီအနေနဲ့ လုံးတီးအမျိုးသမီး(အမျိုးသားပုံတော့ရှားတယ်) ပုံတွေဟာတစ်ကယ်တော့ ပန်းချီအခြေခံဘာသာရပ်မှာ ခန္ဓာဗေဒလေ့ကျင့်မှုနဲ့ဖြတ်သန်းကြဖူးတယ်၊ ဒါပေမယ့် Nude Art ရဲ့သဘောကခန္ဓာဗေဒနဲ့ဘာမှမဆိုင်ဘူး၊ ရှုခင်းတွေကို ရသတစ်ခုပေးဖို့့ရေးသလိုပဲ လူပုံတွေကိုလည်းရသတစ်ခုကိုအခြေခံပြီးဆွဲကြတာပဲ။ ကျောင်းမှာသင်သလို အချိုးစားကျရဲ့လားလို့ဘယ်သူမှတိုင်းမနေပါဘူး။
ဒီထဲမှာ အ၀တ်စားမပါတဲ့အနေထားက အခြားရသတစ်ခုတိုးလာစေတယ်...လူ့စိတ်ရဲ့အတွင်းကျကျသိချင်တဲ့ဥာဉ်ပေါ့။လူဆိုတာ အတွင်းကျကျ ရှင်းရှင်းလင်းလင်းမြင်ချင်တယ်၊ လှို့ဝှက်ထားတာကိုပိုကြည့်ချင်တယ်၊ (မိန်းမပုံမှမဟုတ်) ရှားပါးတဲ့အရာဆိုရင်တွေ့ဖူးချင်တယ်၊နောက်တစ်ခုက လူတွေဟာယဉ်ကျေးမှုကြောင့် အ၀တ်စားတွေ၀တ်ကြရတယ်၊ လူ့သဘာ၀ရဲ့ပိုင်းခြားသိမြင်မှုအရ အ၀တ်စားဟာလိုအပ်တယ်၊ဒါကနီတိတစ်ခုပဲ။ ဒါပေမယ့်အနုပညာရှင်တွေက အဲဒီအတားဆီးကို ချိုးဖေါက်လိုက်တယ်၊ဆန့်ကျင်ပြလိုက်တယ်..အဲဒီမှာ တော်လှန်ခြင်းပါလာပြီ။
တစ်ခုတော့ရှိတယ်...ခန္ဓာဗေဒလေ့ကျင့်ခန်းဆန်တဲ့ မော်ဒယ်အလှပန်းချီတွေ ကမ္ဘာမှာအမြားအပြားရှိတယ်...တစ်ချို့ဆိုအလွန်အထင်ကြီးခုံမင်ကြတယ်..အနုပညာမြောက်လှချည့်ဆိုပြီးအံသြချီးကျူးမကုန်ပဲ၊ (၁၈ ရာစု ရုရှပန်းချီတွေလိုပေါ့) အလွန်လှတယ်၊ ပြင်သစ်ပန်းချီဆရာရေနွားရဲ့ မိန်းမပျိုလေးတွေဆိုအဲဒီရသမျိုးပဲ။ တစ်ချို့ပန်းချီအကယ်ဒမီကျောင်းတွေ ခုထိဒီလိုသင်နေဆဲရှိမယ်၊ သူတို့ကအလှပကိုဦးစားပေတဲ့အတွက် သာမာန်အလှကြည့် ဝါသနာရှင်ပန်းချီအနေနဲ့တော့ ရှိနေဦးမှာပါပဲ၊အခုထိ တူအောင်ရေးနိုင်တာလောက်ကိုအနုပညာမှတ်နေသူတွေအများကြီးလေ။ ပန်းချီသမိုင်းမှာ မိုဒီလျာနီတို့ အီဂွန်ရှီးလ် တို့ဟာဒီလိုအစွဲလမ်းဟောင်းတွေကနေ ခွဲထွက်ဆန့်ကျင်ပြီးလုံးတီးမော်ဒယ်ပန်းချီကနေ အနုပညာအဆင့်ကိုမှတ်တိုင်ထူခဲ့ကြတာအထင်ရှားပါပဲ။ လုံးတီးပုံပန်းချီဆရာသီးသန့်မဟုတ်ပေမယ့် ပီကာဆိုကလည်း လုံးတီးမိန်းမတွေများစွာရေးခဲ့သူပဲ။ ပီကာဆိုရဲ့လုံးတီးပန်းချီကလည်း သူ့ကိုယ်ပိုင်ကွဲပြားတဲ့အကြောင်းရာရှိပြန်တယ်၊ ပီကာဆိုဟာသရုပ်မှန်ပန်းချီကို ဂန္ထ၀င်လက်ရာတွေမီအောင်ရေးနိုင်ပေမယ့် လုံးတီးမိန်းမပုံကို သရုပ်မှန်နဲ့လှသထက်လှအောင်ရေးခဲ့တာမဟုတ်ဘူး၊ သူ့ရဲ့ကုဗဟန်စမ်းသပ်မှုတွေအတွက်ပဲ ကျူဗစ်နဲ့သဘာ၀ချင်းလုံး၀ဆန့်ကျင်နေတဲ့ မိန်းမရဲ့ပျော့နွဲ့နေတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုရွေးခဲ့တာပါ၊ သူ့နည်းသူ့ဟန်ပေါ့၊ မိန်းမရဲ့အားသာချက်ဟာ ပျော့နွဲ့နုညံ့မှုပဲလေ..။
ကိုယ်လုံးတီးပန်းချီနဲ့ပတ်သက်လို့ လူ့အသိုင်းဝိုင်းရဲ့ ထင်မြင်ချက်တုန့်ပြန်ချက်တွေကလည်းအရေးကြီးပြန်တယ်၊ ကိုယ်လုံးတီးပန်းချီဆိုတာခန္ဓာကိုယ်ကောက်ကြောင်းကိုတပ်မက်ပြီးအရသာခံဖို့မဟုတ် အဲဒီခန္ဓာကိုယ်ကနေကျနော်တို့ ဘာတွေထပ်သင်ယူနိုင်မလဲဆိုတာကိုရှာဖွေတာဖြစ်ပါတယ်။ ရှာတွေ့ချင်လဲတွေ့မယ်...သံသရာဝဲဂယက်ဝဲ စွဲလမ်း..မြောချင်လဲမြောနေမယ်ပေါ့....၊ တဏှာကြည့်ကမကျော်နိုင်ရင်တော့ သညာသိကိုရမည်မဟုတ်၊ အနုပညာရှင်တွေအတွက်ဝဲသြဂဆိုတာနှင်တံလို ချွန်းလိုမျိုးပဲ နာကျင်စွာခိုင်းစေတယ်၊ အဲဒီကနေ ရလဒ်တစ်ခုကျန်ရစ်ခဲ့တယ်။ ဒီလို ရမ္မက်ဇောတွေကိုယ်စီနဲ့ အာရှ၊ တရုတ်ဂျပန်နိုင်ငံ‌ေတွမှာလည်း မော်ဒန်စဦးခေတ်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကိုယ်လုံးတီးပန်းချီတွေများစွာဖန်တီးခဲ့ကြခဲ့တယ်၊ ခုထိလည်း တနည်းတဖုံဖန်တီးနေကြဆဲ။
ပန်းချီဆရာတွေဟာ လူ့အသိုင်းဝိုင်းရဲ့လက်ခံမှုနဲ့ တားမြစ်ချက်တွေကိုဆန့်ကျင်ချင်တဲ့စိတ်နှစ်ခုကြား ကြိုးတန်းလျှောက်ကြသူမျိုးတွေပါပဲ။ (ဘာလို့ ကျနော်တို့ကအများလက်ခံသလောက်ပဲလုပ်နေရမှာလဲ..)ဒါဟာ အနုပညာရှင်တွေကို ခေတ်တိုင်းမှာမေးနေတဲ့မေးခွန်းပါပဲ။ တားမြစ်ထားတဲ့သစ်သီးဟာအဆိပ်ဖြစ်ချင်ဖြစ်မယ်... တစ်ကိုက်တော့ကိုက်မှာပဲ။ ဒီလိုစမ်းသပ်ချင်တဲ့ဥာဉ်မရှိပဲနဲ့ ဘယ်လောက်ရဲရင့်ပါတယ်ဆိုဆို အနုပညာအတွက်တော့မထူးလှပါဘူး။ အပေါ်ယံပျော်ရွှင်သာယာစရာ အနုပညာတွေထဲမှာနေရစ်ပါ။ ချမှတ်ထားတဲ့စည်းမျဉ်းအောက်ကသွား၊ အများညီတဲ့အယူအဆတွေနောက်လိုက်၊ ပြားပြား၀ပ်အနုပညာရှင်မျိုးအတွက်တော့ ဒီလိုအဆိပ်သီးမျိုးကို ရဲရဲမော်ကြည့်ရဲမည်မဟုတ်ပါ၊ ကိုခင်၀မ်းပြောဖူးသလို စောင်းတီးလုံမပျိုနဲ့ပဲ ပြီးသွားမှာပါ။ တစ်ကယ့်ခေတ်ပြောင်းတော်လှန်ရေးမှာအစွန်းရောက်နေတဲ့ Cutting Edge တွေသာထင်ရှားကျန်ခဲ့ပြီး သူတို့ကြောင့်ပဲနောက်တစ်ခေတ်ကိုကူးနိုင်ကြတာပါ။
“Naked Came I” ဆိုတဲ့ပန်းပုဆရာ ရိုဒင့်ဇာတ်လမ်းကိုနားလည်ခံစားနိုင်ရင် ကိုယ်လုံးတီးဆိုတာဘာလဲဆိုတာမြင်နိုင်ပါပြီ။ အနုပညာပြပွဲတွေဟာတိုင်းပြည်ရဲ့ဥာဏ်ရည်ကိုခန့်မှန်းနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်၊ မြန်မာပြည်ဟာ တကယ့်အပြောင်းလဲတွေကိုရဲရဲရင်ဆိုင်ခဲ့ဖူးပြီလား...မသေချာလှပါ၊ အနုပညာအသိမှာ နောက်ထပ်နှစ်(၁၀၀) နောက်ကျမကျန်ခဲ့စေလိုတော့ပါ..ခင်ဗျား...။
(ဒီဆောင်းပါးအတွက် ပန်းချီမစန္ဒာခိုင်ကိုအထူးကျေးဇူးတင်ရှိပါတယ်)။
လေးစားလျှက်.....
အောင်မြတ်ဌေး။

သဘာဝတရားကိုနားလည်ခြင်း။ (ပန်းချီဝိဉာဉ်စာအုပ်နိဒါန်းမှ...)


ဒီနေ့တော့ ပြောထားတဲ့အတိုင်း ပန်းချီဝိဉာဉ်စာအုပ်ပါ အကြောင်းအရာတချို့ကို ဆွေးနွေးဖလှယ်နိုင်ဖို့ စတင်လိုက်ပါတယ်။ ပထမဦးစွာ....သဘာဝတရားအပေါ် ကျနော်တို့နားလည်သိမြင်ပုံပါပဲ။ ဖတ်ကြည့်ပြီး မိမိတို့ထင်မြင်ယူဆချက်တွေကိုလည်း ဝေမျှနိုင်ကြပါပြီ။
...............................
”သဘာဝတရားဟာ အမြဲပြောင်းလဲတတ်တဲ့ အမှန်တရားတစ်ခုဖြစ်သလို လူ့လောကဟာလည်း မာယာ အနန္တဖြင့် ပြည့်နှက်လျှက်ရှိကြောင်း သတိရှိဖို့ရန်မှာ ကျွန်တော်တို့အတွက် အရေးကြီးလှပါတယ်။ သမိုင်း အဆက်ဆက်ရှိခဲ့ကြရာမှာ ပန်းချီ ပန်းပုအစရှိ ပညာရှင်အများစုဟာ သဘာဝလောကနောက် မြင်ကွင်း ရှုချင် စရာနောက်သို့ လိုက်လံမှတ်သား ရေးဖွဲ့လေ့ရှိကြရပြီး သဘာဝ၏မာယာနောက်သို့ တစ်ကောက် ကောက် လိုက်မိသူတစ်ဦး သဖွယ် ဖြစ်တတ်လေ့ရှိပါတယ်။ သဘာဝတရားဟာ ၎င်း၏ဖန်တီးနိုင်စွမ်းကို နေ့ အမြင်ညအမြင် အပူဓာတ်အရောင် အေးသည့်အလှတို့ အဖုံဖုံပြသနေလေရာ လူတို့မှာ သဘာဝ၏နက်ရှိုင်းမှုနောက် သို့ လိုက်ပါခဲ့ကြသော်လည်း ကျေနပ်မှု၊ စိတ်လက်အပန်းပြေမှု၊ နုညံ့သောခံစားချက်တို့ ဖေါ်ထုတ်ရန်တင်စား ခိုင်းနှိုင်းမှု စသည့် တုပ မှုများဖြင့်သာ ဘဝအထွေထွေကိုနေထိုင်ရှင်သန်လာကြရပါတယ်။
သို့သော် အမှန်စင်စစ် ပန်းချီပန်းပုအနုပညာတို့ဟာ သဘာဝကြီးအပေါ် မျက်စိဖြင့်မြင်နိုင်ရုံသောအပေါ်ယံ အလှတို့ဖြင့်တန်ဆာဆင်ယုံ သက်သက်ကားမဟုတ်ပါ။ သဘာဝရဲ့ တကယ့်အမှန်တရား အဆီနှစ်တို့ကို လူသာမန်နားလည်တွေ့ရှိနိုင်ဖို့ သဘာဝတရားက ဘွင်းဘွင်းလင်းလင်းပြသလေ့မရှိသည့်အတိုင်း အနုပညာ ဖန်တီးသူတို့အဖို့လည်း ၎င်းအဆီအနှစ်အမှန်တရားတို့ကို သိရှိဖမ်းဆုပ်နိုင်ဖို့မှာ သာမန်ကြိုး စားမှုဖြင့်တော့ မရနိုင်ပါ။ အစွမ်းကုန် ကြံဆ ကြိုးပမ်းအားထုတ်ရှာဖွေကြရပါတယ်။
သဘာဝတရားကို နားလည်သိရှိနိုင်ဖို့ သဘာဝအရှိတိုင်း မြင်တွေ့သမျှ လောကသဘာဝကိုစောင့်ကြည့် သုံးသပ်ရင်း ဆေးရောင်ရေးချက်တို့ဖြင့်သရုပ်ဖေါ် ချယ်မှုန်းခြင်းများဟာ အလွန်ရိုးရှင်းလှသောနည်း တနည်း ဖြစ် နေသော်လည်း ၎င်းနည်းလမ်းတို့မှာ မူရင်းရည်ရွယ်ချက်ဖြစ်သော သဘာဝလောကဓမ္မကို နားလည် သဘော ပေါက်ဖို့ရန်ထက် ကူးယူရရှိလာသော လောကအမြင် သဘာဝအမြင် မိမိတို့မြို့ရွာ ယဉ်ကျေးမှု ဓလေ့စရိုက် ရုပ်ပုံတို့အပေါ် တွင်သာ လွန်ကျူးအသုံးချချယ်လှယ် တန်ဆာဆင်ခြင်း ယဉ်ကျေးမှုကြီးက ပိုမို အားကောင်းလာမည်ဆိုလျှင် ၎င်းအပေါ်ယံအမြင်နှင့် အပြင်ဆင်တို့အပေါ်တွင်သာစူးစိုက်ရှေ့ရှုလာကြရင်း နက်နဲကျယ် ပြန့်သော အနုပညာ၏ သဘာဝတရားနှင့် ပိုပြီးအလှမ်းကွာ လာနိုင်ပါတယ်။ (နီးစပ်ဖို့ကြိုးစားရင်း ဝေးကွာ လာရသည့် အဖြစ်မျိုးပါ)။ ထို့အပြင် လောကနိယာမသဘောတွေအရ အမြဲမှန်ကန်နေမည့် အလင်းအမှောင်အချိုးအစားဖွဲ့စည်းမှု နည်းနာထုံစံတွေ... လိုက်ဖက်ညီညာမှုအခြေခံများ စသဖြင့် လိုက်စရာနယ်ပယ်တွေကလည်းများလှပါတယ်၊ (ဥပမာ) သဘာဝတွင် နေအလင်း
ရောင် အဝါကြောင့် အရာဝတ္ထုတို့တွင် အရိပ်ကျသည့်အခါ ခရမ်းရောင်ဖြစ်လေ့ရှိ ခြင်းသဘောမျိုး၊ အနက် ရောင်ထဲတွင်ရှိသောအဖြူကွက်နှင့် အရွယ်တူအဖြူကွက်ကို အဖြူမျက်နှာပြင်မှာထားကြည့်ပြီး အနက်ထဲ ကအဖြူကပိုဖြူသည်ထင်ရခြင်းမျိုး မဆန်းကျယ်သည့်အရာများကို အလွန်ဆန်းသစ်သော ဖန်တီးတွေ့ရှိမှု များသဖွယ် ထင်ယောင်မြင်မှားကာ ကြည့်ရှုစရာဟု အသိမြင်အနုပညာပိုင်း ချို့တဲ့လာနိုင်တာ သတိထားသင့်ပါတယ်။
ကမ္ဘာ့အကျော်မော်တွေးခေါ်ရှင်များဟာ ၎င်းတို့အတွေးခေါ်များကို လောကသဘာဝကြီးထဲမှ ထုတ်နှုတ်ရ ရှိလာကြရာ၊ အရင်းစစ်လျှင် လောကအပေါ်အမြင်ကို သာမန်လူတို့တွေ့နေမြင်နေကျများမြင်သည့် ရှုထောင့်မှ
သွေဖီခြင်း၊ ဖြန့်ထွက်ခြင်းနှင့် ပြန်ပြောင်းဆင်ခြင်ခြင်းတို့လုပ်ရင်း တွေးခေါ်ရရှိနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ထို့ ကြောင့် သဘာဝတရားအပေါ်မှာ မှီခိုနေထိုင်ကြရာတွင် အနုပညာရှင်တို့အဖို့ သဘာဝတရား၏ အပေါ်ယံကူးယူ ရေးခြယ်တန်ဆာဆင်မှုမျိုးတာဝန်ယူမလား၊ သဘာဝတရားထဲကို နက်ရှိုင်းစွာ ဆင့်ကဲတွေးခေါ်နားလည် နိုင် ဖို့ကြိုးစားရင်း အသိပညာအဆီနှစ်ပြန်လည်ထုတ်ပေးဖို့ တာဝန်ယူမလားဆိုသည်ကို ရွေးချယ်ကြရမည်သာ ဖြစ်ပါတော့တယ်”။
(နောက်လာမယ့် ပို့စ်တွေမှာ စာအုပ်ပါအကြောင်းရာတွေ
ကိုဆက်လက် တင်ပေးသွားမှာပါ)။

"ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ (၂)" ဦးခင်မောင်(ဘဏ်)နဲ့ ကျနော် အပိုင်း(ခ)


တမနက်ခင်းမှာ အကိုငြိမ်းဦးက "ငါတို့ ကိုစစ်(စစ်ငြိမ်းအေး)အိမ်သွားမယ်.. ကိုစစ်အိမ်မှာ ဆွမ်းကျွေးရှိတယ်... ကူညီညာလုပ်ပေးဖို့ မင်းရောလိုက်ခဲ့"တဲ့.. အင်္ကျီလေးလဲပြီးလိုက်ခဲ့တယ်... ကိုစစ်အိမ်မှာ ကူညီလုပ်ကိုင်ပေးနေတုန်း အကိုငြိမ်းဦးက ကိုစစ်အိမ်တံခါးဝကို လှမ်းကြည့်ရင်း ဆရာကြီးဦးခင်မောင်(ဘဏ်)ဆိုတာ သူပေါ့ဆိုပြီး ပြောတယ်... ဆရာကြီးအိမ်ထဲ ဝင်လာတဲ့ တလျှောက်လုံး မျက်တောင်မခတ် လိုက်ကြည့်မိတယ်... ဆရာကြီးကို တွေ့ဖူးပြီ... တခြားပန်းချီဆရာတွေလည်းပါလာတယ်... နောက် အိမ်အပေါ်ထပ်မှာ ထမင်းဝိုင်းပြင်ပြီး ဧည့်ခံကျွေးမွေးတယ်... ကိုစစ်တို့ အကိုငြိမ်းဦးတို့က ဧည့်ခံနေရင်း ကိုစစ်က "ငြိမ်းဦးညီ.. ဆရာကြီးတို့အတွက် ရေနွေးကြမ်း ထပ်ဖြည့်ပေးဦးကွာ" လို့ လှမ်းခိုင်းတော့ ရေနွေးကြမ်းအိုးခရားကို ဆရာကြီးတို့ ဝိုင်းအနား ချပေးရင်း ဆရာကြီးကို အနီးကပ် မြင်ခွင့်ရတယ်... ပျော်လိုက်တာ...ကျနော့်စိတ်ထဲ ပီကာဆိုကြီးလို့ ထင်မြင်မိတယ်... (ပန်းချီဆရာအသိုင်းအဝိုင်းက ကျနော့်ကို ငြိမ်းဦးရဲ့ညီမို့လို့ ငြိမ်းဦးညီလို့ ခေါ်ကြတယ်) ကိုငြိမ်းဦးက လက်တို့ရင်း ဆရာကြီး ဘယ်ဘက်မှာထိုင်နေတာက ဒါရိုက်ဦးဝင်းဖေ.. ညာဘက် ကိုစစ်ဘေးက ကိုစိန်မြင့်(ရွှေချည်ထိုး)..လို့ တိုးတိုး တိုးတိုးနဲ့ ပြောပြတယ်... ကိုယ်လေးစားအားကျတဲ့ ပန်းချီဆရာကြီးတွေကို အနီးကပ် မြင်ရလို့ ကြည်နူးရတယ်... အဲဒီနေ့က ကျနော် ကိုစစ်အိမ်က ပြန်သည်ထိ ဆရာပေါ်ဦးသက်ကို မတွေ့မိ... အကိုက ဆိုင်းဘုတ်ရေးစရာအလုပ်ရှိလို့ ကျနော်ကို ပြန်လွှတ်လို့ ပြန်ခဲ့ရတယ်...
အဲ့ဒီနေ့တနေ့လုံး အလုပ်လုပ်ရတာ ဆိုင်းဘုတ်စာလုံးတွေ ဆေးဖြည့်နေရတာ ပျော်စရာကောင်းနေတယ်...
အဲဒီနေ့က အကိုဝမ်းကွဲ ကိုဘကျောက်(ကိုဝင်းနိုင်)ရဲ့ သူငယ်ချင်း ကိုအောင်မင်း(ရှမ်းပွဲ ဦးစိုးစိုးသင်္ချာ ကျူရှင်ဆရာရဲ့ညီ)နဲ့ လ္ဘက်ရည်ဆိုင်မှာ တွေ့တော့ ဆရာကြီးဦးခင်မောင်(ဘဏ်)ကို တွေ့ခဲ့တာကို ပြောမိတယ်... ကိုအောင်မင်းက ဆရာကြီးတို့နဲ့ သားချင်းမကင်းသူ... ကိုအောင်မင်းအမေရဲ့အမ..သူ့ကြီးဒေါ်က ဆရာကြီးရဲ့ ညီအရင်းဖြစ်သူ ဦးလေးဘိုရဲ့ ဇနီးပေါ့... သူတို့အိမ်မှာ ဆရာကြီးရဲ့ ပန်းချီကားတချပ်ရှိတယ်... ရွှေတိဂုံစေတီတော် ပန်းချီကား... အဲ့ဒီ ပန်းချီကားက ဆရာကြီးရဲ့ စောစောပိုင်းလက်ရာပဲ.. ဆိုင်းထိုးထားတဲ့ ခုနှစ်တော့ မပါဘူး... ဘာကြောင့်လည်းဆိုရင် ရေးချက်တွေက Realism နီးနီးရေးထားတဲ့ Inpression ဟန် ပန်းချီကားပဲ... ဒေါင်လိုက်ပန်းချီကား... ၁ပေခွဲ ၂ပေလောက်တော့ ရှိမယ်.. ဆရာကြီးရဲ့ နောက်ပိုင်းလက်ရာတွေက စုတ်ချက်တွေ မရှိတော့ဘူး... အရောင်ပြင်တွေပဲ ရေးတော့တယ်... လက်ပံပင်ပန်းချီကားဆိုရင် စောစောပိုင်းလက်ရာပဲ စုတ်ချက်တွေ တွေ့နေရသေးတယ်... နောက်ပိုင်း Cubisim ဟန်တွေဘက်ကူးလာဖို့ ရေးချက်စုတ်ချက်တွေကို လျှော့ပစ်လိုက်တယ်ထင်တယ်... မန္တလေးမြို့ကို Cubisim ဟန်နဲ့ ဖွဲ့ပြီးရေးထားတဲ့ ပန်းချီကားမှာဆိုရင် စုတ်ချက်တွေ မတွေ့ရတော့ဘူး... အရောင်ပြင် အပြားတွေကို ထုထည်တွေဖြစ်လာအောင် အထားအသိုကျစ်လစ်အောင်လုပ်ထားပြီး.. ပန်းချီကားကိုဖန်တီးထားတယ်... ဆရာကြီးက အရောင်တွေ ကာလာသီအိုရီတွေ ပိုင်နိုင်ကျွမ်းကျင်တဲ့သူပီပီ မန္တလေးကို ခရမ်းနုရောင် မရမ်းနုရောင်တွေ လိမ္မော်ရောင်တွေနဲ့ ပူနွေးနွေးဖြစ်လာအောင် ရေးလေ့ရှိတယ်... ပန်းရိုးမပြက္ခဒိန်မှာပါတဲ့ ထန်းရည်ဝိုင်း ပန်ချီကားမှာဆိုရင် စိမ်းဝါဝါတွေများများသုံးပြီး ထန်းတောရဲ့ အရိပ်အာဝါသအောက်မှာ စိတ်လွတ်ကိုယ်လွတ်မူးထွေအောင်သောက်နေတဲ့ လူတွေရဲ့ အချိုးတွေကို ပြောင်းပြီးဆွဲထားတာက သြချလောက်တယ်... ဆရာကြီးက ပီကာဆို၊ မာဆယ်ဒူးရွန့်၊ မွန်ဒရေဟန်(စာလုံးပေါင်းမှားနိုင်)တို့ကို ကြိုက်တယ်ထင်တယ်... မာဆယ်ဒူးရွန့်ရဲ့ Futurism သဘောမျိုး ဒိုးပတ်ဝိုင်း လို ပန်းချီကားမျိုး၊ မွန်ဒရေဟန်ရဲ့ အရာဝတ္ထုတွေ အရောင်တွေကို Minimize လုပ်ပစ်တဲ့ဟန်နဲ့ ပုလွေဆရာလို ပန်းချီကားတွေ ရေးခဲ့တာပေါ့... ဒီလို ပန်းချီကားတွေကို နားလည်ခံစားတတ်အောင် ကျနော်ကို ဖြစ်လာစေတာက အကိုငြိမ်းဦးရဲ့ စာအုပ်ဘီရိုထဲက "Outline of Art" ဆိုတဲ့ ၂လက္မလောက်ထူတဲ့ ကျောက်ခေတ်ကနေ ၂၀ရာစုအထိ ပန်းချီပန်းပုအနုပညာသမိုင်းကို ဓာတ်ပုံပေါင်းများစွာပါတဲ့ စာအုပ်ကြီးရယ်... ပေါ်သစ်ရဲ့ အလှရှာတော်ပုံရယ်... ခင်ဝမ်းရဲ့ စိတ္တဇပန်းချီစာအုပ်တွေပါပဲ... ၇တန်း ၈တန်းလောက်ကတည်းက အဲ့ဒီစာအုပ်တွေကို အကြိမ်ကြိမ်လေ့လာ ဖတ်ခဲ့လို့ပါ..
"Outline of Art" ဆိုတဲ့ စာအုပ်ကြီးက အင်္ဂလိပ်လိုရေးထားတာမို့ မဖတ်နိုင်ပါ... ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ဥရောပ ယဉ်ကျေးမှု အနုပညာစာအုပ်က အဲ့ဒီစာအုပ်ကြီးထဲက အကြောင်းအရာ အတော်တော်များကို နားလည်လာအောင် အထောက်အပံ့ပြုခဲ့တာပေါ့... ဆရာကြီးကို ကိုစစ်တို့အိမ် ဆွမ်းကျွေးမှာ စတွေ့ဘူးတော့ ကျနော် စက်မှုလက်မှုအထက်တန်းကျောင်း ပထမနှစ် မော်တော်ယာဉ်မှာ ကျောင်းတက်နေတဲ့ အချိန်ပါ... တကယ်တော့ ကျနော်က ပန်းချီကျောင်းတက်ချင်တာပါ... မတက်ဖြစ်ခဲ့ရတဲ့ အကြောင်း နောက်မှ ဆက်ရေးပါဦးမယ်... ပန်းချီကျောင်းဆင်းဖြစ်တဲ့ ပန်းချီဘိုဘိုသာကြောင့်လို့ ပြောရမှာပေါ့...(ဆက်ရန်)
စိုးဝင်းငြိမ်း
05:32 AM
23 Oct 2018
ဆရာဝသုန် ကွယ်လွန်တာ ၁၀နှစ်ပြည့်အမှတ်တရပွဲ သွားဖြစ်တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် ကိုယ်နဲ့သိကျွမ်းတဲ့ ကိုယ်လေးစားရတဲ့ ပန်းချီဆရာတွေ အကြောင်းရေးချင်စိတ် အတွေးပေါ်လာတယ်... မန္တလေးရန်ကုန် ပန်းချီဆရာတွေ အကြောင်းပေါ့... ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာကြီးတွေ စရေးရင် ကောင်းမလား... ဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးခင်မောင်(ဘဏ်)၊ ဦးအောင်ခင်၊ ဦးဘရင်လေး၊ ပေါ်ဦးသက်၊ ဦးဘရင်(နိပတ်တော်ပန်းချီ)၊ ဦးနန်းဝေ၊ ဒေါက်တာသန်းထွန်း၊ မောင်ငွေထွန်း၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ ဦးကံညွန့်၊ ဦးချစ်ငြိမ်း၊ တိုင်းကျော်(ပိုစတာ)၊ ခင်မောင်ရင်၊ စံတိုး၊ ခင်ဝမ်း၊ ဝသုန်၊ မောင်မောင်သိုက်၊ မြတ်ဝင်းထိန်၊ ဦးအောင်သိန်း(အငြိမ့်ဇာတ် ကားလိပ်ပန်းချီ)၊ ကိုအေးကြူ၊ ဦးအုန်းဖေ(ဆိုင်းဘုတ်ပန်းချီ)၊ မောင်မြတ်မှိုင်း(လမင်းတရာ)၊ ဦးသိန်းမောင်(စစ်ကိုင်း)၊ ကံချွန်၊ တွတ်တွတ်... ငယ်တုန်းရွယ်တုန်း ဆုံးပါးသွားကြတဲ့ ဘိုဘိုသာ(အမရပူရ)၊ ငြိမ်းဦး၊ ညမင်းကျော်၊ စန်းလွင်၊ ပန်းချီဒီဇိုင်းမောင်ညီညီ... သူတို့ အကြောင်းတွေ ရေးချင်မိတယ်... "ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ" ဆိုပြီးတော့ပေါ့...
စိုးဝင်းငြိမ်း
05:11 AM
22 Oct 2018

"ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ (၃)"


ဦးခင်မောင်(ဘဏ်)နဲ့ ကျနော်
အပိုင်း(ဂ)
၆ပေ ၃ပေ ကျူရှင် ပိုစတာကို ဆိုက္ကားပေါ်က ချကာ ကျူရှင်စာသင်ခန်းပေါက်အနားနံရံမှီထားပြီး ကျူရှင်ခန်းထဲ ဝင်လိုက်တဲ့အခါ နံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားတွေကြောင့် တအံတသြ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်... ပန်းချီကားတွေကို မျက်တောင်မခတ်ကြည့်နေမိတယ်... ကျူရှင်စာရေးက ပိုစတာရေးခ ဘယ်လောက်လဲလို့ မေးမှပဲ သတိပြန်ဝင်လာတယ်... ပိုစတာရေးခ တရာ့ငါးဆယ်လို့ ပြန်ဖြေတော့ ကျူရှင်စာရေးက ပိုက်ဆံထုတ်ပေးတယ်... ကျူရှင်စာရေးပေးတဲ့ပိုက်ဆံကို ရေမကြည့်တော့ပဲ အိပ်ကပ်ထဲထည့်ရင်း နံရံပေါ်က ပန်းချီကားတွေကိုပဲ အဆက်မပြတ်ငေးကြည့်နေမိတယ်... ကျူရှင်စာရေးကို ပန်းချီကားတွေ ကြည့်ပါရစေဆိုပြီး ခွင့်တောင်းပြီး ကျူရှင်ထဲဝင်ကြည့်တယ်... ကျူရှင်က စာသင်ချိန်မရှိသေးချိန်မို့ ပန်းချီကားတွေကို အေးအေးဆေးဆေး ကြည့်ရတယ်... ပန်းချီကားတွေက ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ ပန်းချီကားတွေပေါ့... ဆရာကြီးရဲ့ ပန်ချီကားကို ဖျတ်ကနဲတွေ့လိုက်ရတော့ ကျူရှင်တခန်းလုံး လင်းလက်သွားသလို ခံစားရတယ်... ထန်းတောထဲမှာ ထန်းရည်သောက်ပြီး မူးထွေနေတဲ့ ထန်းရည်သမားတွေကို စိမ်းဝါရောင်တွေကဲကဲ ရေးထားတဲ့ ပန်းချီကား.. Futurismသဘောနဲ့ ပန်းချီကားတကားလုံးမှာ ပါတဲ့ ဒိုးပတ်တီးသူ လကွင်းခြမ်းတီးသူ ဝါးလက်ခုပ်တီးသူ နှဲမှုတ်နေသူတွေ အားလုံး မြူးပျော်တီးမှုတ်နေတဲ့ ဒိုးပတ်ဝိုင်းပန်းချီကား... မိန်းမပျိုလေးတွေ ကြက်ဖခွပ်နေတာကို ရေးထားတဲ့ ပန်းချီကား...စိမ်းညို့အေးမြနေတဲ့ ရှမ်းပြည်ဘက်တောင်ပေါ်မြေနီလမ်းလေးကို ရေးထားတဲ့ ပန်းချီကား...
ဆရာကြီးရဲ့ ပန်းချီကားကို ကက်တလောက်ထဲမှာ... ပြက္ခဒိန်ထဲမှာသာတွေ့ဖူးတာ အပြင်မှာ ဒါလောက်များများ မတွေ့ဘူးမမြင်ဖူးဘူး... ဆရာကြီးဦးခင်မောင်(ဘဏ်)နဲ့ သားချင်းမကင်းတဲ့ ကိုအောင်မင်းတို့ အိမ်က ရွှေတိဂုံဘုရားပန်းချီကားပဲ တွေ့ဖူးတာပါ...
ဆရာကြီးရဲ့ မူရင်းပန်းချီကားတွေကို တကားချင်း စေ့စေ့ကြည့်မိတယ်... ကုသိုလ်ကံကြီးလို့သာ ဆရာကြီးရဲ့ ပန်းချီကားတွေကို ဒီလိုကြည့်ခွင့်ရတယ်လို့ စိတ်ထဲ အောက်မေ့မိတယ်... ကျူရှင်စာသင်ခန်းနဲ့ ကျူရှင်ဆရာကို လေးစားမိတယ်...
ကျူရှင်က မန္တလေးမှာ အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာဦးသန်းညွန့်ရဲ့ ကျူရှင်ခန်းပါ... အဲဒီအချိန်တုန်းက ကျူရှင်လောကမှာ ဆရာဦးသန်းညွန့်(အင်္ဂလိပ်စာ)က မန္တလေးမှာ လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားနေချိန်ပေါ့...  ဆရာဦးသန်းညွန့်က ဆရာကြီးဦးခင်မောင်(ဘဏ်)ရဲ့ ပန်းချီကားတွေကို ဝယ်ယူစုဆောင်းထားသူပါ... အဲဒီခေတ်(၁၉၈၂ဝန်းကျင် မဆလခေတ်)လို ပန်းချီဆရာတွေမှာ ပန်းချီဆေး ရှားပါး... ကင်းပတ်ဆေးရှားပါး.. ပန်းချီကားဝယ်ယူတဲ့သူ ရှားပါးတဲ့ အခြေအနေမျိုးမှာ ပန်းချီကား ဝယ်ယူစုဆောင်းတဲ့သူဖြစ်တဲ့ ဆရာဦးသန်းညွန့်ဆိုသူ ကျူရှင်ဆရာကလည်း ရှားရှားပါးပါး ဆရာပါပဲ... အဲ့ဒီတုန်းက ဆရာဦးသန်းညွန့်က ကိုစစ်(စစ်ငြိမ်းအေး)နဲ့ တပူးပူးတတွဲတွဲ ရှိနေကြတဲ့အချိန်ကာလပေါ့... ဆရာဦးမျိုးအောင်-မြန်မာစာ(ဇာတ်ညွှန်းဒါရိုက်တာ ငြိမ်းမင်း)လည်း ဆရာပေါ်ဦးသက် ပန်းချီကားတွေ ဝယ်ယူစုဆောင်းတဲ့ ရှားရှားပါးပါး ကျူရှင်ဆရာတယောက်ပါပဲ... (အခုခေတ်မှာတော့ ပန်းချီကားတွေ ဝယ်ယူစုဆောင်းနေတဲ့ ကိုစောငြိမ်း အောင်မြင်သူစီးပွားရေးလုပ်ငန်းအုပ်စု ဆိုတာလည်း မှတ်တမ်းတင်ရမယ့် မန္တလေးသား ရှားရှားပါးပါး စီးပွားရေးသမားတဦးပါပဲ..)... အဲ့ဒီအချိန်ကာလက ကျူရှင်လောက အဆင်ပြေနေသလို ကျူရှင်တွေကို မှီပြီး ပန်းချီဒီဇိုင်းဆိုင်းဘုတ်ပိုစတာရေးနေကြရတဲ့ ပန်းချီဒီဇိုင်းရေးနေရသူတွေလည်း အလုပ်အကိုင် အဆင်ပြေကြရသပေါ့... အဲ့ဒီခေတ်ကျူရှင်လောကမှာ ကျူရှင်စာအုပ်အဖုံးဒီဇိုင်းတွေရေးတာ နာမည်ကြီးအောင်မြင်သူတွေက စစ်ငြိမ်းအေး၊ မောင်မောင်ချိုဦး၊ မောင်မောင်တင်သိဏ်း၊ ငြိမ်းဦး၊ ညွန့်ဝေသစ်၊ မောင်ညီညီ၊ မြင့်အောင်ချစ်၊ မောင်နေဆန်း၊ တင်အောင်လေး တို့ပေါ့... မောင်နေဆန်း၊ ကိုတင်အောင်၊ မောင်မောင်အေးကြူ တို့က ပိုစတာရေးတာမှာ ပိုပြီးနာမည်ကျော်သပေါ့... ကျနော်လည်း ကျူရှင်စာအုပ်တွေမှာ ဖယောင်းလက်ရေးလေးတွေ စရေးစပြုနေပါပြီ.. (တချို့နာမည်တွေ မေ့နေတာလည်း ရှိပါတယ်)... အဲ့ဒီကာလက ကျူရှင်စာအုပ်အဖုံးဒီဇိုင်းတွေမှာ စစ်ငြိမ်းအေးနဲ့ မောင်မောင်ချိုဦးတို့ရဲ့ ဒီဇိုင်းတွေကို ကျနော်အဖို့ အားကျကြိုက်နှစ်သက်မိတယ်... ကိုငြိမ်းဦးရယ် မောင်မောင်ချိုဦးရယ် ကိုအေးကြူရယ်က တတွဲတွဲရှိနေကြတဲ့အချိန်... ကိုချိုဦးက ဒီဇိုင်းရေးတာများပြီး ပိတ်စဘောင်ကျက် ပိုစတာသိပ်မရေးဖြစ်တော့ ကျူရှင်ပိုစတာတချို့ကို ကိုငြိမ်းဦးနဲ့ လွှဲပေးတတ်တယ်.. အဲ့ဒီတုန်းက ကိုငြိမ်းဦးက ကီးဦးစိုးတင့် အင်္ဂလိပ်စာကျူရှင်မှာ ပိုစတာတွေ အဖုံးဒီဇိုင်းတွေ ရေးရတာများပါတယ်... အခုလည်း ဆရာဦးသန်းညွန့်ရဲ့ အနီးကပ်လပြတ်ကြော်ငြာပိုစတာကို ကိုငြိမ်းဦးရေးဖို့လွှဲတော့ ဆရာဦးသန်းညွန့်ရဲ့ ကျူရှင်ခန်းကို ရောက်ဖို့ အကြောင်းဖန်လာတာပေါ့... ဆရာကြီးပန်းချီကားတွေနဲ့ မြင်တွေ့ရဖို့ ဖြစ်လာတာပေါ့ဗျာ... အဲ့ဒီအချိန်ကာလမှာ နာမည်သိပ်မကြီးတဲ့ ဦးစိုးစိုး သင်္ချာနဲ့ ကိုအောင်မင်းအင်္ဂလိပ်စာ (ဆရာကြီးဦးခင်မောင်နှင့်သားချင်းမကင်းသူ)တို့ရဲ့ကျူရှင်စာအုပ်အဖုံးလေးတွေတော့ နာမည်မရသေးတဲ့ ကျနော်မှာ ရံဖန်ရံခါရေးရတယ်...
ဆရာကြီးရဲ့ မူရင်းပန်းချီကားကို တွေ့ပြီးတော့ ဆရာကြီးဆီမှာ တပည့်ခံ ပညာသင်ဖို့စိတ်က ကြွကြွလာတာပေါ့... ဆရာဦးသန်းညွန့်ကျူရှင်ကအပြန် ကိုအောင်မင်းတို့အိမ်ကို ဝင်ဖြစ်တယ်...(ဆက်ရန်)
စိုးဝင်းငြိမ်း
06:54 AM
26 Oct 2018
ဆရာဝသုန် ကွယ်လွန်တာ ၁၀နှစ်ပြည့်အမှတ်တရပွဲ သွားဖြစ်တော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် ကိုယ်နဲ့သိကျွမ်းတဲ့ ကိုယ်လေးစားရတဲ့ ပန်းချီဆရာတွေ အကြောင်းရေးချင်စိတ် အတွေးပေါ်လာတယ်... မန္တလေးရန်ကုန် ပန်းချီဆရာတွေ အကြောင်းပေါ့... ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာကြီးတွေ စရေးရင် ကောင်းမလား... ဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးခင်မောင်(ဘဏ်)၊ ဦးအောင်ခင်၊ ဦးဘရင်လေး၊ ပေါ်ဦးသက်၊ ဦးဘရင်(နိပတ်တော်ပန်းချီ)၊ ဦးနန်းဝေ၊ ဒေါက်တာသန်းထွန်း၊ မောင်ငွေထွန်း၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ ဦးကံညွန့်၊ ဦးချစ်ငြိမ်း၊ တိုင်းကျော်(ပိုစတာ)၊ ခင်မောင်ရင်၊ စံတိုး၊ ခင်ဝမ်း၊ ဝသုန်၊ မောင်မောင်သိုက်၊ မြတ်ဝင်းထိန်၊  ဦးအောင်သိန်း(အငြိမ့်ဇာတ် ကားလိပ်ပန်းချီ)၊ ကိုအေးကြူ၊  ဦးအုန်းဖေ(ဆိုင်းဘုတ်ပန်းချီ)၊ မောင်မြတ်မှိုင်း(လမင်းတရာ)၊ ဦးသိန်းမောင်(စစ်ကိုင်း)၊ ကံချွန်၊ တွတ်တွတ်... ငယ်တုန်းရွယ်တုန်း ဆုံးပါးသွားကြတဲ့ ဘိုဘိုသာ(အမရပူရ)၊ ငြိမ်းဦး၊ ညမင်းကျော်၊ စန်းလွင်၊ ပန်းချီဒီဇိုင်းမောင်ညီညီ... သူတို့ အကြောင်းတွေ ရေးချင်မိတယ်... "ဖျတ်ကနဲ လက်ကနဲ တွေ့ခဲ့ရ စုတ်ချက်များ၊ အရောင်များ၊ ဘဝများ" ဆိုပြီးတော့ပေါ့...
စိုးဝင်းငြိမ်း
05:11 AM
22 Oct 2018

ပန်းချီMin Zaw ကိုဇော်ဟိန်းရဲ့ စင်္ကာပူမှာပြနေတဲ့ ပြပွဲအတွက် ဆောင်းပါတစ်ပုဒ်ရေးပေးဖြစ်တယ်။ Art Seasons Gallery မှာလုပ်နေတဲ့ပွဲပါ။ ဆောင်းပါးရဲ့မြန်မာဗားရှင်းကို ဒီမှာရှယ်ပေးလိုက်ပါတယ်။ အင်္ဂလိပ်ဗားရှင်းကိုနုတ်စ်နဲ့တင်ထားတယ်၊ ဘာသာပြန်ပေးသူက ကိုKe Su Thar ပါ။ ကြေမွမျက်နှာပြင်ပေါ်က နက်ရှိုင်းတဲ့ရောင်ပြင်


--------------------------------------
(ပန်းချီမင်းဇော်၏ စက္ကူကပ်လက်ရာများကို ကြည့်ရှုခြင်း)။
သဘာဝလောကရဲ့အခြေနေတွေကို အနုပညာရှင်တွေဆီကနေတစ်ဆင့်ကျနော်တို့ပြန်လည် ခံစားမိတတ်ကြတယ်။ တစ်ခါတလေတိုက်ရိုက်ထိတွေ့ပြီး တစ်ခါတလေ အချိန်ယူခံစား စီးမြောမှုတွေ ဖြတ်သန်းရတယ်။ အနုပညာတွေအားလုံးဟာ သဘာဝကနေအခြေခံဖြစ်တည်လာကြသလိုလအလ င်းရောင်တွေ၊အသံတွေ၊ အထိတွေ့တွေနဲ့ ရသအာရုံအမျိုးမျိုးတွေကနေ လှုံ့ဆော်ကြတယ်။ အမြင်ရသ ကိုဦးစားပေးတဲ့ ပန်းချီလက်ရာတစ်ခုကနေ ရရှိနိုင်တဲ့ ခံစားမှုအဆင့်ဆင့်တွေများစွာရှိပါတယ်၊ အဲဒီထဲကတစ်ခုကတော့ ကျနော်တို့မတွေ့ဖူးသေးတဲ့ ကမ္ဘာတစ်ခုကို အနုပညာရှင်က မိတ်ဆက်ပို့ဆော င်ပေးနိုင်ခြင်းပါပဲ။ တစ်ခါတစ်ရံစိတ်လှုပ်ရှားဖွယ် သံသယတွေ ဝိရောဓိဖြစ်စရာတွေရှိသလို တစ်ခါတစ်ရံ ငြိမ်ဆိတ်အေးချမ်းပြီး စိတ်ရဲ့အနားယူချိန်တစ်ခုလို သက်သောင့်သက်သာရှိစေနိုင်တယ်။ မော်ဒန်ပ န်းချီရဲ့ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ဟင်နရီမားတီးစ်ပြောဖူးသလို “ ငါ့ရဲ့ရည်မှန်းချက်ဟာ သန့်ရှင်းကြည် လင်းပြီးအေးချမ်းသက်သာနေတာမျိုး မျှမျှတတချိန်ဆရတဲ့အနုပညာတစ်ခုပေါ့၊ စိတ်ညစ်ညူးစရာတွေ ရှုပ်ရှုပ်ရှက်ရှက်တွေမပါတဲ့ သက်တောင့်သက်သာဖြစ်မှုမျိုး...ဥပမာပြောရရင် ပက်လက်ကုလား ထိုင်တစ်လုံးလိုပေါ့” ဆိုတဲ့စကားလိုပဲ ပိုင်ပိုင်နိုင်နိုင်ရှိပြီး ကိုယ်ခန္ဒာရဲ့အလေးချိန်ကို သက်သက် သာသာလေးချိန်ညှိနေလို့ရတဲ့ အမြင်အနုပညာတွေများစွာရှိပါတယ်။ ရိုးရှင်းတည်ငြိမ်သလောက် နက်ရှိုင်းတဲ့ဟင်းလင်းပြင်တွေထိ တိုးဝင်သွားနိုင်တဲ့ မာ့ခ်ရော့သ်ကိုရဲ့ ရောင်ပြင်ပန်းချီလက်ရာတွေလို မျိုး အရောင်တွေ၊ အလင်းတွေဟာ အလွှာအထပ်ထပ်ဖြတ်သန်းပြီး ကြည့်သူရဲ့အာရုံကိုစူးစိုက်စေတဲ့ သဘာဝလွန် အရသာတွေလည်းရှိပါတယ်။
ပန်းချီမင်းဇော်ရဲ့ အစောပိုင်းပန်းချီလက်ရာတွေက ရိုးရှင်းမှု၊ မြင်လွယ်မှုနဲ့ ဒီဇိုင်းဖွဲ့စည်း မှုအားကောင်းလှတယ်၊ မြန်မာရဲ့သရုပ်သကန်၊ သင်္ကေတ၊ မှတ်တမ်းအပိုင်းအစတွေပါဝင်ပြီး နံရံပန်းချီအပိုင်းအစလေးတွေ၊ ထုထည်ပေါ်လွင်လှတဲ့ဘုရားပုထိုးတွေ၊ လွတ်လပ်တဲ့တကြောင်းဆွဲမျ ဉ်းလိုင်းနဲ့ရေးဆွဲထားတဲ့ သာမာန်လူတွေ ရဲ့ပုံတွေကိုတွေ့ရပါတယ်။ ထူးခြားတဲ့သတိပြုမိစရာတစ်ခုက အနီရောင်ရဲရဲတွေပြင်ညီအပြည့်ဖြစ်နေတဲ့ ပုဂံဘုရားပုထိုးပုံတွေပါ။ ပန်းချီမင်းဇော်ဟာ မျက်စိပသာဒ ထက် မြင်ကွင်းသဘာဝဖြစ်တည်နေမှုကို သေသေချာချာစူးစိုက်ကြည့်တတ်သလို အရာဝတ္ထုတွေရဲ့ မျက်နှာပြင်အသားသဘောကို ပိုမိုခံစားမိသူတစ်ဦးပါပဲ။ သူ့ရဲ့မျက်နှာပြင် သဘာဝသရုပ်မှန်ထင်ဟပ် ချက်တွေကို နံရံပန်းချီတစ်စိတ်တပိုင်းဖွဲ့စည်းမှုတွေကနေ စတင်တွေ့ရှိရတယ်။ သူ့ရဲ့ “အနီရောင်ပုဂံ” ပန်းချီစီးရီးတွေမှာလည်း ဒီလိုကြမ်းတမ်းဖုထစ်နေတဲ့ ဘုရားပုထိုးတွေရဲ့အုတ်နံရံမျက်နှာပြင်တွေကို အမိအရဖေါ်ပြထားတာမြင်ရပါတယ်။ ဒါဟာသဘာဝသရုပ်မှန်ရဲ့အလွန် (ဆာရီရယ်) ရသဖက်ကို ပိုယိမ်းနေတဲ့ သရုပ်မှန်လွန်မှတ်တမ်းတင်မှုတစ်ခုလိုပါပဲ။ ပြင်ပသဘာဝရဲ့သရုပ်သကန်တွေနဲ့ ဆင်တူပြီး သဘာဝရဲ့ထူးကဲထင်ရှားတဲ့ ကြမ်းတမ်းခက်ထရော်မှုတွေကိုအနီးကပ်မြင်ရတဲ့ လူသားရဲ့မြင်နိုင်စွမ်း ထက် ကျော်လွန်ဖေါ်ထုတ်ထားတာမျိုးပါပဲ။ ဒါပေမယ့် ပန်းချီမင်းဇော်ရဲ့ထူးခြားချက်တစ်ခုက အိမ်မက်မြင်ပန်းချီ(ဆာရီရယ်လစ်ဇင်) ရဲ့ ပင်မလမ်းကြောင်းက ရုပ်ပုံသရုပ်ဖေါ်မှုဆန်တဲ့ လှိုှ့ဝှက်နက်နဲမှု တုန်လှုပ်ဖွယ်ရာဟန်တွေမပါဝင်တဲ့ အခြားရိုးရှင်းရှင်းအိမ်မက်ကမ္ဘာလောကတစ်ခုဖြစ်နေခြင်းပါပဲ။
ပန်းချီမင်းဇော်ရဲ့ ဘဝကောက်ကြောင်း။
ရှင်းလင်းသေသပ်လှတဲ့ အရောင်ပြင်အားပြူပန်းချီများကို ဖန်တီးသူတစ်ဦးဖြစ်တဲ့ ပန်းချီမင်းဇော် ဟာ အစိုးရပန်းချီအနုပညာကျောင်းကိုတက်ရောက်သင်ယူပြီးချိန်မှာ ရိုးရှင်းတဲ့ရှုခင်းအသားပေး ရေဆေးပန်းချီများကို ၁၉၉၀ ကျော်မှ စတင်ဖန်တီးရေးဆွဲခဲ့တယ်။ သူ့အနုပညာခရီးလမ်းဟာ ရသဦး စားပေးပန်းချီကားဖန်တီးမှုနဲ့ ဈေးကွက်မှာအောင်မြင်မှုရတဲ့ ကလေးတို့အကြိုက် ကာတွန်းဇာတ်ကောင် ဘိုဘိုရဲ့ ဖန်တီးသူအဖြစ်ပြိုင်တူ လျှောက်လှမ်းလာခဲ့တာပါ။ အစိုးရဝန်ထမ်းဖခင်နဲ့ အိမ်ရှင်မ မိခင် တို့ကမွေးဖွားလာပြီးပန်းချီမျိုးရိုးလည်းမရှိခဲ့သူ၊ ရသပန်းချီလက်ရာတွေဖန်တီးဖို့ အမြဲအားမာန်တက် ကြွနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကာတွန်းဖန် တီးမှုလောကထက် ပန်းချီလက်ရာဖန်တီးရတဲ့ လွတ်လပ်မှုအပေါ်ပိုမိုစွဲလမ်းနှစ်သက်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ အခြားခေတ်ပြိုင်မျိုးဆက်တွေရဲ့ အနုပညာခရီးလမ်းအတိုင်း ရိုးရှင်းတဲ့အနောက်တိုင်းပန်းချီအခြေခံစနစ်တွေကို အစိုးရအနုပညာ ကျောင်းမှာသင်ယူခဲ့ပြီး တက္ကသိုလ်အဆင့်မှာ ပိုမိုပြည့်ဝတဲ့ပန်းချီသဘောတရားများကိုဖြည့်ဆည်းလေ့ လာသင်ယူခဲ့တယ်။ သဘာဝသရုပ်မှန်နဲ့ အာရုံမြင်ပန်းချီဟန်တွေကြားမှာ ကိုယ်ဟန်ပိုင်ရှာဖွေခြင်းကို မရပ်မနားဆက်တိုက်လုပ်ဆောင်နေခဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ရေဆေးပန်းချီ၊ မှင်ခြစ်ဆန်ဆန် ရေမြောလက်ရာများ၊ အင်အားပြည့်တဲ့ အခရိုင်းလစ်ပန်းချီတွေနဲ့ နောက်ပိုင်း ကင်းဗတ်စတွေကို တွန့်ခြေပြီး မှုတ်ဆေးနဲ့ဖန်တီးတဲ့ တွန့်ခေါက်ကြေမွပန်းချီလက်ရာတွေအထိ ခရီးအဆင့်တွေများ စွာရှည်လျှားခဲ့တယ်။ သူဟာ ပန်ချီခေတ်ရဲ့ အတွေးအမြင်(အိုင်ဒီယိုလိုဂျီ)အပြောင်းလဲတွေထဲကို လိုက်ပါစီးမြောလေ့ရှိပြီး သူ့ရဲ့ အနုပညာခံယူချက်ဟာ သူဖန်တီးတဲ့ပန်းချီလက်ရာတွေလိုပဲရိုးရှင်းတ ည်ငြိမ်လှပါတယ်။ မြန်မာပြည်ရဲ့ဝိသေသ လက္ခဏာတစ်ချို့ကို မော်ဒန်ပန်းချီခေတ်ရဲ့အမြင်အယူအ ဆမျိုးနဲ့ဖွဲ့စည်းတင်ပြထားချက်တွေအပြင် မီနီမယ်လစ်ဇင်ဟန်လွှမ်းမိုးတဲ့ ရောင်ပြင်ပန်းချီတွေအထိ ပါဝင်နေတယ်လို့ခံစားရပါတယ်။ သူနှစ်ခြိုက်တဲ့ ပန်းချီဆရာတွေထဲမှာပြင်သစ်ပန်းချီကျော် မားတီးစ် လည်းပါဝင်တယ်။ အရောင်စက္ကူတွေ ဖြတ်ညှပ်ပီး အထားအသိုချိန်ဆ ဖွဲ့စည်းနေကြတဲ့ ပေါင်းစပ်မှု အင်အားမျိုးကိုသူနှစ်ခြိုက်တယ်၊ ဒါပေမယ့် အရောင်တွေရဲ့သာမာန်အဓိပ္ဗါယ်တွေ လို အနီရောင်ရဲ့ရဲရင့်တက်ကြွမှုတို့ဘာတို့ကို ပြောချင်တာတော့မဟုတ်ဘူးလို့ဆိုပါတယ်။ သာမာန်အဓိပါယ် တွေနဲ့ ပန်းချီလက်ရာတစ်ခုကို ခံစားကြည့်ရှုတာထက် ပန်းချီဆရာရဲ့ပြင်ပသဘာဝအပေါ်ခံစားသက်ဝင်ထား တဲ့ စိတ်အခြေနေကိုဖမ်းဆုပ်မိဖို့က ပိုအရေးကြီးတယ်လို့သူယူဆပါတယ်။
(ကော်လာ့ချ်)စက္ကူကပ် ရှုမျှော်ခင်းများ။
ပန်းချီမင်းဇော်ရဲ့လက်ရာအသစ်တွေက အခရိုင်းလစ်နဲ့ရောင်စုံစက္ကူတွေကို သုံးထားတယ်၊ တွန့် ကြေနေတဲ့မျက်နှာပြင်တွေကိုအသားပေးထားတယ်၊ ဒီနည်းစနစ်ကို ကိုယ်တိုင်စမ်းသပ်ဖြစ်ခဲ့တာက သူ့ပန်းချီကားပုံကြမ်းဟောင်းတွေ တွန့်ကြေနေတာတွေ့ပြီး ဒီနည်းကိုအသုံးချဖို့အလင်းပွင့်ခဲ့တယ်ဆို ပါတယ်။ သူအရင်ကထဲက ရှာဖွေနေတဲ့ မျက်နှာပြင်တွေရဲ့ရုံးကြွနေမှု၊ တစ်နည်းအားဖြင့်ကင်းဗတ် မျက်နှာပြင်ရဲ့အတွင်းထဲကိုပိုရောက်နိုင်မယ့်နည်းလမ်းပေါ့။ ပန်းချီမင်းဇော်ရဲ့ တောင်တန်းတွေလို တိမ်လိပ်တွေလို နံရံတွေနဲ့ သစ်တောအုပ်တွေရဲ့ သဘာဝကျကျအသားသဘောတွေကိုဖွဲ့စည်းကြည့် တယ်။ သဘာဝမြေသားရဲ့ ညီညာချောမွေ့မှုမရှိတဲ့ တွန့် ခေါက်မျက်နှာပြင်တွေကိုအသားပေးထားခြင်း ဟာ သဘာဝကိုကူးယူတုပခြင်းထက်ပိုမိုတဲ့ နက်ရှိုင်းတဲ့သင်္ကေတ သဘောတွေကိုတွေ့ရတယ်။
သဘာဝဆီကနေမထင်မှတ်ပဲရရှိလိုက်တဲ့ အမြင်ရသတစ်ခုအပေါ်မှာ စူးစိုက်ဆင့် ပွားပြီး ပြန်လည်ဖန်တီးဖို့ သူ့အတွက် တွန်းအားတစ်ခုဖြစ်စေခဲ့တယ်၊ နေ့စဉ်ဘဝမှာ ရုန်းကန်လှုပ်ရှားနေရတာတွေ သဘာဝကုန်း မြေပြင် ကိုယ်တိုင် ရာသီဥတုအမျိုးမျိုးကြားမှာ ပြောင်းလဲတည်ရှိနေတာတွေ မညီညာမချော မွေတဲ့ဘ၀ အခြေနေအရပ်ရပ်တွေကို သတိပြုမိတဲ့သူတစ်ဦးအနေနဲ့ သရုပ်မှန်ရဲ့အခြားတဖက်ကိုသွားလိုတဲ့ဆန္ဒ တစ်ခုလည်းဖြစ်တယ်။ ဒီလိုကြမ်းတမ်းတဲ့ဘဝနေထိုင်မှုတွေထဲမှာ ကပြနေရတဲ့ပြဇာတ်တစ်ပုဒ်ရဲ့ဇာတ် ဆောင်တစ်ဦးနေရာမျိုးခံစားမိကြမှာအသေချာပါပဲ။ သူ့ရဲ့ စက္ကူအရောင်ပြင်တွေဟာ ဒီလိုဘဝဇာတ်ခုံ အခြေနေတွေကြားက လူသားဘဝကို နောက်ခံကားချပ်တစ်ခုအလား ပံ့ပိုးပေးပြီး ထင်ရှားလာစေတဲ့ ဟင်းလင်းပြင်တွေ ဖြစ်နေပါတယ်။ အနောက်တိုင်းပန်းချီသမိုင်းမှာ 1920 ဝန်းကျင်က ပီကာဆိုနဲ့ဂျော့ချ် ဘရက်တို့ဟာ စက္ကူနဲ့ အခြားပစ္စည်းတွေကို ပန်းချီကားချပ်တွေပေါ်ကပ်ပြီးဖန်တီးစမ်းသပ်ကြတယ်။ ကော်ဖြင့်ကပ်ခြင်းကိုခေါ်တဲ့ Collage ဆိုတဲ့ပန်းချီဟန်ဟာ ပန်းချီနဲ့ပန်းပုကိုပေါင်းစပ်လိုက်တဲ့အခေါ်ဝေါ် မျိုးဖြစ်လာတယ်။ အာရှရဲ့ပန်းချီသမိုင်းမှာတော့ စက္ကူဟာစာရေးခြင်းရုပ်ပုံဆွဲခြင်းတွေနဲ့တွဲပြီးသမိုင်း ရှည်လျှားခဲ့တယ်၊ စက္ကူနဲ့ ဖန်တီးတဲ့အနုပညာတွေ လက်မှုပညာနဲ့ လူရုပ်ချိုးပညာတွေကိုတွဲလျှက်သိ ခဲ့ကြပါတယ်။ ပန်းချီမင်းဇော်ရဲ့ စက္ကူကပ်ရှုမျှော်ခင်းတွေကတော့ ပန်းချီကားတစ်ချပ်အနေနဲ့ကြည့်တာ ထက် ထုထည်အနိမ့်မြင့်တွေဖေါ်ထားတဲ့ ရုပ်ရှင်ဆက်တင်တစ်ခုလို၊ (သို့မဟုတ်) ပန်းချီရဲ့မူလသတ်မှတ် ချက်ဘောင်တွေကို ချိုးဖျက်ပြောင်းလဲတည်ဆောက်ခြင်းလို့လည်း ယူဆနိုင်ပါတယ်။ ကိုယ်တိုင်ဝင် ရောက်ပြီး သက်ဝင်လှုပ်ရှားနိုင်တဲ့လောကတစ်ခုအဖြစ် အရသာခံစားကြည့်ဖို့ကောင်းပါတယ်။
လျော့ချထားတဲ့ အရောင်ဟင်းလင်းပြင်။
ပန်းချီမင်းဇော်ဟာ အရောင်ရွေးချယ်မှုမှာ စနစ်တကျသတ်မှတ်တဲ့ လွှမ်းမိုးမှုအရောင်တစ်မျိုး ကိုပဲဦးစားပေးသုံးတယ်။ သူ့ရဲ့ လက်ရာတွေမှာ အခြေခံမူလအရောင် ဝါနီပြာတွေကို အရောင်စစ်စစ် တွေချညသ် ုံးပြီး ဆေးရောငအ် စပ်တွေမပါသလောကပ် ါပဲ။ သရ့ူ ဲ့လကရ် ာတွေဟာ အလွှာအချပအ် ထပထ် ပ်တွေနေရာချဖန်တီးထားတဲ့ အိမ်မက်ရှုမျှော်ခင်းတစ်ခုလိုပါပဲ။ သဘာဝကျကျအရောင်သွေးစုံတွေထက် လျော့ချထားတဲ့အရောင်သုံးစွဲမှုနဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေကို တွေ့ရတယ်။ ပန်းချီကားတွေဟာ အနီရောင်ကမ္ဘာ၊ အပြာရောင်ကမ္ဘာ၊ အစိမ်းရောင်ကမ္ဘာ စသည်ဖြင့်ပြောနိုင်လောက်အောင် အရောင်ပြင်ကိုအားပြုထားတယ်။ ဒီအရောင်ပြင်တွေကို ပိုမိုနက်ရှိုင်း ရုံးကြွနေစေတာက တွန့်ကြေနေတဲ့မျက်နှာပြင်တွေပါပဲ။ သူ့ရဲ့အပြာရောင်ရင့်ရင့်တောင်တန်းကြီးဟာ အမြင်နီးပြီးခရီးဝေးတယ်လို့ဆို တဲ့မြန်မာနိုင်ငံရဲ့ရှမ်းကုန်မြေမြင့်အလွှာထပ်ထပ်တွေကို ညကောင်းကင် မှာမျှော်ကြည့်နေရသလိုပါပဲ၊ ဒါပေမယ့် လက်တွေ့အမြင်ထက် စိတ်ကူးယဉ်ကမ္ဘာ၊ အိမ်မက်ကမ္ဘာပဲ တွေ့ရတဲ့မြင်ကွင်းမျိုးပါ။ ထူးခြားချက်နောက်တစ်ခုက မီဒီယံသုံးစွဲမှုပါ။ ပန်းချီမှာဆေးရောင်တွေသုံးစွဲသလိုပဲ စက္ကူရဲ့သူ့နဂိုသ ဘာဝမှာလည်းရိုးရှင်းတဲ့ထုထည်သဘောကိုဆောင်ပြီး ကိုယ်ပိုင်အားသာချက်ရှိပါတယ်။ ဆေးရောင်ေ တွကိုစုတ်တံအကူညီနဲ့ထိမ်းကွပ်ရတဲ့ပန်းချီနဲ့ ညီညာတဲ့အရောင်စက္ကူချပ်တွေကို နေရာချရတဲ့ထုတ် လုပ်မှုဒီဇိုင်းဆရာလိုအနေအထားမျိုး ကွဲပြားမှုရှိနိုင်ပါတယ်။ ဒီနေရာမှာအရေးကြီးတဲ့တစ်ချက်က မီဒီ ယံအစွဲလမ်းကလွတ်မြောက်ခြင်းပါပဲ။ မိဒီယံဆိုတာ အသုံးချကြားခံတစ်ခု၊ မီဒီယံအပြောင်းအလဲဟာ နည်းလမ်းတစ်ခုအပြောင်းလဲထက်ပိုတဲ့ ရသခံစားမှုနဲ့အတွေးအမြင်အပြောင်းလဲကိုပါပေးနိုင်ပါတယ်။ ပန်းချီမင်းဇော်ရဲ့ မီဒီယံအပြောင်းအလဲဟာ သူ့ရဲ့အနုပညာရှင်ဘ၀ ခံယူချက်အပြောင်းလဲတစ်ခုကိုဦး တည်နေတာလည်း ဖြစ်နိုင်ပါတယ်။
လုံးခြေထားတဲ့ စက္ကူများ။
အရောင်စက္ကူရဲ့ ညီညာမှုအရသာနဲ့ အနုပညာရှင်ရဲ့ဖန်တီးမှုအကြားမှာ မီဒီယံအတားဆီး ဟာမှိန်လျော့သွားပြီးအခြားသတိပြုစရာများဆီကိုခေါ်ဆောင်သွားပါတယ်။ ဒီပန်းချီကားတွေမှာ ဘာအကြောင်းရာဆိုတဲ့ဇာတ် ကြောင်းပြောဖို့အစား ကြည့်သူကိုအခြားလောကတစ်ခုဆီခေါ်ဆောင် သွားစေတာမျိုး ကိုယ်တိုင်ပန်းချီကားထဲ က ပါဝင်နေရလိုခံစားမိစေနိုင်ပါတယ်။ ကြေမွနေတဲ့မျက် နှာပြင်တွေဟာ အနီးကပ်ကြည့်လေလေ အနိမ့်မြင့်မညီညာတဲ့ထုထည်သဘော တွေ မြင်ရလေလေပါပဲ။ လုံးခြေထားတဲ့ စက္ကူတွေပေါ် မှုတ်ဆေးအရောင်တွေ စွန်းပေနေတဲ့ မြင်ကွင်းဟာ သူ့ရဲ့ယခင်က ပုံကြမ်းစာရွက်ကြေမွနေတာတွေကို ပြန်လည်အမှတ်ရစေသလို သူတစ်လျှောက်လုံးဖန်တီးခဲ့တဲ့ ပုဂံနံရံ ပန်းချီအစိတ်အပိုင်းတွေထဲက မချောမွေတဲ့ကွဲအက်နံရံတွေကို သတိရစေခဲ့တယ်။ အမွေအနှစ် အဆောက်ဦးတွေဟာ လူဖန်တီးတဲ့ဖျက်စီးမှုတွေနဲ့ သဘာဝဘေးကြောင့်ကွဲကြေမှုတွေများစွာ ခံခဲ့ကြရပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်းကျင်က လမ်းတွေ၊ အိမ်တွေ တိုက်တာတွေ၊ သာမာန် လူတွေရဲ့အဝတ်စားတွေ နေ့စဉ်ဘဝတွေလိုပဲ ကြေမွတွန့်လိပ်နေတဲ့ ညစ်ထေးထေးဘဝတွေကို သဘာဝအလှတစ်ခုလိုကြည့်ခဲ့မြင်ခဲ့ကြရတာဆယစ်ုနှစ်တွေများစွာတငိုခဲ့ပြီးပေါ။့ခေတက်ာလနဲ့ဘဝကို အနုပညာဆန်စွာရင်ဆိုင်လေ့ရှိတဲ့ အနုပညာရှင်တွေကတော့ လုံးခြေထားတဲ့စက္ကူတွေပေါ်ကနေ ငြိမ်း ချမ်းတဲ့လောကမြင်ကွင်းသစ်တွေကို တစ်ဖန်ပြန်လည်ဖန်တီးပြနိုင်သူပါ။
ညီညာချောမွေ့ခြင်းနဲ့ ကြမ်းတမ်းဖုထစ်မှုများအကြားက နိုင်ငံရေး။
မြန်မာနိုင်ငံဟာ ကြီးမားနက်ရှိုင်းတဲ့ ရိုးမတောင်တန်းကြီးတွေ ရှမ်းကုန်းမြေမြင့်ကြီးတွေကာရံ ထားပြီး သဘာ၀ ရေမြေတောတောင်တွေထူထပ်လှတဲ့ ပထဝီအခြေခံတွေနဲ့တည်ရှိနေတယ်။ နက်ရှိုင်း တဲ့သဘာဝရဲ့မြေမျက်နှာ သွင်ပြင်တွေမှာ သင်ယူလေ့လာစရာမကုန်နိုင်တဲ့ လှိုု့ဝှက်ချက်တွေများ စွာပြည့်နှက်လျှက်ရှိတယ်။ အနောက်ဖက်မှာ အိန္ဒိယနဲ့ဘင်္ဂလာဒေ့ရှ်၊ အရှေ့ဖက်မှာ တရုတ်နဲ့အာဆီယံ နိုင်ငံများ ထိစပ်နီးကပ်လျှက်ရှိတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲတွေက အဖုအထစ်တွေများစွာနဲ့ ကြမ်းတမ်းလှတဲ့ခရီးရှည်တစ်ခုနဲ့ တင်စားရင် မှားမည်မထင်ပါ။ ၁၉၆၀ နောက်ပိုင်းကနေ ၁၉၈၈ ထိ တစ်ပါတီဆိုရှယ်လစ်လမ်းစဉ်ကိုကိုင်စွဲခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး၊ နိုင်ငံရေးရဲ့မချောမွေ့တဲ့ဂယက် တွေဟာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာလောက အပေါ်မှာ ရိုက်ခတ်လွှမ်းမိုးခဲ့ပြီး အမှောင်ဖုန်းတဲ့ခေတ်တစ်ခုလို နိုင်ငံသားတိုင်းရဲ့အသိဉာဏ်ပညာပွင့်လင်းမှုကို နဲပါးစေခဲ့ပါတယ်။ သက်ရှိသက်မဲ့ရုပ်ဝတ္ထုများအားလုံးဟာ ခြေမွခြင်းခံထားရလို့ ပုံစံပျက်ယွင်းနေတဲ့မျက်နှာပြင်တွေလိုမျိုး ညီညာဖြောင့်စင်းမှုကင်းနေပါတယ်။ ပန်းချီမင်းဇော်အပါဝင် ခေတ်ပြိုင်အားလုံးတို့ဖြတ်သန်းခဲ့ ကြတဲ့ ပညာသင်ကာလတွေဟာ အဲဒီခေတ်ကာလအချိန်တွေဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းနဲ့ဒွန်တွဲပြီး အမှောင် ကျနေခဲ့တဲ့အချိန်ခါမျိုးပါပဲ။
ဒါပေမယ့် အနုပညာဆိုတာ တားဆီးချုပ်ချယ်လို့မရသလို နေရာတိုင်းကနေဆက်သွယ်ကူးလူး နိုင်တဲ့သဘောရှိတဲ့အတိုင်း ပြင်ပက ဗဟုသုတအမျိုးမျိုးဟာ တိုင်းပြည်ထဲကို နည်းလမ်းအဖုံဖုံနဲ့ ဝင်ရောက်လာခဲ့ကြပြီး လူငယ်အနုပညာသမားတွေကို အတွေ့ကြုံသစ်တွေပေးခဲ့ပါတယ်။ ကမ္ဘာ့ အနုပညာခေတ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြတ် သန်းလာခဲ့ကြတဲ့ သူတွေအနေနဲ့ အမြင်ကနေသင်ကြားပြီး ကိုယ့်နိုင်ငံရဲ့ဝိသေသတွေကနေ အမြင်သစ်တစ်ခု ထုတ်ဖေါ်တင်ပြနိုင်ဖို့ ပန်းချီမင်းဇော်အပါဝင် အားလုံး
သောပန်းချီမျိုးဆက်တွေ ကြိုးစားခဲ့ကြပါတယ်။ ဒီကနေ့လူသစ်စိတ်သစ်နဲ့ နိုင်ငံသစ်ကိုဖေါ်ဆောင်ပြော င်းလဲကြမယ့်အချိန်မှာ ယခင်ကြမ်းတမ်းမှုတွေဟာ အေးချမ်းတည်ငြိမ်မှုတွေအဖြစ်ပြောင်းလဲသွားမှာပါ။ အဲဒီ ကြမ်းတမ်းခက်ထရော်မှုတွေကြားက သက်တောင့်သက် သာအမြင်ပသာဓကို ကျားခုတ်ကျားခဲ ရှာဖွေဖန်တီးနိုင်သူတွေထဲမှာ အခုပန်းချီမင်းဇော်ရဲ့ ရိုးရှင်းတည်ငြိမ်တဲ့သဘာဝရှုမျှော်ခင်းလေးတွေဟာ အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်ပါလိမ့်မယ်။
အောင်မြတ်ဌေး
၁၀ သြဂုတ် ၂၀၁၈
Ref:
1. Enchanting paperworks by Lae Phyu Pya Myo Myint, Myanmar Time 19 JAN 2018
2. DanutaZasada, Professor, Warsaw University, Collage Session,2018
3. Tate Modern Handbook, 2016.
4. Interview with Artist.
With Thanks to Mr. Terry form #ArtSeasonsGallery for this chance to writing.

ဂျပန် ဂုတိုင်ပန်းချီ (Gutai Art Association) ၁၉၅၄-၁၉၇၂ - ပထမပိုင်း


ဂုတိုင် ဂျပန်ပန်းချီအုပ်စု The Gutai Bijutsu Kyokai ကို ဂျိရော့ ယောရှိဟရ (Jirō Yoshihara) က ၁၉၅၄ ခုနှစ် အတွင်း ဂျပန်ပြည် အိုဆာကာမြို့နားမှာ ဖွဲ့စည်းခဲ့တယ်။ ဂုတိုင် ဆိုတဲ့အဓိပ္ပ ါယ်ကို အဖွဲ့ခေါင်းဆောင် ယောရှိဟရ အနေနဲ့က -- 'Gu' ဆိုတာက ဖန်တီးမှုအတွက် အသုံးချတဲ့ ကိရိယာ တန်ဆာပလာ ကိုဖော်ဆောင်ပြီး 'Tai' ဆိုတာက အကောင်အထည်ဖော်မှု လို့ မှတ်ယူပါတယ်။ သူတို့ကဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်ပန်းချီမှာ အင်မတန်အရေးပါ အရာရောက်တဲ့ အုပ်စုပါ။ အဖွဲ့ထောင်တဲ့အချိန်အခါမှာ အမေရိကားမှာ Abstract ပန်းချီက ခေတ်စားနေကြပါပြီ။ ဂုတိုင် တွေက ပန်းချီလောကမှာ တခါမှ မလုပ်ဖူးသေးတဲ့အရာ တွေကို ဘဲလုပ်ဆောင် ကြမယ် ဘယ်သူ့ကိုမှ မတုပဘူးလို့ တိုင်တည်ခဲ့ကြတယ်။ သူတို့အုပ်စုက အနုပညာကိုပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဖန်တီးကြပါတယ်။ ကင်းဗတ်ပေါ်မှာ ဆေးနဲ့ရေးယုံမကဘဲ Conceptual art, interaction art, Installation, Action painting ဆိုပြီး ဟန်အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးနဲ့ ပါခဲ့ကြတယ်။ ဒီ Avant-gard အနုပညာရှင်တွေက ၁၉၆၀ ခုနှစ်အနောက်တိုင်းမှာ နေရာယူခဲ့တဲ့ Performance Art ရဲ့ ရှေ့ပြေးလို့ ဆိုကြပါတယ်။ Technology ကို အသုံးပြုတဲ့သူပါသလို မီဒီယံတွေရဲ့ ဓါတုသဘာဝကို အိမ်သုံးပစ္စည်းတွေ အကူနဲ့ဖန်တီးတဲ့သူ၊ အသံနဲ့ပါဖန်တီးတဲ့ အနုပညာ စတဲ့ ဆန်းသစ်မှုအမျိုးမျိုး တွေပြုခဲ့ကြတယ်။
အစပထမ တည်ထောင်သူ ယောရှိဟရ (Jirō Yoshihara) နဲ့ ခဇုအို ရှိရင (Kazuo Shiraga) တို့ကအဖွဲ့ကို ဦးဆောင်ကြပြီး အဖွဲ့ထဲမှာ အင်မတန်ကို စိတ်ဝင်စားစရာတွေ ဖန်တီးတဲ့ ဆဒမဆ မိုတိုနင (Sadamasa Motonaga)၊ ရှော်ဇို ရှိမမိုတို (Shozo Shimamoto )၊ စုဘရို မူရခမိ (Subaro Murakami) နဲ့ တာကေ့ဆဒ မတ်ဆုတာနိ (Takesada Matsutani) တို့ပါဝင်ကြပါတယ်။ နောက်ထပ် ဖန်တီးရှင် အဖွဲ့ဝင်များလည်း ရှိပါသေးတယ်။ သမိုင်းတလျှောက်လုံး သူတို့အနုပညာကို ကမ္ဘာကအသိအမှတ်ပြုမှု နည်းပါးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ကို အနောက်နိုင်ငံက ပွဲစားများနဲ့ မိတ်ဆက်ပေးခြင်း ကလည်း ဖြစ်ဖြစ် မြောက်မြောက်မရှိခဲ့ပါဘူး။ အမေရိကားက ပန်းချီလောက ယဉ်ကျေးမှု နဲ့ ပေါင်းကူးပေးမဲ့ သူလည်း ရှိခဲ့ဟန်မတူပါ။ ဥရောပနဲ့ အမေရိကားက အဖွဲ့ဝင်တွေရဲ့ အနုပညာအပေါ်မှာလည်း လျှော့တွက်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ဂုတိုင်တွေဟာ အများထင်တာထက် အများကြီးပိုပြီး အတွေးအခေါ်မြင့်ခဲ့ကြတယ် ဆိုတာကို ၂၀၁၀ ကျော်မှ အနောက်ကမ္ဘာက Gallery တို့ ပြတိုက်တို့ကကျကျနန သိကြပါတယ်။ ယခင်က နားလည်မှုလွဲ ခဲ့ကြခြင်းဟာမှာယွင်းတယ် ဆိုတာကို ဂုတိုင်အဖွဲ့ဝင် တော်တော်များများ ကွယ်လွန်ပြီးမှဘဲ သိခဲ့ကြပါတယ်။
တချိန်က ဂျပန်မှာလုပ်ခဲ့တဲ့ နာမည်ကျော် Expo 72 ပြပွဲမှာ အဖွဲ့သားတွေ လက်စွမ်းပြခဲ့ပေမဲ့ သူတို့ အတွေးအခေါ်ကို လူတွေ နားလည်ခြင်း၊ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။ ဝေဖန်သူတချို့ကလည်း ဂုတိုင် အနုပညာမှာ Yves Klein နဲ့ Jackson pollock တို့ရဲ့ အခြေခံ သဘောတရားတွေ လွှမ်းမိုးနေတာကို တွေ့နေရတယ်ဆိုပြီး ဝေဖန်ကြတယ်။
ခဇုအို ရှိရင ကတော့ ပွန်းလောက်ပန်းချီ တွေကိုသူချစ်မြတ်နိုးတာကို အမြဲဘဲ ထဲ့ပြောပါတယ်။ တာကေ့ဆဒ မတ်ဆုတာနိ (Takesada Matsutani) ကတော့ ဖန်တီးမှု ဆိုတာ ပိုက်ဆံ ရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး... အရေးကြီးတာက ဒီထဲက (သူ့ရင်ဘတ်ကို လက်နဲ့ညွှန်ပြရင်း) အိုင်ဒီယာက အရေးကြီးတာပါ၊ ရင်ထဲက စိတ်ဓါတ်ခံကို ရှင်းပြရတာ ခက်ခဲလှတယ် လို့ဆိုပါတယ်။ တကိုယ်လုံးက လှုပ်ရှားမှုကို အသုံးချပြီး ပန်းချီရေးသူ "ခဇုအို ရှိရင" ကတော့ “ကျုပ်ပန်းချီတွေဟာ အလှရှာတဲ့သူတွေအတွက် မဟုတ်ဘူး ပေါက်ကွဲမှုရဲ့ ဂယက် သက်သက်သာပါ”တဲ့။ 1972 ခုနှစ်မှာ ရောရှိဟလ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ အချိန်ကစပြီး အဖွဲ့မရှိတော့ပါဘူး။
၂၀၁၃ ခုနှစ်က နျူးယောက်မြို့ က Solomon R. Guggenhein Museum မှာ ၃လနီးပါး ပြခဲ့တဲ့ Gutai: Splendid Playground ပြပွဲမှာကျတော့ အရင်ကနဲ့မတူ အားလုံးက အသိအမှတ် ပြုလာကြပါတော့တယ်။ ပြပွဲရဲ့ တစိတ်တဒေသ အနေနဲ့ ပြတိုက်တခုလုံးကို Motonaga Sadamasa’s ရဲ့ ၁၉၅၆ က "ရေ" ဆိုတဲ့ Installation ကို အရင်မူလ အတိုင်း ပြသခဲ့တာကို ပူးတွဲပါ ဓါတ်ပုံတွေမှာ ကြည့်ပါ။ "ရေ" ကို အရောင်မဲ့ ပလတ်စတစ် ပိုက်လုံးတွေနဲ့ တင်ဆက်ခဲ့တယ်။ ပိုက်လုံးတွေထဲမှာ အရောင်အမျိုးမျိုး ဆိုးထားတဲ့ ရေကို ထဲ့ပြီး တခုနဲ့တခု ပိုက်ကွန်လို သွယ်တန်းထားတယ်။ ပြတိုက်ကလည်း ဆေးဖြူသက်သက်သာ သုတ်ထားတဲ့ပြတိုက် တခုဖြစ်လေတယ်။ ဒါကြောင့် အရောင်ဆိုးထားတဲ့ ရေတွေဟာ စိန်ကျောက်လေးများလို တောက်ပလှလွန်းတယ် ဆိုတာ ဓါတ်ပုံ ဗီဒီယို များမှာ ကြည့်နိုင်ပါတယ်။ ဒီပွဲကစပြီး ဂုတိုင်တွေဟာ အနောက်ကမ္ဘာ မှု အောင်မြင်မှု ရခဲ့ပြီး ကျော်ကြားလာပါတော့တယ်။
အဖွဲ့ဝင် သုံယောက်အကြောင်းကို ပန်းချီချစ်သူများအတွက် ဖော်ပြပါမယ်။
Jiro Yoshihara ဂျိရော့ ယောရှိဟရ (1905 – 1972)
Gutai အဖွဲ့ကို တည်ထောင်ခဲ့သူ ဂျိရော့ ယောရှိဟရ ဟာ အိုဆာကာမြို့ကဖြစ်ပါတယ်။ ကလေးဘဝမှာတုံးက ကျောင်းပညာ ကိုမယ်မယ်ရရ မသင်ယူခဲ့ရပေမဲ့ ဥရောပ ပန်းချီနဲ့ အတွေးအခေါ်ပညာ (ဒသနိကဗေဒ) ကို ပြင်သစ်ပြန် ဂျပန်ဆရာထံကနေ သင်ယူခဲ့တယ်။ လူငယ်ဘဝမှာ Fauvist ဆန်တဲ့ Nika-kai ဆိုတဲ့ အဖွဲ့ကို ဝင်ခဲ့တယ်။ အစပိုင်းက သူဟာ ဆာရီယယ်လစ်နဲ့ အက်ဘ်စထရက် အိပ်စပရက်ရှင် စတိုင်တို့နဲ့ ရေးခဲ့ပါတယ်။ အီတာလျံ ဆာရီယယ်လစ် Gorgio de Chirico၊ ဂျုံးမီရိုး၊ ဝဲလက်စလီ ကန်ဒင်းစကီး တို့ဟန်တွေကို နှစ်ချိုက်သဘာကျခဲ့တယ်။ သူ့ပထမ ဦးဆုံးပန်းချီပြပွဲကို Nika-kai အဖွဲ့နဲ့တူတူ ပြခဲ့တယ်။ အဲ့ဒီတုံးက လက်ရာတွေကတော့ တခြားဂျပန် အာဗောန်ဂါ့ ပန်းချီဆရာတွေအတိုင်းဘဲ ဆာရီယယ်လစ် ဟန်တွေနဲ့ချည့်ပါဘဲ။ တဖြေးဖြေးနဲ့ ယောရှိဟရ ဟာ ဂျီအိုမက်ထရစ် ဘက်ကို ကူးလာခဲ့တယ်။ ဒီနောက်ပိုင်း ၁၀နှစ်လောက် ၁၉၃၅-၁၉၄၅ မှာ ပန်းချီမရေးသလောက် ကိုဖြစ်သွားခဲ့ပြီး အမှောင်ကာလလို့ ဆိုနိုင်ပါတယ်။
၁၉၅၀ လောက်မှာ Contemporary Art အဖွဲ့နဲ့ ပြန်လည်လှုပ်ရှားပါလေတယ်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်က ဂျပန်ရိုးရာပန်းချီနဲ့ ပန်းချီလောကရဲ့ အသိအမှတ်ပြုခံရ ဖို့ဖြစ်ခဲ့တယ်။ ကလေးပန်းချီ၊ ဇင်ဗုဒ္ဓ ဘာသာပန်းချီ၊ ရိုးရာစုတ်တံလက်ရေး တွေက လှုံ့ဆော်မှု အပေးဆုံးအရာတွေပါဘဲ လို့ဆိုခဲ့သူပါ။
ဂျက်စင်ပွန်းလောက်ရဲ့ အက်ရှင်ပန်းချီ ကို နှစ်သက်သလောက် ခေတ်ရေစီးကြောင်း ဖြစ်နေတဲ့ Abstract Art ကိုတော့ လက်မခံပါ။ ၁၉၅၄ မှာတော့ သူဦးဆောင်တဲ့ ဂုတိုင်အဖွဲ့ကို ဖွဲ့ခဲ့တယ်။ သူလေးစားတဲ့ ခဇုအို ရဲ့ Zero Society အဖွဲ့ကို ဂုတိုင်ထဲပေါင်းစေတော့ အုပ်စုအင်အားတောင့်လာပါတော့တယ်။ ဂုတိုင် ရဲ့ အဖွဲ့စည်းမျဉ်းတွေကို သူကိုယ်တိုင်ဘဲ ရေးဆွဲခဲ့ပါတယ်။ နောက်တော့ Bokujin-kai အမည်ရတဲ့ အာ့ဗော့်ဂါ့ ရိုးရာစုတ်တံလက်ရေး (avant-garde calligraphy) အဖွဲ့့နဲ့လည်း လက်တွဲခဲ့ပါသေးတယ်။ ကြည့်ရတာ ဂျပန် ပန်းချီလောကဟာ အုပ်စုဖွဲ့နိုင် အုပ်စုဝင်နိုင်မှသာ အသိအမှတ်ပြုခံရသလို ဖြစ်နေပါတယ်။ တချိန်ထဲမှာ သူဟာ စားသုံးဆီလုပ်ငန်း ပိုင်ရှင်တယောက် အနေနဲ့လည်း ရပ်တည်နေတယ်။ ၁၉၆၀ လောက်မှာ ဇင်ဗုဒ္ဓဘာသာပန်းချီ ရဲ့အခြေခံဖြစ်တဲ့ အဝိုင်းပုံတွေ (ဂျီသြမက်ထရိတ်) တွေ အများကြီးရေးပါတယ်။ ဒီလောက် အဝိုင်းပုံတွေရေးခဲ့တာ တခါမှ သူ့စိတ်ကြိုက် မဝိုင်းခဲ့ပါ - အဝိုင်းတခုနဲ့ တခုလည်း မတူကြပါဘူး လို့ဆိုလေတယ်။ ၁၉၇၂ မှာ ယောရှိဟရ တယောက်ရုတ်တရက် ကွယ်ခဲ့ပါတယ်။ ပန်းချီတခုထဲမက ဆန်းပြားတဲ့ အနုပညာအမျိုးမျိုး ပါဝင်တဲ့ ဂုတိုင်အုပ်စုလည်း ယောရှိဟရ လွန်ပြီးတဲ့နောက် မရှိတော့ပါဘူး။ ပန်းချီမရေးတော့ဘဲ ဇင်ဘုန်းကြီးဘဝကို ကူးပြောင်းခဲ့တဲ့ ယောရှိဟရ နဲ့တူတူ အဖွဲ့ထူထောင်ခဲ့သူ ရှိရငလည်း လူထွက်ပြီး အိုင်ဒီယာအသစ်တွေနဲ့ ပန်းချီတွေ ပြန်လည် ဖန်တီးတော့တယ်။
Sadamasa Motonaga (ဆဒမဆ မိုတိုနင) (Japanese, 1922–2011)
အစပထမက ကာတွန်းဆရာဖြစ်ဖို့ ကနေပန်းချီဘက်ပြောင်းလာခဲ့တဲ့ မိုတိုနဂ ကတော့ ဟွန်ရှူးကျွန်း သားတယောက်ပါ။ သူကြီးပြင်းခဲ့တဲ့ အချိန်မှာ ဂျပန်ပြည်ဟာစစ်ဒဏ်ကြောင့် ဝမ်းနည်းကြေကွဲတဲ့အချိန်ပေမဲ့ ဆန်းသစ်တဲ့ ပျော်ရွှင်မှုပေးတဲ့ အနုပညာတွေနဲ့ သူ့လမ်းသူဖောက်ခဲ့တယ်။ ပန်းပုနဲ့ အင်စတော်လေးရှင်းတွေကို ဖန်တီးရင်း Abstract Art ကိုဘဲ ရာသက်ပန်ရေးခဲ့သူပါ။ ပြုံးပျော်စရာလေးတွေ ပါတဲ့ သူ့ပန်းချီဟန်နဲ့ ရှည်လျားတဲ့ ပန်းချီဆရာဘဝကို ပန်းချီကားပုံနှိပ်တာ၊ ကလေးစာအုပ်တွေမှာရေးတာ၊ ဇတ်စင်ဒီဇိုင်းဆွဲတာ တို့နဲ့ဖြည့်စွက်ပြီး ဖြတ်သန်းခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် ဂျိရော့ ယောရှိဟရ ရဲ့ တပည့်သားတယောက် အနေနဲ့ အုပ်ထိန်းမှုအောက် မှာနေခဲ့ ပညာသင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပန်းကန်ပြားပျံပုံ၊ ကာတွန်းရုပ်ပုံ၊ အမိဝမ်းထဲက သဋေသားပုံသဏ္ဍန် စတဲ့ သူ့ပန်းချီထဲက သင်္ကေတ တွေနဲ့ အနုရသ ပန်းချီကို ကလေးပန်းချီ၊ manga art, Pop art တို့နဲ့နှိုင်းယှဉ်ပြခဲ့တယ်။ ၁၉၅၇ မှာ စပြီး ဆေးရည်တွေ မျှောချတာတွေ၊ အရောင်တောက်တောက် ပန်းချီဆေးတွေကို ကင်းဗတ်ပေါ် အပုံလိုက် လောင်းချတာတွေစတဲ့ Abstract ရေစီးကြောင်းထဲကနည်းတွေ ကိုပြုလုပ်ခဲ့တယ်။ ဒီကတဆင့် မောရစ်စ် လူးဝစ်စ် Morris Louis ရဲ့ ဇာပုဝါပါးစ Veil paintings လိုမျိုး ဆေးရည်ကို လိုချင်တဲ့ နေရာကို ရောက်အောင် မျှောတဲ့နည်းလည်း ဖန်တီးခဲ့တယ်။ "လူလို့ထင်မှတ်ရတဲ့" သက်ရှိ သတ္တဝါတွေပုံတွေလည်း airbrush နဲ့ ပုံဖော်ခဲ့ပါတယ်။ ဆေးမှုတ်တာကို သုံးစွဲခဲ့တဲ့အတွက် သူ့လက်ရာတွေဟာ graffiti တို့ animation art တို့နဲ့ တူသယောင်ထင်ရလေတယ်။ ဂုတိုင်အဖွဲ့ဝင်တွေ ထဲမှာ ဆဒမဆ မိုတိုနင ကအနောက်ကမ္ဘာ ပန်းချီလောကနဲ့ အထိအတွေ့ အများသူမို့ သူ့ပန်းချီတွေဟာ အရင်ကတဲက ဥရောပနဲ့ အမေရိက Gallery တခုတလေမှာရှိခဲ့ပါတယ်။ သူကိုယ်တိုင် နျူးယောက် ပန်းချီလောကဆီ သွားခဲ့ပြီး ပန်းချီရေးခဲ့ အတွေ့အကြုံယူခဲ့ပါတယ်။
သူ့တဘဝလုံးက ရေးဆွဲခဲ့တဲ့ ပန်းချီဟန်တွေအားလုံးပါဝင်တဲ့ ခြေရာကောက်ပြပွဲဖြစ်တဲ့ Retrospective Exhibitions တွေကို ဂျပန်တပြည်လုံးမှာ ပြပွဲတွေ မကြာခဏပြခံခဲ့ရတယ်။ ၂၀၁၄ မှာတော့ အမေရိကန်ပြည် ဒါးလပ်စ် မြို့က Dallas Museum of Art မှာ Retrospective Exhibitions ပြခဲ့ပါတယ်။ ဒီ့အပြင် ၂၀၁၃ က အခြား ဂုတိုင်း အနုပညာတွေနဲ့ အတူတူ New York Solomon R. Guggenheim Museum မှာလည်း ကမ္ဘာ ကသူ့ဖန်တီးမှုတွေကို မြင်ခွင့်ရခဲ့ပါတယ်။ တခြားဂုတိုင်တွေလိုဘဲ ဆဒမဆ မိုတိုနင လည်း ကွယ်လွန်ပြီးမှ သူ့လက်ရာတွေဟာကျော်ကြားလာပါတယ်။
ပထမပိုင်းပြီးပါပြီ
Rhythm of Colors
December 2018
(ဂျပန်စာလုံးများကို မြန်မာသံ ဖလှယ်ပေးတဲ့ ဒေါ်ခင်မေမြင့် Karaweik M&J Travel & Tour Company) ကို အထူးကျေးဇူးတင်ကြောင်းပါ။)
ဂျပန် ဂုတိုင်ပန်းချီ (Gutai Art Association) ၁၉၅၄-၁၉၇၂ - ဒုတိယပိုင်း
Kazuo Shiraga "ခဇုအို ရှိရင" (1924 - 2008)
ခဇုအို ရှိရင ကို အက်ဘစထရက် ပန်းချီကျော် တယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ လေးစားခဲ့ကြပေမဲ့ ကမ္ဘာကတော့ သူကွယ်လွန်ပြီးမှ သိခဲ့ပါတယ်။ ဂုတိုင် အုပ်စုဝင်တွေထဲမှာ လူသိ အများဆုံးသူကတော့ ရှိရငလို့ဆိုရင် မှားမယ်မထင်ပါ။ သူက အဖွဲ့ခေါင်းဆောင် ယောရှိဟရရဲ့ ညာလက်ရုံး တယောက်ပါ။ ရှိရငက ၁၉၅၃ ခုနှစ်လောက်မှာ "Zero Kai" ဆိုတဲ့ ခေတ်ပေါ် ပန်းချီအဖွဲ့တခု ဖွဲ့ခဲ့တယ်။ သူတို့အနုပညာဟာ ဘာမှမရှိတဲ့ အရာကနေ ဖန်တီးယူမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ Zero လို့ နာမည်ပေး ခဲ့ခြင်းပါ။ Zero Kai ကို ၁၉၅၅ လောက်မှာ Gutai (ဂုတိုင်) ဆိုတဲ့အဖွဲ့ နဲ့ပေါင်းလိုက်ပါတယ်။ ဂုတိုင် တွေက ပန်းချီလောကမှာ တခါမှ မလုပ်ဖူးသေးတဲ့အရာ တွေကို ဘဲလုပ်ဆောင် ရမယ် ဘယ်သူ့ကိုမှ မတုပဘူးလို့ တိုင်တည်ခဲ့ကြတယ်။
ရိုးရာကီမိုနိုဆိုင်ဖွင့်တဲ့ လုပ်ငန်းက ဆင်းသက်လာတဲ့ ရှိရင က အနောက်နိုင်ငံတွေက ပန်းချီကိုသာ ငယ်စဉ်ကတဲက စိတ်ဝင်စားခဲ့တယ်။ မိသားစုလုပ်ငန်း ကနေ ရင်းနှီးလာတဲ့ ကီမိုနိုအဆင်တွေ အလှကို သူ့ရဲ့အစပိုင်းပန်းချီထဲမှာ ထင်ဟပ်နေတာ တွေ့ရမယ်ဆိုရင် ယုံပါ့မလား။ ဆီဆေးပန်းချီကို စိတ်ဝင်စားမှုရှိတဲ့ သူ့အဖေရဲ့ နည်းနာတွေ၊ သဘောတရားတွေကိုလည်း ငယ်စဉ်ကတဲက ကြားခဲ့ရပါပေါ့။ ဒါပေမဲ့လည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ကြီးပြင်းလာရတဲ့ ရှိရင အဖို့ တိုကျိုမြို့ကြီးက Tokyo Fine Arts Academy ကိုသွားပြီး ပညာသင်ဖို့ဆိုတဲ့ အိပ်မက်ကို အိမ်နဲ့နီးနဲ့ ကျိုတိုက အနုပညာ တက္ကသိုလ် နဲ့ဘဲ နှစ်သိမ့်လိုက်ရတယ်။ ကမ္ဘာစစ်ကြီး ပြီးသွားတော့မှ သူ့ရဲ့ စိတ်ကူးတွေ ခံစားချက်တွေကို အမျိုးမျိုး စမ်းသပ်မှုတွေ ပြုခဲ့တယ်။
ဂုတိုင်အုပ်စု တည်ထောင်စကတဲက စုတ်တံကို လုံးလုံးစွန့်လွှတ်လိုက်ပြီး လက်ချောင်းတွေ ခြေထောက်တွေနဲ့ပန်းချီကားတွေ ရေးလာ ပါတော့တယ်။ ၁၉၅၁ ခုနှစ်မှာ ပွန်းလောက်ရဲ့ ပန်းချီပြပွဲကို ကြည့်ခဲ့ဖူးတယ်။ ဆေးပက်တဲ့ Drip method ကိုသုံးခဲ့တဲ့အတွက် သူ့ကို ပွန်းလောက်နဲ့ ယှဉ်ပြီးပြောကြသော်လည်း ပန်းချီကားရဲ့ ဆေးအထူ နဲ့ Textures ကတော့ သူ့ကိုယ်ပိုင်ဟန်တွေ ဆိုတာ ငြင်းမရပါဘူး။ ပန်းချီရေးရင် အားနဲ့မန်နဲ့ရေးတဲ့ ရှိရင ဖန်တီးမှုကပေးတဲ့ အလှ၊ရသ၊ ပညာပိုင်းဆိုင်ရာတွေဟာဖြင့် ဆေးအထူနဲ့ Textures တင်မကပါဘူး။
ဆေးတွေပက်တယ်၊ ဆေးတွေစီးမျောတယ်၊ ခြေထောက်နဲ့ ပန်းချီတွေ ဖန်တီးယုံမက performances လည်းလုပ်ခဲ့တယ်။ ကျော်ကြားတဲ့ သူ့လက်ရာတွေထဲက ၁၉၅၅ မှာလုပ်ခဲ့တဲ့ ရွှံ့ကိုစိန်ခေါ်ခြင်း (Challenging Mud -1955) ကတော့ ဘိလပ်မြေနဲ့ ပလာစတာရောပြီးလုပ်ထားတဲ့ ရွှံ့ထဲမှာ နပမ်းသတ်သလို ပြုတယ်၊ အရာတွေ ထင်စေတယ်။ ခန္ဒာကိုယ်ကို လူးလိမ့်ရင်းကနေ လျှပ်တပျက် ချန်ခဲ့တဲ့ အရာတွေကလည်း ရသတမျိုးပေးခဲ့တဲ့ အနုပညာဖန်တီးမှုပါဘဲ။ ကိုယ်ခန္ဒာကို အသုံးချတဲ့အတွက် အနာခံပြီးဖန်တီးရတာပါ။ ဘယ်လိုပန်းချီတွေ လုပ်ချင်တာလည်း ဆိုတဲ့ မေးခွန်းကို ပြန်ဖြေထားတာကတော့ --- ပန်းချီကားတွေနဲ့ ပတ်သက်လို့ကတော့ တခုခုကို ပင်တိုင်မထားတဲ့ပန်းချီ အမျိုးအစားကိုဘဲ လုပ်ချင်စိတ်ရှိတာပါဘဲ။ ဆေးတွေကို တတ်နိုင်သမျှ ချွဲကျိနေအောင်၊ ပင်လယ်ရေမျှော့လို ဖမ်းလို့ကိုင်လို့ မရအောင်လို့ကို ရေးချင်တယ်လို့ တခါကပြောခဲ့ဖူးလေတယ်..
ကင်းဗတ်ကို ကြမ်းပြင်ပေါ်ချပြီးတော့၊ ပုံးထဲက ဆေးတွေကို ကင်းဗတ်ပေါ် ဘတ်ခနဲ ပစ်ချတာတမျိုး၊ ဂေါ်ပြားနဲ့ပက်တာတသွယ် ပုံပစ်လိုက်ပါတယ်။ သူ့ပထမဦးဆုံး စုတ်ချက် ... အဲဒီ stroke ကတော့ ရေခဲတုံးကြီးကနေ ပဲ့ထွက်လာသလို Effect မျိုးရပါသတဲ့။ တကယ်တော့ သူ့ဆေးသားတွေရဲ့ ရွေ့လျားမှု နဲ့ တွန်းကန်မှု ကြောင့်ဖြစ်လာတဲ့ ဆေးအပုံလိုက် သဏ္ဍန်ဟာ အားမာန်ကြီးတဲ့ ကင်းကောင်ကြီး ချန်ထားခဲ့တဲ့ ခြေရာလက်ရာ နဲ့တူနေတယ်။ နောက်ဆုံး ခြေထောက်ကို အသုံးမပြုခင်က knives, spatulas တွေအသုံးပြုသလို လက်နဲ့လည်း ခဏတဖြုတ် ရေးစမ်းခဲ့တယ်။ အချိန်တို တခုအတွင်းမှာ ပန်းချီကား အမြောက်အများကို ဖန်တီးလိုက်ရင် အားသစ်လောင်းလိုက် သလိုဖြစ်မယ် ... "ကင်းဗတ်ကို ထောင်ရက် ရေးလို့ကတော့ ဆေးဟာအောက်ကို မလွဲမသွေ ကျလာမှာဘဲ" ... "ဒီတော့ ကင်းဗတ်ကို ကြမ်းပြင်ပေါ် ချဖို့ကလိုအပ်လာပြီ အဲဒီ့မှာ ကားရဲ့အရွယ်က ကြီးလေတော့ အလည်ခေါင်ကို ကျုပ်လက်က မမီဘူးလေဗျာ ဒီတော့ ကင်းဗတ်အလည်ခေါင်ကို ရောက်အောင်သွားဖို့က တနည်းဘဲရှိတယ်”
သူ့ရဲ့ -- ဒီတနည်း ဆိုတာကတော့ -- အခန်းထဲက မျက်နှာကျက်ပေါ်မှာ ကြိုးတချောင်းကို နေရာနှစ်နေရာတန်းလျက် ခတ်လျော့လျော့ ချည်ထားတယ်။ ဒီကြိုးပေါ်မှာ နောက်ထပ်ကြိုးတချောင်းနဲ့ချည်ပြီး ဒုတိယကြိုးဟာ အောက်ကို တန်းလန်းချထားလေတယ်။ ဒုတိယကြိုးကို အားပြု ပြီးပန်းချီကားပေါ် သူက ရေခဲပြင်ပေါ် စကိတ်စီးတဲ့သူတွေလို ဖြေးဖြေးလေးလွှဲသွားလိုက်ပါတယ်။ ကြိုးတချောင်းနဲ့ တောထဲကတာဇံလိုများ မျက်စိထဲမှာ မြင်ယောင်မိကြမလား။ (စကားချပ် - တခါတလေလည်း ဒုတိယကြိုးမလိုဘဲ ပထမကြိုးတခုထဲနဲ့ ဖန်တီးပုံရပါတယ်။) ပန်းချီကားပုံပေါ်လာတဲ့ အခါလောက်မှာမှ ရေးချက်တွေကို စပြီးခတ်သွက်သွက် လှုပ်ရှားတော့တယ်။ -- ဒါပေမဲ့ သူပန်းချီရေးနေတာကတော့ အင်မတန် သိမ်မွေ့တဲ့ ကချေသည်ကို ကြည့်နေရသလိုဘဲ။ သူ့လှုပ်ရှားမှု တခုလုံးက သူ့ပန်းချီကားလိုဘဲ ကြည့်ရသူတွေကို မှင်သက်မိစေပါတယ် လို့သုံးသပ်ကြတယ်။ ကိုယ်မှာကြိုးချည်ပြီး ကင်းဗတ်ပေါ် ခြေထောက်နဲ့ရေးတဲ့ နည်းနဲ့ အရှိန်အဟုန် ကနေဖြစ်ပေါ်လာတဲ့ ခြေရာတွေ ကို ဖန်တီးချင်တာလို့ ရှိရင က ဆိုလေတယ်။
“Crimson lake” ဆိုတဲ့ အနီရောင်ကို နှစ်နှစ်ချိုက်ချိုက် သူ့ပန်းချီကား အများအပြားမှာ သုံးစွဲခဲ့တယ်။ ဒီအနီပါတဲ့ သူ့ပန်းချီကားတိုင်း ကလည်း ကြည့်ရသူ အသက်ရှူမှားလောက်ပါပေတယ်။ သူသုံးတဲ့ ဆေးနီပမာဏ၊ အတိုင်းအဆ၊ ခြေထောက်ရဲ့ အားအင်၊ သွက်လက်မှု တွေပေါင်းထားတဲ့ အပြင်းစား ပေါက်ကွဲမှုတွေ ရဲ့ရလဒ် ကတော့ သူ့ရဲ့ အကောင်းဆုံး လက်ရာတွေပါဘဲ... ၁၉၅၅ လောက်မှာ ရှိရငဟာ ဂျပန်ပြည်မှာ တိုင်းကျော်ပြည်ကျော် ဖြစ်နေပါပြီ။ ၁၉၆၀ ခုနှစ်များတုံးကဆို စူပါစတား တယောက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ် ပြတိုက်မှုးတယောက်က သူ့ကို စိတ်ဝင်စားမှုရှိခဲ့ပေမဲ့ ဥရောပမှာတော့ မထင်ပေါ်ခဲ့ပါဘူး
သူ့ဘဝ တလျှောက်လုံး မှာလည်း စုတ်နဲ့ရေးရတဲ့ ဂျပန် အလှလက်ရေး Japanese calligraphy ကို လေ့လာသုံးစွဲခဲ့တယ်။ ၁၉၇၀-၇၁ က ရှိရငဟာ ဇင်ဘုန်းကြီး ဘဝနဲ့ နှစ်နှစ်လောက် ရှေးဓလေ့ထုံး နဲ့ အရောင်တွေကို လေ့လာခဲ့တယ်။ ဘုန်းကြီးဘဝ ကျိုတိုမြို့ တဝိုက် Hiei Mountain ကတောနက်နက်ထဲမှာဘဲ သတင်းသုံးနေရာကနေ ပန်းချီရေးဖက် ဂုတိုင် အဖွဲ့ ခေါင်းဆောင် Jirō Yoshihara ရုတ်တရက် ကွယ်လွန်တာ ကြားတော့ ချက်ချင်းလူထွက်ခဲ့တယ်။ ဒီမှာပန်းချီပြန်ရေးတော့ ဟန်အသစ်၊ စတိုင်သစ်၊ မီဒီယံအသစ် တွေသုံးခဲ့ပေမဲ့ နဂို ရှိရင်းစွဲနည်း အတိုင်းဘဲ စုတ်တံကို ခြေ၊လက်တွေနဲ့ အစားထိုးသုံးစွဲ တာကိုတော့ မပြောင်းပါ။
သူ့နာမည်ဟာ ဂျပန်ပြည်မှာတော့ တခါမှ မှေးမှိန်မသွားခဲ့ပါဘူး။ ရှိရင ဟာအနုပညာကောင်းတခု ဖန်တီးဖို့ ဆိုရင် သူ့ခြေ၊လက်၊ ကိုယ်ခန္ဓာ၊ သွေးသား ဘာကိုဘဲဖြစ်ဖြစ် အသုံးချဖို့ ဝန်လေးမဲ့သူမဟုတ်ပါ။ ဒီလို ရှားပါးတဲ့ အရည်အချင်းတွေနဲ့ ရှိရငကို ဂျပန်ပြည်မှာ ဘယ်ဂယ်လရီကမှ ကိုယ်စားမပြုခဲ့လုိ့ နျူးယောက်က ပန်းချီပွဲစားတွေက သူ့အိမ်၊ ဂိုဒေါင်ဟောင်း၊ ပြတိုက်တွေထဲမှာ သွားရှာခဲ့ ရပါတယ်။ သူ့ကို အနောက်နိုင်ငံတွေမှာ ပိုပြီး သိစေခဲ့တာကတော့ Kazuo Shiraga ရဲ့ Body and Matter: Kazuo Shiraga ဆိုတဲ့ သူကွယ်လွန်ပြီးမှ ထုတ်ခဲ့တဲ့ စာအုပ် နှစ်အုပ်ကြောင့်ပါဘဲ။ ၂၀၁၃ မှာ Gutai Splendid Playground-ဆိုတဲ့ ဂုတိုင်တဖွဲ့လုံးရဲ့ ဖန်တီးမှုတွေကို နျူးယောက်မြို့ အစဉ်အလာကြီးတဲ့ ဆိုလိုမွန် ဂုဂိုင်းဟန်းပြတိုက် မှာပြခဲ့တယ်။ အဲဒီပွဲကစပြီး ရှိရငဟာ တခြားအဖွဲ့ဝင်တွေလိုဘဲ ကျော်ကြားလာပါတယ်။ 2008 မှာ ဘဝ တလျှောက်လုံးနေခဲ့တဲ့ မွေးဇာတိ Amagasaki မှာဘဲ ကွယ်လွန်ခဲ့တဲ့ ရှိရင ၂၀၁၅ မှာတော့ ပန်းချီဈေးကွက်ရဲ့ ထိပ်ဆုံးကိုရောက်လာပါပြီ။
လေးစားစွာဖြင့်
Rhythm of Colors
December 2018
(ဂျပန်စာလုံးများကို မြန်မာသံ ဖလှယ်ပေးတဲ့ ဒေါ်ခင်မေမြင့် Karaweik M&J Travel & Tour Company) ကို အထူးကျေးဇူးတင်ကြောင်းပါ။)