စိပ်ပိုင်းနေရာချခြင်း
ပုံတစ်ပုံ စဆွဲမယ်ဆိုတာနဲ့ ဆွဲမယ့်စာရွက်ထဲ
ဘာပုံကို ဘယ်လောက်ဆိုဒ်ဆွဲမယ်ဆိုတာကို
အရိုးပုံဆောင်တဲ့ မျဥ်းရိုးကို စိပ်ပိုင်းနေရာချပြီး
ထုထည် Forms လေးတွေနဲ့ တည်ဆောက်ပါတယ်
အဲဒါက စာရွက်ပေါ်လုပ်ရမယ့် ပထမအဆင့်ပါ
(How to draw outline Video lecture မှာ
ထပ်မံလေ့လာနိုင်ပါတယ်)
နေရာအကြမ်းချပြီးရင် ချထားတဲ့ Frame ထဲမှာ
ဆွဲမယ့်အရာ၀တ္ထုရဲ့ အမြင့် ဘေးဗြက်အကျယ်ကို
ကိုယ့်လက်ထဲက ခဲတံလေးနဲ့ နှိုင်းဆချိန်ဆပါမယ်
နားလည်အောင်ပြောရရင် မြေပုံစာရွက်ပေါ်မှာ
ခရီးမိုင်တွေကို စင်တီမီတာနဲ့ အစားထိုးပြီး
စကေးချုံ့တွက်ဆတဲ့သဘောတရားမျိုးပါဘဲ
မူလအရာ၀တ္ထုက ဘယ်လောက်ကြီးကြီး
မိမိလက်ထဲက ခဲတံ သို့မဟုတ် စုတ်တံအထွာနဲ့
အစားထိုး စကေးချုံ့တွက်ဆတဲ့ သဘောမျိုးပါ
*(ပန်းချီဆရာတွေရဲ့ ဒီလိုအပြုအမူမျိုးကို
ရုပ်ရှင်တွေထဲမှာ သတိထားမြင်ဖူးကြမှာပါ)*
နှိုင်းဆတဲ့အခါ မိမိလက်ကို အဆုံးထိ
ဆန့်ထုတ်ရပါမယ် ကိုယ့်ရှေ့မှာချထားတဲ့
ကိုယ်ကြည့်ဆွဲနေတဲ့ အရာ၀တ္ထုရဲ့ အမြင့်
ဘေးဗြက်အကျယ် အသိမ်အ၀ိုက်စတာကို
ကိုယ့်လက်ထဲကခဲတံရဲ့အထွာနဲ့စကေးမှန်းပြီး
ခန့်မှန်းစိပ်ပိုင်းချိန်ဆကြည့်ရပါမယ်
ဥပမာ ပန်းအိုးတစ်လုံးဆိုပါစို့
ပန်အိုးအမြင့်ကဘယ်လောက် အ၀ကျယ်က
ပန်းအိုးအမြင့်ရဲ့ ခန့်မှန်း ဘယ်နှစ်ပုံဖြစ်မယ်
အမြင့်ရဲ့ ဘယ်နှစ်စိပ်လောက်မှာ လည်ပင်းသိမ်နေမယ်
ပန်းအိုးရဲ့ အကျယ်ဆုံးဘေးဗြပ်က သူ့အမြင့်ရဲ့
အလယ်မှတ် ဘယ်နှစ်ပုံစာလောက်မှာရှိမယ်
ဗြပ်အကျယ်က လည်ပင်း၀ထက် ဘယ်နှစ်ဆရှိမယ်
ပန်းအိုးဘေးက ရေခွက်လေးအမြင့်က ပန်းအိုးအဆရဲ့
ဘယ်လောက်ရှိမယ် သူက ပန်းအိုးရဲ့ဘယ်နားမှာရှိမယ်
စသည်ဖြင့် စိပ်ပိုင်းလျာထားခြင်းက ဒုတိယဆင့်ပါ
ဒီအဆင့်မှာ ကိုယ့်ဆွဲမယ့် ပစ္စည်းကို စာရွက်ထဲမှာ
နေရာတကျ ကြည့်ကောင်းအောင် အရမ်းမသေးအောင်
ပြည့်ကြပ်မနေအောင် အလယ် ဘေး အောက် စသဖြင့်
နေရာချိန် Adjust လုပ်တာကို တစ်ပါတည်းလုပ်ပါမယ်
အဲ့လို နေရာချပြီးပြီ အရာ၀တ္ထုတစ်ခုနဲ့တစ်ခုယှဥ်ပြီး
မူလပုံနဲ့ အရွယ်အစား အသေးအကြီးအချိုးတွေ
စိပ်ပိုင်းနေရာချပြီးပြီ ထုထည်တွေနဲ့ အရာ၀တ္ထုရဲ့
ဖွဲ့စည်းမှုသဏာန်ကို အကြမ်းလျာချထားပြီးပြီဆိုမှ
တတိယအဆင့် Outline ကိုစကောက်ပါမယ်
ထုထည်များနဲ့ဆစ်ချိုးပုံဖော်နေရာချထားတဲ့
ကိုယ့်ပုံကို Perspective အမြင်နဲ့ ချိန်ပါမယ်
Perspective ချိန်ဆခြင်းက ဒီတတိယဆင့်မှာပါ
(Perspective Video သင်ခန်းစာ လေ့လာပါ)
လူပုံဆိုလည်း Figure Ratio ချပါမယ်
ဘယ်နားမျက်လုံး နှုတ်ခမ်း ဘယ်လိုနေဟန်ပေါ့
သက်ငြိမ်ပစ္စည်းတွေ ချဆွဲတယ်ဆိုရင်လည်း
ဘယ်နားပန်းသီး ဘယ်နားအညှာ ဘယ်နားမှာပန်းအိုး
ဓါတ်ပုံကြည့်ဆွဲရင်လည်း size ချင်းချိန်ဆနေရာချ
ဘယ်နားဘာစတဲ့ ပုံကြမ်းစဖော်တဲ့ အဆင့်သွားပါမယ်
ဒီအဆင့်မှာ အလင်းဆုံး အမှောင်ဆုံးနေရာတွေကို
တစ်ခါတည်း ခပ်ဖွဖွအရာပေးပြီး မှတ်သွားရပါမယ်
အရာ၀တ္ထုရဲ့ အ၀န်းအ၀ိုက် ဖုထစ်ချိုင့်ခွက်တွေကို
ကွန်တိုသဘောနဲ့ အရာပေးဖော်ထုတ်ထားရပါမယ်
ကွန်တိုလိုင်းအရာပေးရမှာ ဒီတတိယဆင့်မှာပါ
ကိုယ့်ရဲ့ ခဲရာ စုတ်ချက်ရာကို အသေးစိတ်ဖော်တဲ့အခါ
ကွန်တိုအတိုင်း ရေးချက်ပြမှ ကာရိုက်တာမှန်ပါမယ်
ဒီအဆင့်ထိလည်း *ခပ်ဖွဖွ* ခဲရာပေးတဲ့အဆင့်ပါဘဲ
အချိုးမှန်ပြီ ကာရိုက်တာပေါ်ပြီ ရုပ်ထွက်မိပြီ
Outline သေချာပြီ ခဲရာအကြမ်း ပုံထွက်ပြီဆိုမှ
စတုတ္ထအဆင့်ဖြစ်တဲ့ ခဲလား ရေဆေးလား စသဖြင့်
ကိုယ်ရည်ရွယ်တဲ့ Medium ရဲ့ အသွေး Tone တွေ
စထည့်ရပါမယ်နော် နောက်ဆုံးအဆင့်ကတော့
ပြင်ဆင်ဖျက်ထုတ် အချောသတ်တဲ့အဆင့်ပါ
တချို့က ပဆင့် ဒုဆင့်တွေမှာ စိပ်ပိုင်းမတိုင်းထွာ
ချိန်ဆလျာထားတာမရှိခန့်မှန်း အချိုးမချဘဲ
ဖြစ်သလိုတန်းကျော်ကောက်ဆွဲလိုက်တဲ့အခါ
ပန်းအိုး အရာ၀တ္ထုအချင်းချင်းနှိုင်းဆမှုနဲ့
မူလအချိုးတွေ ပျက်သွားတတ်ပါတယ်
လူပုံဆွဲရင်လည်း အချိုးပျက်ရွဲ့သွားတာ
မညီတာမျိုးတွေ ဖြစ်လာတတ်ပါတယ်
အလေ့အကျင့်မရှိခဲ့ဖူးရင်လည်း အခုကစပြီး
စိပ်ပိုင်းလျာထားခြင်းကို မျက်စိအကျင့်
လက်အကျင့်ရပြီး လက်စနစ်ကျသွားအောင်
စနစ်တကျလေး စတင်လေ့ကျင့်ကြစို့နော်
No comments:
Post a Comment