Edges ဆိုတာ အနားစွန်းတွေကို ပြောတာ။ ပန်းချီမှာ Edges ဆိုတာ အရမ်းအရေးကြီးတဲ့ Elements တခုပါ။ Line, Tone, Color, Texture, Light ဆိုတဲ့ Elements တွေလိုပဲ။ Edges ဟာလည်း အလွန်အရေးကြီးပါတယ်။ Realism ပဲရေးရေး၊ Impressionism ဟန်ပဲရေးရေး၊ မော်ဒန်တွေ Abstract တွေပဲရေးရေး၊ Edges တွေကို ကြည့်လိုက်တာနဲ့ ဒီပန်းချီဆရာ ဘယ်လောက်တတ်တယ်၊ မတတ်ဘူးဆိုတာ သိနိုင်ပါသတဲ့။ အဲလောက်ထိ Edges ဟာ အရေးကြီးပါတယ်။ အခုပြောမှာကတော့ အရောင်ရှိတဲ့ သဏ္ဌာန်တွေကို နီးအောင် ဝေးအောင် လုပ်တဲ့နေရာမှာ Edge ကို အသုံးပြုခြင်းပါ။ Shape ဆိုတဲ့ သဏ္ဌာန်တွေမှာ Edges ဆိုတဲ့ အနားတွေ ရှိပါတယ်။ ဘယ်လိုသဏ္ဌာန်ပဲဖြစ်ဖြစ် နီးချင်ရင် အနားတွေပြတ်သားပေးလိုက်၊ ဝေးချင်ရင် အနားတွေကို ဝါးပေးလိုက်၊ အနားပြတ်ရင် နီးတယ်၊ အနားဝါးရင် ဝေးတယ်၊ ဒါပဲ။ အရောင်တွေကိုသာ ဝေးအောင်လုပ်ရုံနဲ့ မရပါဘူး။ အရောင်ကောင်းပေမယ့် အနားတွေက ပြတ်သားနေရင်၊ ပြတ်သားသလိုဖြစ်နေရင် တကယ်ဝေးတယ်လို့ မခံစားရပါဘူး။ ဒါကြောင့် အနားများ ဝါးခြင်း၊ ပြတ်ခြင်းဟာလည်း အလွန်အရေးပါတဲ့ အချက်တခုအဖြစ် မှတ်ထားလိုက်ပါ။ ပြီးရင် လိုအပ်သလို သုံးကြည့်ပါ။ အလွန်အရာရောက်ပါလိမ့်မယ်။
Horizontal & Vertical (အလျားလိုက်နဲ့ဒေါင်လိုက်)
နောက်တခု နီးအောင်၊ ဝေးအောင် လုပ်ပေးနိုင်တာက အလျားလိုက်နဲ့ ဒေါင်လိုက် အနေအထားတွေပဲ။ အရောင်တရောင်ကို ဝေးချင်ရင် အလျားလိုက်အနေအထားအဖြစ် ဒါမှမဟုတ် အလျားလိုက်မျဉ်းအဖြစ် ဆွဲချလိုက်။ အလျားလိုက်ဆိုတာ မိုးကုပ်မျဉ်း Horizontal အတိုင်းပြောတာ။ မိုးကုပ်မျဉ်းဟာ အလွန်ဝေးတယ်။ အဆုံးမမြင်နိုင်အောင်ဝေးတယ်။ အလျားလိုက်ရှိတယ်။ ဒီသဘောဟာ လူ့ရဲ့ အသိမှာ စွဲနေတယ်။ ဒါကြောင့် အရောင်တရောင်ကို အလျားလိုက်အဖြစ် မြင်ရရင် ဝေးတယ်လို့ အာရုံက အလိုက်အလျောက် သတ်မှတ်လိုက်တယ်။ ဒေါင်လိုက် Vertical ဟာ မြင့်တဲ့သဘောကို ဆောင်တယ်။ မြင့်တဲ့အတိုင်းဟာ ဒေါင်လိုက်ရှိတယ်။ နီးရင်မြင့်တယ်။ ဒါကြောင့် ဒေါင်လိုက်ဖြစ်ရင် နီးတယ်ဆိုတဲ့အသိကြောင့် အရောင်တွေကို ဒေါင်လိုက်အနေအထားဆွဲလိုက်ရင် နီးလာတယ်။ ဘာအရောင်ပဲဖြစ်ဖြစ် ဒေါင်လိုက်ဆိုရင် နီးလာပြီး အလျားလိုက်ဆိုရင် ဝေးသွားတယ်။ ဒါကြောင့် အရောင်တွေကို နီးအောင် ဝေးအောင် ဒီသဘောနှစ်ခုနဲ့ ဖန်တီးနိုင်ပါတယ်။
Overlap (ထပ်ခြင်း)
ဒါက Shape တွေရဲ့ အနေအထားနဲ့ ပိုပြီး ဆိုင်ပါတယ်။ ဒါပေမယ့် အရောင်တွေအတွက်လည်း အသုံးချနိုင်ပါတယ်။ ဥပမာ အိမ်တအိမ်ပုံ ဆွဲထားတယ်။ အဲဒီအိမ်ကို ရှေ့နည်းနည်းထွက်ပြီး ရုပ်လုံးကြွချင်တယ်ဆိုပါတော့။ အဲဒီအိမ်နောက်မှာ သစ်ပင်ကြီးတပင် ပေါက်လိုက်။ အဲဒီသစ်ပင်ကြောင့် အိမ်ဟာ ရှေ့ကိုထွက်လာလိမ့်မယ်။ တကယ်လို့ ဒီအိမ်ကြီးကို နောက်ဆုတ်ချင်ရင် အဲဒီအိမ်ကြီးရဲ့ရှေ့မှာ သစ်ပင်ကြီးတပင် ထပ်ပြလိုက်။ အိမ်ဟာ နောက်ကို အလိုလို ဆုတ်သွားလိမ့်မယ်။ ဒါဟာ တခုပေါ်တခု ထပ်ပြ ခြင်း Overlap လုပ်ခြင်းဖြင့် ရှေ့တိုးနောက်ဆုတ် ဖြစ်စေတာပဲ။ ဒီသဘောကို အရောင်တွေနဲ့ပေါင်းပြီး ဖန်တီးနိုင်ပါတယ်။ အရောင်တရောင် ရှေ့ထွက်ချင်ရင် သူ့နောက်မှာ သူ့ထက်အားနည်းတဲ့ အရောင်တရောင် ထားပေးလိုက်။ နောက်ဆုတ်ချင်ရင် သူ့ထက်အားကောင်းတဲ့ အရောင်တရောင် ရှေ့က ထပ်ဖြတ်လိုက်။ မခက်ပါဘူး။ ထပ်ကြည့်ကြပါ။ အထပ်များလေ အနီးအဝေး ပိုဖြစ်လာလေပဲ။
Texture (အနု၊ အကြမ်း)
Texture ဆိုတာ အရာ၀တ္ထုတွေရဲ့ နုမှု၊ ကြမ်းမှု၊ မာမှု၊ ပျော့မှု၊ ကြည်မှု၊ နောက်မှု၊ ထူမှု၊ ပါးမှု စတဲ့ အသွင်အပြင်တွေကို ပြောတာပဲ။ ဖန်အိုးက ချောတယ်၊ ကြည်တယ်၊ ပါးတယ်။ စဉ့်အိုးက ကြမ်းတယ်၊ ပိတ်တယ်၊ ထူတယ်။ ဒါ မတူတဲ့ Texture တွေ၊ အင်္ကျီပိတ်စက ချောတယ်၊ ပါးတယ်၊ ပျော့တယ်။ မိုးကာဖျင်က ကြမ်းတယ်၊ ထူတယ်၊ မာတယ်။ Texture တွေ မတူကြဘူး။ ဒါတွေဟာ ၀တ္ထုပစ္စည်းတွေရဲ့ Texture ။ အခုပြောတာက Texture မတူတဲ့အရောင်တွေ။ အရောင်တွေကို အနု၊ အကြမ်း Texture အမျိုး မျိုးဖြစ်အောင် လုပ်လို့ရတယ်။ ကမ်းတယ်လို့ မြင်ရတဲ့အရောင်ဟာ ရှေ့ကိုထွက်လာလေ့ရှိတယ်။ သိပ်ကြမ်းရင် သိပ်ထွက်လာမှာပဲ။ ချောတယ်၊ နုတယ်လို့ မြင်ရတဲ့အရောင်တွေက နောက်ဆုတ်လေ့ရှိတယ်။ ဒါဟာ လူတွေရဲ့အမြင်နဲ့ အနုအကြမ်းဖစ်မှုတို့ရဲ့ ဆက်သွယ်မှုသဘာ၀ပါ။ ဒါကြောင့် နီးစေချင်တဲ့ အရောင်တွေကို Texture ခပ်ကြမ်းကြမ်းဖြစ်အောင် လုပ်လိုက်ပါ။ Technique တခုခုကိုသုံးပြီး ကြမ်းတဲ့အရောင်တွေဖြစ်အောင် လုပ်နိုင်သလို စုတ်ချက်တွေနဲ့လည်း ကြမ်းအောင်လုပ်လို့ရတယ်။ ဆီဆေးမှာဆိုရင် Pigment Value ဆိုတဲ့ဆေးသား အထူအပါးနဲ့ပြပြီး ရှေ့ထွက်အောင် နောက်ဆုတ်အောင် လုပ်နိုင်ပါတယ်။
အရောင်တွေကို နီးအောင်၊ ဝေးအောင်၊ ရှေ့တိုးအောင်။ နောက်ဆုတ်အောင် ပြောခဲ့တဲ့အချက်တွေကို အသုံးပြုနိုင်ရင် အလွယ်တကူ လုပ်နိုင်ပါလိမ့်မယ်။ အခြားသော နည်းလမ်းများဖြင့်လည်း တီထွင်ကြံဆနိုင်ကြပါသေးတယ်။ တွေးကြည့်ကြပါဦး၊ စမ်းကြည့်ကြပါဦး။
အခု ဒီမှာ မပါသေးတာတခုက Atmosphere နဲ့ နီးအောင် ဝေးအောင် လုပ်ခြင်းပါပဲ။ ပန်းချီဆရာများအတွက် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ Atmosphere အကြောင်းပြောရမှာ အလွန်ရှည်တဲ့အတွက် သီးခြား ပြေပြထားပါတယ်။ (လေထဲမှာ အရောင်တွေရှိတယ်။)
အရောင်တွေကို လိုသလို နီးစေ၊ ဝေးစေနိုင်ကြပါစေ။
WPM - အရောင်တွေအကြောင်း၊ ပန်းချီကားတွေအကြောင်း
=======
မူရင်းတင်သူpageကို လေးစားစွာcreditပေးပါတယ်။
No comments:
Post a Comment