ပန်းချီမဆွဲတဲ့ သာမန်လူတွေအဖို့ စျေးထဲသွား ပန်းတွေလှတာလောက်ပဲသိမယ်။ အသီးတွေ အရွက်တွေ လှနေတာ
သာမန်လူတွေမသိန်ုင်ဘူး။ ခရမ်းချဉ်သီးလေးတွေ နေရောင်အောက်မှာ နီရဲပီးလှနေတာ ခရမ်းသီးရှည်ရှည်လေးတွေ ချောပြောင်နေတာ သံပရိုသီးလေးတွေဝါဝင်းပီးလှနေတာ သာမန်လူတွေ မမြင်တတ်ဘူး။ ပန်းချီရေးဆွဲတဲ့သူတွေက အဲ့ဒီအလှတွေကိုမြင်တတ်တယ်။
အမဲသားဆိုင်က အမဲသားတုံးကြီးတွေ ချိတ်ထားတာကို ကြည့်ကောင်းနေတယ်လို့ သာမန်လူတွေဘယ်မြင်မှာတုံး။ ပန်းချီဆရာတွေက အဲ့ဒီချိတ်ထားတဲ့ အမဲသားတုံးကြီးကိုတောင်လှတယ်လို့မြင်နေတတ်တာ။
ဒါက စျေးနဲ့ပတ်သက်ပီးပန်းချီဆွဲတဲ့သူက သာမန်လူတွေထက် အလှပတွေကို ပိုပီးမြင်တတ်တာ။
နောက်ထပ်ပြောချင်တာက မိုးကောင်းကင်ကြီးရဲ့အလှကို ပန်းချီဆွဲတဲ့သူတွေက ပိုပြီးမြင်တတ်တာပါ။
သာမန်လူတွေအဖို့ တခါတရံမှသာ မိုးကောင်းကင်ကိုမော့ကြည့်တတ်ကြတာပါ။ မိုးကောင်ကင်ကြီးရဲ့အလှကို သိပ်မမြင်တတ်ပါဘူး။ စိတ်လည်းမဝင်စားကြပါဘူး။ ဆောင်းဉီးပေါက်ညနေ နေမဝင်မှီ မိုးသားထုကြီးနှင့် ပန်းဆီရောင်တိမ်တွေတောက်နေရင်တော့ လူတိုင်းမော့ကြည့်ပီး သိပ်လှတာပဲလို့ပြောကြလိမ့်မယ်။ မိုးဉီးနေ့လည် ကောင်းကင်ပြာကြီးထဲမှာတိမ်ဖြူဖြူလေးတွေ အဆုပ်လိုက်အဆုပ်လိုက် လွှင့်မြောနေတာကိုမြင်ရင် လှလိုက်တာလို့ ပြောတဲ့သူ တချို့တော့ရှိပါလိမ့်မယ်။ ခဏတဖြုတ်ပဲ ကြည့်မိပါလိမ့်မယ်။
ပန်းချီဆရာတွေကတော့ အဲ့ဒီတိမ်ဖြူဖြူလေးတွေနဲ့ ကောင်းကင်ပြာကြီးကို တနေကုန်ထိုင်ကြည့်နေတတ်ကြတယ်။ သာမန်လူတွေထက် ပန်းချီဆွဲတဲ့သူတွေက ပိုပြီးမြင်တတ် ခံစားတတ်ကြတယ်။ ကောင်းကင်ကြီးတခုလုံး နေပူနေရာက မိုးရွာမယ့်တိမ်မည်းမည်းကြီးတွေ ထုနဲ့ထည်နဲ့ တက်လာနေတာကို သာမန်လူတွေအဖို့ အရေးလုပ်ပီး အရသာခံကြည့်နေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပန်းချီဆရာဆရာမတွေက လှလွန်းလို့ စိတ်ဝင်စားလွန်းလို့
မိုးရွာသည်အထိ ထိုင်ကြည့်နေကြတာ။ သူတို့အဖို့ မိုးရွာမယ့်တိမ်မည်းမည်းကြီးတွေကလည်း အင်မတန်ကိုလှနေတာ။ ဒါက မိုးကောင်းကင်ကြီးရဲ့အလှနဲ့ ပတ်သက်တာတချို့ပေါ့။(ဆက်ပါဉီးမည်)
ဆရာဝင်းဖေမြင့်
No comments:
Post a Comment