Pages

ပန်းချီရေးတဲ့သူရဲ့ကမ္ဘာဟာ ပန်းချီမရေးတဲ့သူရဲ့ ကမ္ဘာထက် ပိုလှတယ်(2) ဝင်းဖေမြင့်



လယ်ကွင်းတွေနဲ့ ပတ်သက်တာပြောဉီးမယ်။ လယ်စိုက်ဖို့

မိုးဉီးကျ မြေကြီးကို ထည်ထိုးထွန်ယက်ထားတယ်။ အဲ့ဒီအချိန်မှာ မိုးကလေးခပ်သည်းသည်းတခါလောက် ရွှာချလိုက်...ထွန်ကြောင်းထဲမှာ ရေလေးတွေအိုင်လို့... ရေအိုင်လေးတွေထဲမှာ ကောင်းကင်ပြာနဲ့ မိုးတိမ်လေးတွေက ထင်ဟပ်လို့...ညနေ လိမ္မော်ရောင်နေခြည်ကလည်း ထွန်ကြောင်းလေးတွေအပေါ်ဖြတ်ကျလို့...သိပ်လှတဲ့မြင်ကွင်း...ပန်းချီရေးတဲ့သူတွေမှ ဒီမြင်ကွင်းကိုလှမှန်းသိတာ။ ကောက်စိုက်ပီး လယ်သူမတွေနဲ့ ကောက်ပင်တွေနဲ့

ပျိုးထုံးတွေနဲ့ သိပ်လှနေတဲ့မြင်ကွင်း... သာမန်လူတချို့ကတော့ လှသားပဲလို့ ထင်မိကောင်းထင်မိလိမ့်မယ်။ အကြာကြီး အရသာခံမကြည့်ကြပါဘူး။ ပန်းချီဆရာ ဆရာမတွေကတော့ အဲ့ဒီအလှကို နာရီပေါင်းများစွာကြာအောင်

ထိုင်ကြည့်ပီး အရသာခံနေကြတာ။ 

                 မပီးသေးဘူး လယ်ကွင်းနဲ့ပတ်သက်လို့။ ကောက်ပင်တွေ ကြီးလာပီး လယ်တောတခုလုံး စိမ်းစိုနေတာကိုမြင်ရရင် လူတိုင်း လှသားပဲလို့ ပြောကောင်းပြောလိမ့်မယ်။ ကောက်နှံတွေထွက်လို့ စပါးတွေမှည့်ပီး ဝါဝင်းနေတဲ့မြင်ကွင်းကြီးကိုမြင်ရရင် လှတယ်ဟေ့လို့ တချက်လောက်ကြည့်ပီး ပြောကြပါလိမ့်မယ်။ အဲ့ဒီစပါးတွေကို ရိတ်သိမ်းလိုက်လို့ ရိုးပြတ်တွေချည်းပဲ ကျန်ခဲ့တဲ့မြင်ကွင်းကို လှတယ်လို့ ဘယ်သူမြင်နိုင်သလဲ။ မြင်တတ်သလဲ။

ရိုးပြတ်တွေသာရှိနေတဲ့လယ်ကွင်းကို ပန်းချီဆွဲတဲ့သူကလွှဲလို့ ဘယ်သူမှလှတယ်လို့ မမြင်နိုင်ပါဘူး။ သာမန်လူတွေအဖို့ အဲ့ဒီမြင်ကွင်းကို ဘာမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။

လှတယ်လို့လည်း မထင်နိုင် မမြင်နိုင်ပါဘူး။ ပန်းချီရေးတဲ့သူတွေအတွက် လယ်ကွင်းတွေဟာ အချိန်မရွှေး လှနေကြပါတယ်။ သာမန်သူတွေ မမြင်နိုင်တဲ့အလှတွေကို ပန်းချီဆွဲတဲ့သူတွေက မြင်နိုင်နေတယ်။

                 လက်ဖက်ရည်ဆိုင်ထိုင်... လက်ဖက်ရည်ကော်ဖီသောက်ကြပြီ။ သာမန်လူတွေအတွက် စားပွဲထိုးတဲ့ကောင်မလေးတွေ လှတာလောက်ပဲသိမယ်။ ဘေးနားကစားပွဲမှာ လာထိုင်တဲ့ မိန်းခလေးတွေ လှတာလောက်ပဲကည့်တတ်မယ်။ ပန်းချီဆွဲတဲ့သူကတော့ သောက်ထားတဲ့ကော်ဖီပန်းကန် အကြွင်းကျန်လေးနဲ့ ဇွန်းလေးနဲ့ကို လှတယ်လို့... ကြည့်ကောင်းတယ်လို့ မြင်နေတတ်လား။

တပိုင်းတစကျန်တဲ့ စားထားတဲ့ မုန့်ပန်းကန်လေးကလည်း

လှနေတတ်တာ။ နောက်ပြီး ကိုယ်ထိုင်နေတဲ့ စားပွဲအောက်မှာ ကိုယ်နဲ့အတူထိုင်သောက်နေတဲ့ ကိုယ့်မိတ်ဆွေရဲ့ ချွတ်ထားတဲ့ဖိနပ်ကလေးဟာ ကပိုကရိုနဲ့ နေရောင်လေးလည်း

ဖြတ်ကျနေတယ်ဆိုရင် သူ့အဖို့ ကြည့်ကောင်းနေတာ လှနေတာ... ဘာမှမဟုတ်တဲ့ ဖိနပ်လေးက​လေးတေကိုတောင်မှ လှတယ်လို့ ထင်မြင်နေတတ်တာ ပန်းချီ ဆရာ ဆရာမ တွေပဲ။နေရာတိုင်းမှာ သူတို့အတွက် လှတဲ့အရာတွေ အမြဲရှိနေတတ်တယ်။ ပန်းချီဆွဲတဲ့သူတွေအဖို့ အချိန်တိုင်း နေရာတိုင်းမှာ လှတဲ့အရာတွေကို အမြဲမြင်နေတတ်တယ်။

(ဆက်ပါဦးမည်)


ဆရာဝင်းဖေမြင့်


No comments:

Post a Comment