Pages

ပန်းချီဆွဲတဲ့သူရဲ့ကမ္ဘာဟာ ပန်းချီမဆွဲတဲ့သူရဲ့ ကမ္ဘာထက်ပိုလှတယ်(3)



                ဝင်းဖေမြင့်

  ပိတောက်တွေပွင့်ချိန် ပိတောက်ပန်းတွေဝေနေအောင် တပင်လုံးပွင့်တာ...လူတိုင်းလှမှန်းသိတယ်။ အဲ့ဒီပိတောက်ပွင့်တွေကြွေပီး မြေကြီးပေါ် ပြန့်ကျဲနေတယ်...

ဒါကိုတော့ လူတချို့လှတယ်လို့ ထင်ကောင်းထင်မိလိမ့်မယ်။ပိတောက်ပွင့်တွေကြွေပီး အသီးလေးတွေသီးလာတယ်... အဝိုင်းပြားပြားလေးတွေ... သုံးခုတတွဲ လေးငါးခုတတွဲ အတွဲလိုက်သီးနေကြတာ... သေသေချာချာကြည့်မှမြင်နိုင်တယ်။ သာမန်လူ​တွေ မကြည့်ဘူး မမြင်ဘူး လှမှန်းလည်းမသိဘူး... ပန်းချီရေးတဲ့သူတွေက လှမှန်းသိတယ်။

ကြည့်နေရုံနဲ့အားမရလို့ ခူးပီးပန်းချီဆွဲ​​ကြသေးတယ်။

             ပျဉ်းမပန်းတွေပွင့်ရင်လည်း လှမှန်း လူတိုင်းသိတယ်။ လူတိုင်း ပျဉ်းမပန်းတွေလှတာသိတယ်။ ဒါပေမယ့်

ပျဉ်းမပွင့်တွေကြွေပီး ပျဉ်းမသီးလေးတွေသီးလာတော့ ပန်းချီဆရာကလွှဲလို့ ဘယ်သူမှ သတိမထားမိကြဘူး။

လှမှန်းလည်းမသိကြဘူး။ လှတယ်လို့လည်းထင်မှာမဟုတ်ဘူး။ပန်းချီဆရာတွေအဖို့ ပျဉ်းမသီးလေးတွေဟာ အင်မတန်ကိုလှနေတယ်။ ကောင်းကင်ပြာကြီးနောက်ခံနဲ့ဆန်းကျယ်စွာလှနေကြတာ...ပန်းချီမဆွဲတဲ့သူတွေ ဘယ်သိမှာလဲ။ 

             ပန်းချီဆွဲတဲ့သူတွေအဖို့ ပန်းတောက်သီး ပျဉ်းမသီးလေးတွေတောင်လှနေတယ်ဆိုတာ သိထားလိုက်ကြပါ

          အခါအခွင့်သင့်လို့ တောထဲတောင်ထဲက ချောင်းလေးတွေနားရောက်ရင် ချောင်းစပ်မှာကျောက်တုံးကျောက်ခဲလေးတွေ တွေ့ရတတ်တယ်။ ကျောက်စရစ်ခဲလေးတွေက လှတယ်။ကျောက်စရစ်ခဲလှလှလေးတွေကို လိုက်ကောက်ကြတယ်... အလှကြည့်ကြတယ်...လူတိုင်းလှမှန်းသိတယ်...ဒါပေမယ့် ကြည့်ပီးရင် ပစ်ချထားခဲ့တာပဲ။ ​ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ပန်းချီဆရာ ဆရာမတွေကတော့ အိမ်အထိယူလာတယ်။အိမ်ကတနေရာရာမှာ အဲ့ဒီကျောက်စရစ်ခဲလေးတွေကို ပစ်ချထားမယ်...လှလွန်းလို့...အခါအားလျော်စွာ ကောက်ကြည့်မယ်...တချို့လည်း သူ့ရဲ့စားပွဲပေါ်မှာတင်ထားမယ်...ကျောက်ခဲလေးတွေကို အမြဲအလှကြည့်နေတတ်တယ်...စိတ်ကူးရရင် အဲ့ဒီကျောက်စရစ်ခဲလှလှလေးတွေကို ပန်းချီကားထဲမှာ ထည့်ဆွဲတတ်ကြတယ်။ သာမန်လူတွေက ကျောက်စရစ်ခဲလေးတွေရဲ့အလှကို ခဏသာ ကြည့်ရှုခံစားတတ်ကြပေမယ့်ပန်းချီဆွဲတဲ့သူတွေကတော့ အချိန်အကြာကြီး ကြည့်ရှုခံစားနေတတ်ကြတယ်။ သူတို့က မျက်မြင်လောကထဲက အလှအပတွေကို အမြဲရှာကြည့်ပြီး visual pleasureကို ရယူနေကြတာ...သူတို့ရဲ့အချိန်တော်တော်များများဟာ အလှအပတွေကို ရှာဖွေကြည့်ရှုယင်း ကြည်နူးနေကြတာ။

                         ဒီတော့ ပန်းချီဆွဲတဲ့သူတွေရဲ့ ကမ္ဘာကြီးဟာ သာမန်လူတွေရဲ့ကမ္ဘာထက် ပိုပြီးလှနေတာပေါ့။

အဲ့ဒါကို လက်ခံလိုက်ပါ။

                               ဝင်းဖေမြင့် ၂၀၂၁


ဆရာဝင်းဖေမြင့်

No comments:

Post a Comment