Pages

မုဆိုး


မိုးထဲ ၊ လေထဲ

ဓာတ်ကြိုးမှာ ငှက်ကလေး နားနေတယ်။


အဖော်ကွဲနေတဲ့ ငှက်ကလေးလား

အသံလေး မြည်သံက

စိုးထိတ်နေတယ်။


လွယ်အိပ်ထဲကို နှိုက်လိုက်တယ်

လောက်လေးဂွနဲ့ လေးသီးကို ကိုင်ပြီး

ငှက်ကလေးဆီကို ချိန်လိုက်တယ်။


ပြီးတော့ သရေကြိုးကို တင်းအောင်ဆွဲဲပြီး

မိုးပေါ် ထောင်ပစ်လိုက်တယ်

ငှက်ကလေးကို မထိပေမယ့် လန့်ပျံသွားတယ်။


ပြီးတော့လေးဂွပါ လွှစ်ပစ်လိုက်ပါတယ်

အကုသိုလ် ကင်းခဲ့တယ်။


ဒီ တစ်ခါ ငှက်ကလေး ဓာတ်ကြိုးမှာ လာနားခဲ့ရင်

အောက်ကို ငုံ့ကြည့်ပါ

ခြံစည်းရိုးပေါ်မှာ ထမင်းခြောက်ကလေးတွေ

တင်ထားတယ်။


ဆန်စျေး ကြီးတာတွေ

မစဉ်းစားပါနဲ့

ဆင်းစားပါ...။


ဆောင်းတစ်ရာမင်း

၆.၉.၂၀၂၂

အလှတရားမလေး


အလှတရားမလေးရေ
ဆွတ်ပျံ့ဖွယ် ဂီတတွေနဲ့ ထာဝရ ပျော်ရွှင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး
တခါတလေမှာ
ဝမ်းနည်း ကြေကွဲ ရအုံးမယ်.....။

အလှတရားမလေးရဲ့
စကားသံတွေက ထာဝရ ချိုသာနေဖို့ ဆိုတာ
မဖြစ်နိုင်ဘူး
တခါတလေမှာ
အော်ဟစ် ကြိမ်းမောင်းနေအုံးမယ်။

အလှတရားမလေးရဲ့
အလှအပတွေဟာ ထာဝရ လှပနေဖို့ဆိုတာ
မဖြစ်နိုင်ဘူး
တစ်ခုသော အချိန်မှာ
ရင့်ရော် အိုမင်းရအုံးမယ်။

ဒါပေမယ့်
အလှတရားမလေးရဲ့
စေတနာအလှ မေတ္တာအလှ တွေဟာ
ထာဝရ လှပနေလိမ့်မယ်။

ဆောင်းတစ်ရာမင်း
၁.၉.၂၀၂၂