Pages

အယိုင်

 အယိုင် အနွဲ့ဆိုတာ

အပျော့ အမာ သဘော

သူက တင်းရင် ကိုယ်က လျော့

ကိုယ့်ဘက်က လျော့ပေး အဲ့ဒီလို ဆို

ကျိုးပဲ့ခြင်း ပရိပက္ခတွေ မရှိတော့ဘူး


လေယူရာ ယိမ်းတဲ့ အုန်းပင်တွေ အနေချောင်တယ်

ထန်းပင်တွေက မာကျောတော့ ကျိုးပဲ့ကုန်တာပေါ့

မုန်တိုင်းတွေ ထန်ပေမယ့်

ထန်းပင်တွေ မျိုးတော့ မတုန်းပါဘူး

ကျိုးပဲ့တတ်တဲ့ သဘောကိုပဲ ပြောတာပါ


တစ်ခါတလေ ကိုယ်ဘက်က ယိုင်ပေးတာလဲ

ကိုယ် လဲကျမသွားပါဘူး

ကိုယ့် မာနဆိုတာ အမြဲတမ်း တိုက်ချွတ်ထားရမယ့်

အရာမှ မဟုတ်တာ မာနတွေ တပြောင်ပြောင်ဆိုရင်

အကျည်းတန်နေပါလိမ့်မယ်။


ကျွန်တော့်ကို အထင်သေးပါစေ

အပြစ်ပြောပါစေ၊ လွတ်လပ်စွာ အမြင်မကြည်လင်ပါစေ ကျွန်တော် ယိုင်ပေးပါ့မယ် ယိုင်တယ်ဆိုတာ ကြမ်းတမ်းစွာ တန်ပြန် ပြုမှုပြောဆိုတာမျိုးကို မလုပ်တာကို ပြောတာပါ။



ကိုယ်ဝါသနာပါရာ ကိုယ်စားဝတ်နေရေးအလုပ်တွေ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်တွေ အမြဲတိုးတက်နေဖို့ ကြိုးစားနရတဲ့ အတွက် ကျွန်တော့်မှာ မာနကို တိုက်ချွတ် ဆေးကြော ‌ဖို့

အချိန်မရှိ လက်ခမောင်းခတ် စိန်ခေါ်ဖို့ အချိန်မရှိပါဘူး။


ကျွန်တော့်ရဲ့ အဖိုးတန်အချိန်တွေ ထိခိုက်သွားမှာ စိုးလို့ ခဏ ခဏ မကြာမကြာ ယိုင်ပေးပါ့မယ်။


ကျွန်တော်က ပြန်လည် ရန်တွေ့ဖို့ထက် ကိုယ့်အရည်အသွေးကိုယ်တိုးတက်ဖို့ ပဲ ကြိုးစားရမယ်။


ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဟာ

တပါးသူကို မတိုက်ခိုက်တတ်ပါဘူး။


ဆောင်းတစ်ရာမင်း

4.8.2021



မင်ခြစ်

ကျော်


အောင်မော် ရုပ်ပြထဲမှ ကူး ရေး

ပန်းချီဆရာနှင့် အလှတရား


 ပန်းချီဆရာနှင့် အလှတရား


ပန်းချီဆရာသည် အလှတရားကို နှစ်သက်ကြောင်း လူတိုင်းသိသည်။ သို့သော်...ပန်းချီဆရာသည်ပင်လျှင် အလှတရားဆိုသည့် ပြသနာကို ပြေလည်အောင် မဖြေရှင်းပေးနိူင်ပေ။


ပန်းချီဆရာတစ်ယောက်အားအလှတရားဆိုသည်မှာ ဘာလဲ ဟုမေးလျှင် တိတိကျကျပြောနိူင်လိမ့်မည် မဟုတ် ။


ပန်းချီဆရာများ သည်သာလျှင် အလှတရားကို လေ့လာကြသည်မဟုတ်။


အတွေးအခေါ် ပညာရှင်များသည်ပင် အလှတရားကို လေ့လာကြသည်။ ထိုသူများလေ့လာကြသည့် Aesthetics ( အက်စ်သက်တစ်စ်) ခေါ် အလှတရားလေ့လာသည့်ပညာ (သို့မဟုတ်) အမြင်ပညာသည် အလွန်လေးနက်လှ၏။ကျွန်တော်သည် သူတို့လေ့လာသောအလှတရားအကြောင်းကို မပြောလိုပေ။ရိုးရိုးရှင်းရှင်းနှင့်လှသည့်အကြောင်းများကိုသာပင် ပြောချင်၏။

မြင်လို့ကြိုက်ရင်လှ၏။သည်လိုပင် ကျွန်တော်တွေးခဲ့၏။နှင်းဆီပွင့်တစ်ပွင့်လှသလို ဖားတစ်ကောင်၌လည်း သူ၏ ပင်ကိုယ်အလှရှိ၏။ကြည့်နိုင်မှ လှ၏။ကြည့်တတ်ဖို့သာလျှင်အဓိက။အဲသည်တော့ အရာရာတိုင်းမှာ အလှရှိသည်ဟု ယူဆနိုင်ဖွယ်ရာရှိ၏။သို့သော်လည်း... အရာရာတိုင်းမှာ အလှရှိပေ

လိမ့်မည် မဟုတ်။လှတာရှိရင်တော့ မလှတာရှိမှာ အမှန်ပင်။အရာရာတိုင်း၌ အလှကိုယ်စီရှိကြသည်ဟူသော ကဗျာများကိုလည်း ကြားဖူးပါ၏။

အလှဆိုသည့်တရားကို မျက်စိနှင့်နားက အများဆုံးအာရုံခံစားကြ၏။ပန်းချီကားတစ်ကား တေးတစ်ပုဒ်။

       တေးတစ်ပုဒ်၏ အလှသည် တေးသွားအလိုက်၊သီချင်းစာသား၊တူရိယာ၏အသံနှင့် တေးသံရှင်၏ အသံတို့ပေါ်တွင် မူတည်လိမ့်မည်။ သို့သော် ထိုအကြောင်းကို ကျွန်တော်ပြောချင်သည်မဟုတ်။ကျွန်တော်ပြောချင်သည့်အရာကား ပန်းချီအမြင်။မျက်စိ။ ( တနည်း ) စက္ခုအာရုံ။


Vission (ဗစ်ရှင်း) ခေါ် စက္ခုအာရုံ၏ အမြင်အကြောင်းကို ကျွန်တော် လေ့လာခဲ့ဖူးသည်။ မြင်လို့သိရ၍ ခံစားရခြင်းသည် မြင်ရသူအပေါ်၌လည်း တည်၏။ အမြင်ခံရသည့်အရာဝတ္တုပေါ်၌လည်း တည်၏။ ထိုသူနှင့် ထိုအရာ၏ နှစ်ဦးအကြား ဖြစ်ပွားသည့် သဘောတရားတစ်ခုဟု ကျွန်တော်တွေးမိ၏။

 

     ဒါတွေခဏထားပါဦး။


     ကြီးကြီးကျယ်ကျယ် ပြောရလျှင် ကျွန်တော်တို့ ဘာတွေမြင်သလဲ၊ရှင်းရှင်းပြောရလျှင် ကျွန်တော်တို့သည် သဏ္ဍန်ကိုမြင်ပါသည်ဟု ပြောရမည်။


  ပုံသဏ္ဍာန် ကကော ဘာတွေနဲ့တည်ဆောက်ထားသလဲ၊ ပန်းချီပညာကိုလေ့လာဖူးသူတိုင်းက ပြောလိမ့်မည်။

    လိုင်း၊ ကာလာ၊ ရှိတ် စသည့်အရာများ။ ဒါတွေဟာ အရာရာတိုင်း၌ ရှိသည်။အကြီး၊ အသေး၊ အနု ၊ အရင့် ၊ အချော ၊ အကြမ်းစသည့် အရည်အချင်းများသည် မျက်စိနှင့်မြင်နိုင်သောအရာများဖြစ်သည်။ ထိုအရာအားလုံး၏ ပြေပြစ်မှုနှင့် အမြင်အာရုံအားကျေနပ်စေမှုသည် အလှတရားကိုဖန်တီးနိုင်စေသည်ဟု ကျွန်တော်ယူဆသည်။


ဤသို့ အလှတရားကို ရှုပ်ရှုပ်ထွေးထွေး ရှင်းပြနေခြင်း၏ အကြောင်းသည်ပင်လျှင် အလှတရား၏ နက်နဲပုံကို ပေါ်လွင်စေသည်။ 


ဥပမာ - မျက်နှာတစ်ခု


မျက်နှာတစ်ခု၌ ပါဝင်သည့်မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ်၊ မေးစေ့၊ ပါးပြင်၊ နဖူးပြင်၊ နားရွက်၊ ဆံပင် စသည်တို့၏ ပြေပြစ်မှုသည် ထိုမျက်နှာ၏ အလှကိုပေါ်လွင်စေ၏။ ထို အရာတို့၏ တစ်ခုချင်း လှသည်က တစ်မျိုး... အားလုံးစုပေါင်းမှ လှသည်ကတစ်မျိုး ၊ အားလုံးလှ​ခြင်းသည့် အကြောင်းအရာနှစ်ခုပေါ်တွင် မူတည်သည်။တစ်ခုနှင့်တစ်ခု ပြေပြစ်မှု။ တစ်ခုနှင့် အားလုံးတို့၏ ပြေပြစ်မှု၊ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုပြေပြစ်ရန်လွယ်ကူ၏။ တစ်ခုနှင့် အားလုံး၏ ဆက်စပ်မှုပြေပြစ်ရန်ကား မလွယ်ကူပေ။ဒါကြောင့် လူတွေပြောလေ့ ရှိတယ်။ အားလုံးတော့ လှပါတယ်။ ပါးစပ်ကလေးပဲ ဖျက်နေတယ်။... ဒါဟာ ပါးစပ်နဲ့တခြားအရာအားလုံး ပြေပြစ်မှုမရှလို့သာပင်ဖြစ်မယ်။ထိုပါးစပ် တစ်ခုတည်းမှာ အလှရှိကောင်းရှိမယ်။အဲ့သည်တော့ လှတာ မလှတာဟာ အကြည့်ပေါ်မှာမူတည်တယ်။ကြည့်တတ်ရင်လှမှာပဲ၊ ကြည့်တတ်အောင်ကလည်းပျိုးယူရတယ်။မွေးယူရတယ်။ လူတိုင်းအလှတရား၏ အရသာကိုခံစားနိုင်တယ်လို့ ပြောပေမယ့်လူပိန်းကတော့ အလှတရား၏ ရသကို အပြည့်အဝခံစားနိုင်လိမ့်မည်မဟုတ်။ အလှတရား၏ ရသကို အပြည့်အဝ ခံစားချင်ရင် မိမိ၏ အမြင် ပညာတို့ကို ပြုစုပျိုးထောင်းရမယ်။ဒါကြောင့်... ကဗျာဆရာက အလှဆိုတာ ကြည့်သူအပေါ်မှာရှိတယ်လို့ပြောခဲ့တာဖြစ်မှာပဲ။


အဲဒီတော့ ပန်းချီဆရာအကြောင်းပဲ ပြန်သွားကြစို့။


ပန်းချီဆရာသည် မြင်တတ်အောင်၊ ကြည့်တတ်အောင် ပြုစုပျိုးထောင်သည့် ပြုစုပျိုးထောင်ရသည့် လူတစ်ယောက်ဖြစ်၏။

ပန်းချီပညာတွင်ပုံဆွဲခြင်းအတတ်သည်အဓိက မဟုတ် ၊ ကြည့်တတ်ခြင်းသည်သာလျှင် အဓိက။


သို့သော်...လူအများက ပုံဆွဲပညာသာလျှင် ပန်းချီပသာဟု ထင်မှတ်နေကြ၏။ ဒါမဟုတ်သေး။ စိတ်နှင့်တွေးပီးရုပ်လုံးဖော်ရသည့် ပန်းချီကားတစ်ချပ်ကို 

ကြည့်သော လူတစ်ယောက်သည် ပန်းချီရေးဆွဲထားသည့် ပန်းချီရုပ်လုံးအပေါ်၌သာလျှင် အာရုံမထားပဲ ထိုရုပ်လုံးဖြစ်ပေါ်လာစေသည့် စိတ်နှင့်အတွေးထိမြင်တတ်ရန်လိုအပ်ပေသည်။ ထိုစိတ်နှင့်အတွေးအထိစူးစမ်းမရှာဖွေတတ်လျှင် ထိုပန်းချီကားသည် ထိုလူ့အတွက် အနုပညာရသကို အပြည့်အဝခံစားနိုင်သော ပန်းချီကားဖြစ်လိမ့်မည် မဟုတ်ပေ။ ပန်းချီကားတစ်ကား အနုပညာပြောင်မြောက်နိုင်စေရန် ကြည့်သူ၏ အမြင်တန်ခိုးပေါ်တွင် အများကြီးမူတည်နေပေလိမ့်မည်။လူပိန်းပြောသည့် ပန်းချီမျက်စိရှိသည်၊ မရှိသည်ဟူသည့်အကြောင်းအရာသည် ဤကိစ္စပင်ဖြစ်၏။ အဖြစ်အပျက် တစ်ခုကိုတင်ပြချင်သည်။


ကျွန်တော့ညီ ဆရာဝန်ဒေါက်တာခင်မောင်လင်းသည် တစ်နေ့ ကျွန်တော့ထံသို့ရောက်လာသည်။ကျွန်တော်ရေးဆွဲထားသည့် ကျွန်တော့်၏ မိခင်ပုံကို သေသေချာချာ ကြည့်၍ ကျွန်တော့်အား မေးသည်။

       " ဒါ... အမေ့ပုံလား "

       " အေး... ဟုတ်တယ် "

        " ဟင်... တူလညမတူဘူး "

         " မတူဘူးဆိုရင် မင်းက ဘာလို့အမေ့ပုံလို့မေးရတာလဲ "


သူ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ချေ။ ကျွန်တော်ကတော့ အများကြီးပြောချင်ခဲ့သည်။ ဒါပေမယ့် သူနားမလည်။သူ မလေ့လာခဲ့သောပညာတစ်ခု အကြောင်းကိုကျွန်တော်ပြောရန်စိတ်မရှည်ခဲ့။

အကြောင်းမှာ သူသည် ပန်းချီပုံသည် တူသည်မတူဘူးဆိုသည့် အစွဲအလမ်းရှိနေသည်ဖြစ်သဖြင့်ကျွန်တော်သူ့ကို ရှင်းပြရန် ဝန်လေးခဲ့သည်။ကျွန်တော်ရှင်းပြလျှင်လည်း သူပိုမို၍ ရှုပ်ထွေးသွားပေလိမ့်မည်။ ယခု... ကျွန်တော်ဤစာရေးနေသည်ပင်လျှင် ရှင်းနေခြင်းဖြစ်၏။သို့သော်စာဖတ်သူအတွက်ရှင်းလင်းရမည့်အစား ပိုမိုရှုပ်ထွေးလာနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆသည်။ဒါပေမယ့် မတတ်နိုင်ပါ။

        ဤအကြောင်းအရာများသည် လက်တွေ့၊ခံစားတွေ့၊ ထိ ၊ သိမှသာလျှင် သဘောပေါက်နိုင်လေမည်လားလို့ ကြိုးစား၍တင်ပြပါသည်။

      မှတ်မိသေးသည်။ ၁၉၅၆ ခု ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းအဖုံး ဗဂျီအောင်စိုး ရေးဆွဲခဲ့သည်ဟု ထင်သည်။ ကံ့ကော်ပန်းပွင့်၊ ပွင့်ချပ်ကလေးများ အဖုံးတစ်ခုလုံးအပြည့် ၊အဖြူရောင်နှင့်အဝါဝတ်မှုန် ကျိုးတိုးကျဲတဲ ၊ရှင်းရှင်းနှင့်ရိုးရိုးဖြစ်သည်။ မဂ္ဂဇင်းအတွင်း၌ အယ်ဒီတာ၏ မျက်နှာဖုံး အကြောင်း စာတိုလေးတစ်ခုမှာ အဘယ့်ကြောင့် ဤကဲ့သို့ ရိုးရိုးရှင်းရှင်းအဖုံးကို ပြုစုထားရသည်ဆိုသည့်အကြောင်းပါသည်။

   ' ရိုးသားခြင်းသည် အဖိုးမဖြတ်နိုင်သော အမြူတေတည်း ' Simplicity is beauty ဆိုသော ဆောင်ပုဒ်ကို ကျွန်

တော်သတိရမိသည်။


ခင်မောင်ရင်

ဇူလိုင် ၊ ၁၉၉၇

ပန်းချီရေးနည်း

https://m.facebook.com/story.php?story_fbid=1538208516363454&id=105940386256948

ကုစားခြင်း

 ဆိုင်ကယ် ဘယ်လောက်ထိ မောင်းနှင်နိုင်မလဲ

ခရီး ဘယ်လောက် ရောက်နိုင်မလဲ ဆိုတာ

အထဲမှာ ဆီ ဘယ်လောက်ရှိလဲလို့ 

မေးကြတယ် 

လူတွေက သိပ် နှိုင်းယှဉ်ကြ အကဲဖြတ်ကျ

သိပ် ပြိုင်ဆိုင်ကြတာပဲ


လူတစ်ယောက် ဘယ်လောက် အသုံးဝင်လဲ

ဘယ်လောက် ထက်မြက်လဲ ဆိုတာ သိချင်လို့

ဘာရာထူးလဲ ဘာဘွဲ့ရလဲ

မေးကြတယ်

ကျွန်တော် ဘာဘွဲ့မှ မရပါဘူး

အောက်ခြေဝန်ထမ်း တစ်ယောက်‌ဆိုတော့

အိုး ကျွတ်ကျွတ် မင်းက အာပလာ လေးပါကွာတဲ့


ထား

ထားပါ

ကျွန်တော် လူရာဝင်ချင်တယ်

အထီးကြီးတာ ခံချင်တယ်

အကောင်းပြောတာ အရေးပေးတာ ခံချင်တယ်


ဒါတွေဟာ ကိုယ့်အတွက် အစစ်အမှန်တွေ 

မဟုတ်ပါဘူး ဒါတွေမရလို့လဲ

ဘာမဖြစ်ပါဘူး


ကိုယ့်ဘဝကိုယ်ကို ဂုဏ်သိက္ခာရှိရှိ

ရပ်တည်နိုင်ဖို့ ကျွန်တော် ကြိုးစားမယ်

ကျွန်တော့် ဘဝကို ဘယ်လို ပြန်ကယ်တင်ရမလဲ


ကျွန်တော် မူးယစ်ဆေးဝါးမသုံးဘူး

မိန်းမ မရှုပ်ဘူး

လောင်းကစား မလုပ်ဘူး

အတတ်ပညာတစ်ခုခုကို သင်ယူမယ် တတ်ကျွမ်းအောင်လုပ်မယ်

မိဘကို လုပ်ကျွေးမယ်


ဒါဆို ကျွန်တော်က တခြားသူတွေအတွက်

အရေးမပါပေမယ့်

ကိုယ့်အတွက် ကိုယ့်မိသားစုအတွက်တော့

အရေးပါလာလိမ့်မယ်


လူကောင်းလေး ဖြစ်လာလိမ့်မယ် ဒါပါပဲ

ကျွန်တော့် ဘဝအတွက်

ကျွန်တော် ပြန်လည်ကုစားခြင်းပါ။


ဆောင်းတစ်ရာမင်း

3.8.2021

ဒွေး


 

အသုံးမကျသူ

 လူတွေဟာ အသုံးမကျသူတစ်ယောက်အဖြစ်

ငါ့ကို သွတ်သွင်းတယ်

ငါ အသုံးမကျမှုကို ပြက်ရယ်ပြုပေမယ့်

ငါ့ကို ကူညီတယ်

အဆင်ပြေမှုအနည်းငယ်ကို သာယာမိတယ်


ငါဟာ အသုံးမကျသူ တစ်ယောက်ဖြစ်တာကို

ဂုဏ်ယူ လာမိတယ်

အသုံးမကျဘူး ဆိုတာ

နာမည်သာ ဆိုးတာ

အရမ်း သာယာတာပဲ

အခန့်မသင့်လို့ ထမင်းငတ်တာကလွဲလို့

ဘာ အပူအပင်မှ မရှိဘူးလေ

အချိန်တန် အိပ် အချိန်တန်စား တွေးချင်ရာတွေး

အချိန်တွေဟာ ကိုယ်မှာ ပေါများလို့နေတယ်


ဒါပေမယ့် ဂါထာ တစ်ခုလို

အလွတ်ကျက်ထားရမယ့် စကားတွေကတော့

ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဟုတ်

ပြည့်စုံနေတဲ့သူတွေ ခေါ်ခိုင်းရင် အဆင်သင့်ရှိနေရမယ်

ညောင်းညာ ကိုက်ခဲနေလဲ

တာဝန်‌ကျေနေရမယ်။


ဒါတွေ ပြီးရင်တော့

အသုံးမကျ သူတစ်ယောက်အဖြစ် စည်းစိမ်လေးနဲ့

တွေးချင်ရာတွေး ငေးချင်ရာငေးပေါ့

ရုန်းထွက်လို့ မရတဲ့

ကြိုးပုခက်ထဲ မျက်လုံးလေးမှိတ်

နားလေး ပိတ်ပြီး

ကျွန်တော် အိပ်လိုက်အုံးမယ်။


ဆောင်းတစ်ရာမင်း

3.8.2021